Jul 25, 2013

ဘုန်းတော်ထင်ရှားသော အိမ်ထောင်ဖြစ်ရန်

ခရစ်ယာန် အိမ်ထောင်များ အပေါ်မူ တည်၍ အသင်းတော် ကြီးထွားခိုင်ခံ့မှုကို ခန့်မှန်း သိရှိနိုင် ပါသည်။ ခရစ်ယာန် အိမ်ထောင် များသည် အသင်းတော်များနှင့် တိုင်းပြည်များ၏ ကျောရိုးပင် ဖြစ်သည်။ အိမ်ထောင်များသည် လူမျိုး တို့၏ ယဉ်ကျေးမှုအစလည်းဖြစ်ပါသည်။
Picture1

ခရစ်ယာန် အိမ်ထောင်ဆိုသည်မှာ မိဘများနှင့် သားသမီးများကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ပေါင်း စည်းထားသော နေရာ တစ်ခုဟုလည်း ပြောနိုင်ပါသည်။ သခင်ယေရှုသည် အိမ်ထောင်၏ ဦးခေါင်းဖြစ်ပြီး နေ့စဉ် ဦးထိပ်ထား တိုင်တည်ကာ ပထမဦးစားပေး နေရာတွင် ထားရမည့်သူ ဖြစ်ပါသည်။ ဆုတောင်းရာ နေရာတစ်ခု လည်းဖြစ်သည်။ ခရစ်ယာန်အိမ်ထောင်သည် ညီညွတ်လျက် လွတ်လပ်မှု အပြည့်အ၀ဖြင့် လှုပ်ရှား လုပ်ကိုင်ရာ နေရာ တစ်ခုလည်း ဖြစ်ပြီး သခင်ယေရှုအား ယုံကြည်ခြင်း အရှိန်အ၀ါ ထွန်းတောက်သော ၀န်းကျင်၏ အလင်းလည်း ဖြစ်ပါသည်။ ၎င်းင်းအပြင် ဧည့်သည်ဝတ် ကျေသော နေရာ၊ ဘုရားကို ချစ်ကြောက် ရိုသေသော နေရာဟူ၍လည်း ပတ်ဝန်းကျင်က အသိအမှတ်ပြုသော နေရာလည်း ဖြစ်ပါသည်။ (ကမ္ဘာ ၁၈း၁၉) တွင် အာဗြဟံသည် စံပြ ခရစ်ယာန် အိမ်ထောင် ကို အစပြု ခဲ့ပါသည်။

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသောဖခင်


ဘုရားသခင်သည် ခင်ပွန်းသည်အား အိမ်ထောင်၏ ခေါင်းဆောင်တစ်ဦးအဖြစ် စတင် အသိအမှတ်ပြုခဲ့ပါသည် (က ၁၈း၁၉၊ ဧ ၅း၂၃)။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်း ဖြစ်တော်မူ သကဲ့သို့ ယောက်ျားသည် ဇနီးသည် အပေါ် အုပ်ထိန်းခွင့် ရှိပါသည်။ ဤ အစီအစဉ်သည် ဘုရားသခင် ကိုယ်တော်တိုင်က ချမှတ်ပေးခဲ့သော အစီအစဉ် ဖြစ်၍ ဤကဲ့သို့ လိုက်နာရန် ပျက်ကွက်သော အိမ်ထောင်များ၌ ငြိမ်သက်ခြင်း မရှိရုံမျှမက အိမ်ထောင် ပြိုကွဲသည် အထိပင် ဆိုးကျိုးများ သက်ရောက် နိုင်ပါသည်။ ဤကဲ့သို့ အုပ်စိုးမှုကို ၀န်ခံခြင်းဆိုရာ တွင် ဇနီးသည်သည် ခင်ပွန်း သည်အား ကျွန်တစ်ဦးကဲ့သို့ ၀န်ခံခြင်း မဟုတ်ဘဲ လုပ်ဖေါ် ဆောင်ဖက်အနေဖြင့် သဘောထားရန် ဖြစ်သည်။ ခရစ်ယာန် အိမ်ထောင်တိုင်းသည် ချစ်ခြင်း မေတ္တာအပေါ် မူတည်၍ တည်ဆောက် ထားရမည်။ အိမ်ကို လက်ဖြင့် တည်ဆောက်ပြီး အိမ်ထောင်ကို မေတ္တာဖြင့် တည်ဆောက်ရမည် ဟု အလွန်ဆီလျော်သော စကားတစ်ခုကို သတိပြု မိပါသည်။ (၁ကော ၁၃) ပါအတိုင်း ကျင့် ကြံ၍ အသက်ရှင် လှုပ်ရှားသော အိမ်ထောင် များဖြစ်ရန် အရေးကြီး ပါသည်။ (၁ရာ ၁း၈၊ ကမ္ဘာ ၃၁း၎-၇၊ လု ၁၄း၂၆၊ ယောဘ ၁း၅)။

ဘုရားသခင်ကို ချစ်သောမိခင်


မြင့်မြတ် အောင်မြင်သော ခေါင်းဆောင် ကြီးများ၏ နောက်ကွယ်၌ အထောက်အကူ ပြုနေသော ဇနီး သို့မဟုတ် မိခင်ကြီးများ အစဉ် ရှိနေတတ် ပါသည်။ အိမ်ရှင်မ (ဇနီးသည်) ၏ ဦးစားပေး တာဝန်မှာ ခရစ်တော်ကို ချစ်ရန် ဖြစ် သည် (လု ၁၄း၂၆၊ မ ၂၂း၃၇)။ ဒုတိယ တာဝန်မှာ ခင်ပွန်း သည်ကို နာခံရန်ဖြစ်သည်(ဧ၅း၂၂)။ အာဗြဟံ၏ ဇနီး စာရာသည် မိမိ ခင်ပွန်းအား သခင်အနေဖြင့် နာခံပါသည် (၁ပေ ၃း၆)။ မြန်မာ ယဉ်ကျေးမှုတွင် လည်း  သားကို သခင်၊ လင်ကို ဘုရား ဟူ၍ပင် တင်စားအလေးထားကြပါ သည်။

    ဇနီးသည် တို့သည် (တိတု၂း၎-၅၊ ၁တိ ၂း၉-၁၀) ကဲ့သို့ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒစောင့် ခြင်းအားဖြင့် လျောက်ပတ်သော အ၀တ်နှင့် လည်းကောင်း၊ ဘုရားသခင်ကို ရိုသေ လေးမြတ်ခြင်းကို ၀န်ခံသော မိန်းမတို့ အဆင် သင့်သည့် အတိုင်း ကိုယ်ကို တန်ဆာဆင်ခြင်းငှာ အလိုတော် ရှိပါသည်။

ဤကျမ်းစာအတိုင်း အသက်ရှင် လိုက်လျှောက်သော အမျိုးသမီးများ ယခုခေတ်တွင် ရှားပါးနေသည်ကို အလွန်ဝမ်း နည်းစွာ တွေ့နေ ရပါသည်။ ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ခံယူနိုင်ရန် ညွှန်းထားသော နှုတ်ကပတ် တော်များကို လိုက်နာ စေလိုပါသည် (သု ၃၁း၁၀-၂၈)။

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော သား သမီးများ


    ဘုရားသခင်ပေးသော ပြည်တော် တွင် အသက်တာရှည်၍ ကောင်းစားလိုပါက သင်တို့သည် မိဘကို ရိုသေစွာပြုရမည် (ထွက် ၂၀း၁၂)။ ကျမ်းစာထဲတွင် ဣဇက်သည် စံပြ သားဖြစ်ခဲ့သည်။ ရှမွေလသည် မိဘစကားကို နားထောင်သော သားတစ်ဦးအနေဖြင့် စံပြ ဖြစ်ခဲ့သည်။ သခင်ယေရှုသည်လည်း ကလေး ဘ၀တွင် မိဘစကားကို နာခံခြင်းဖြင့် နေထိုင် ခဲ့သည်(လု ၂း၅၁)။ ရှင်ပေါလုကလည်း ပြည် တော်၌ကောင်းစား၍ အသက်တာရှည်ရန် မိ ဘစကားကို ဘုရားသခင်၏ အလိုတော်နှင့် အညီ နားထောင်၍ ရိုသေရမည်ဟု လမ်းညွှန် ခဲ့ပါသည်(ဧ ၆း၁၃)။

သားသမီး တို့သည် ဘုရားသခင်၏ စကား၊ မိဘတို့၏ စကားကို နားထောင်၍ တူညီသော ထမ်းပိုးများကို ထမ်းလျက် ယုံကြည်သော မျိုးဆက်သစ်များကို ပေါက်ဖွားစေကာ ကမ္ဘာကြီးအား မင်္ဂလာရှိစေရန် ဘုရားသခင် အလိုတော် ရှိကြောင်း သိမှတ်လျက် ဆက်လက် ၍ ဘုရားပေး တာဝန်ကို ဦးလည် မသုန် ထမ်းဆောင်နိုင်ပါသည်။

အထက်ပါ သုံးပွင့်ဆိုင် ဖခင်၊ မိခင်၊ သားသမီးတို့သည် ဘုရားစကားကို နားထောင်ကာ အိမ်ထောင်တွင် ဘုရား သခင်အား ၀တ် ပြုကိုးကွယ်၍ စကားတော်ကို နားထောင်ကြ မည်ဆိုပါက အောင်မြင် ခိုင်ခံ့ စည်းလုံးသော အိမ် ထောင်များ ဖြစ်ရုံမက အသင်းတော်၊ သာသနာနှင့် တိုင်းပြည်အတွက် အားကိုး အားထားရာ ကျောရိုးသဖွယ် ဖြစ်လာပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အိမ်ထောင်များ ဖြစ်လာမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

မိမိအား ဘုရားသခင် ထားသော နေရာတွင် ဘုရားသခင်၏ စကားတော်ကို ဥဿုံ နာခံခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ကို ထင်ရှားစေနိုင်သော အိမ်ထောင်များ ဖြစ် ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးနေပါသည်။

ဘုရားသခင်ကောင်းကြီးပေးပါစေ။

နာမတော်မြတ်၌

ဦးမင်းလွင်

Jul 22, 2013

ဘုရားသခင် ကောင်းမြတ်သည်


ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသောသူ တို့ကို သိမှတ်တော်မူ၏။ (နာဟုံ ၁း၇)


ဤကျမ်းပိုဒ်ကလေးသည် ဘုရားသခင် အကြောင်းကို များစွာ ပြောပြနေပါသည်။ ထိုကျမ်းပိုဒ်ကလေးသည် ကျွန်တော်တို့၏ နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်စေပါသည်။
ဘုရားသခင်ကို ချစ်သော သာသနာပြုဆရာ တစ်ဦး ဖြစ်သူ အေလင် ဂါဒီနာသည် အမှုတော်မြတ်ကို ဆောင် ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် အခြား ခက်ခဲမှုများ ကြုံတွေ့နေရသည်။ သို့သော်လည်း သူက ပြန်လည်တုန့်ပြန်ခဲ့သည်မှာ “ဘုရားသခင်က ခွန်အားပေးထားတဲ့အချိန်မှာ ကျဆုံးခြင်းတွေက မိမိကို တုန်လှုပ် အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါ” ဟု ၁၉၅၁ ခုနှစ် အသက် (၅၇) အရွယ်တွင် ပြောကြားခဲ့ပါသည်။ သူသည် ရောဂါဝေဒနာများနှင့် အတူ အစာငတ်မွတ်ခေါင်းပါးမှု ခံစားရပြီး တောင်အမေရိကတိုက်၏ တောင်ဘက်စွန်တွင် ရှိသော ပစ်တွန်ကျွန်တွင် သေဆုံးသွားခဲ့ပါသည်။ အထက်ပါ ရေးသားချက်ကို သူစာလောင်မွတ်သိတ်ခြင်း၊ ရေငတ်ခြင်း၊ နာကျင်ခြင်း၊ အထီးကျန်ဖြစ်ခြင်းတို့ ခံစားရချိန်တွင် ရေးသားထားခဲ့ဟန် ရှိသည်။ သူ၏ သေဆုံးနေသော ရုပ်ခန္ဓာကို တွေ့ရချိန်တွင် သူ့အနားတွင် သူရေးသားထားသော ဒိုင်ယာယီ စာအုပ်လေးတစ်အုပ်ကိုလည်း တွေရှိရသည်။ နောက်ဆုံး ရေးသားချက်သည် သူ၏ လက်ချောင်းလေးများ အနည်းငယ်သာ လှုပ်ရှားနိုင်ချိန်တွင် ရေးသားထားခဲ့ဟန် ရှိပါသည်။ ရေးသားထားသည့် အရာမှာ “ဘုရားသခင်၏ ကောင်းမြတ် ခြင်းက ငါ့ကို လွမ်းမိုးအနိုင်ယူလျက် ရှိပါသည်။” ဟူ၍ ဖြစ်ပါသည်။

၁။ ဘုရားသခင် ကောင်းမြတ်သည်။


က။    ကောင်းကင်မြေကြီးထက်မက ဘုရားသခင်၏ ဂရုဏာတော်က ကျွန်တော်တို့ကို လွှမ်းမိုးလျက် ရှိပါ သည်။ သူ၏ ကောင်းမြတ်သောသဘောနှင့် ဂရုဏာတော်သည် ကျွန်တော်တို့အပေါ်တွင် ရှိနေပါသည်။
ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။  (ဆာလံ ၁၀၃း၈)

ခ။      ကျွန်တော်တို့အပေါ်တွင် ကောင်းမြတ်ခြင်းများ အပ်နှင်းလျက် ရှိပါ၏။ ထိုအရာများကို ဆန်းစစ် ရေတွက်ကြည့်လျှင်

  1. ကယ်တင်ခြင်းနှင် ဆုကျေးဇူးများ

  2. လွတ်လပ်သော နိုင်ငံတော်တွင် နေခွင့်ရသော ကောင်းကြီး

  3. အသင်းတော်၏ အစိတ်အပိုင်း ဖြစ်ရသော ကောင်းကြီး

  4. လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ရှိသော ကောင်းကြီး

  5. ……………..အစရှိသဖြင့်

ဂ။      ဘုရားသခင်၏ ကောင်းမြတ်ခြင်း နှင့် အမှုတော်ထဲတွင် ပါဝင်သက်သေခံခြင်း၊ အမှုတော်မြတ်တွင် လုပ်ဆောင်ခြင်း အမှုအရာများတွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို သံသယ ရှိလာရန် စာတန်သည် အစဉ်ကြိုးစားလျက် ရှိပါသည်။
ဃ။    ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ချီးမွမ်းလျက်ရှိသော ကျွန်တော်တို့၏ အချိန်နာရီများကို ရပ်တန့် သွားစေရန် ကြိုးစား အားထုပ်လျက် ရှိသည်။

၂။       ဒုက္ခရောက်သောအချိန်များတွင် ဘုရားသခင်သည် ကျွန်တော်တို့၏ ခွန်အားဖြစ်သည်။


က။    ယောသပ်က ဘုရားသခင်ပေးထားတဲ့ ရူပါရုံကြောင့် ဘယ်လောက် ဒုက္ခရောက်ရောက် ခွန်အားနဲ့ ပြည့်ဝ နေခဲ့တယ်။
ခ။      မောရှေဟာ အမှုတော်မြတ်မှာ ခက်ခဲပေမဲ့ ဘုရားသခင်ကြောင့် ခွန်အားရှိနေခဲ့တယ်။
ဂ။      ဂိဒေါင်ဟာ အားနည်းပေမဲ့ ဘုရားသခင်ကြောင့် အားကြီးသော အချင်းသူရဲ ဖြစ်ခွင့်ရတယ်။

အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။ (ဟေဗြဲ ၁၃း၅)

၃။       ဘုရားသခင်သည် ကျွန်တော်တို့ကို သိသောဘုရား ဖြစ်သည်။


က။    ဘုရားသခင်သည် ကျွန်တော်တို့၏ အားနည်းချက်များကို သိပြီးသော ဘုရားဖြစ်သည်။
ခ။      ဘုရားသခင်သည် ကျွန်တော်တို့တွင် ရှိသော ခွန်အားများကို သိရှိသလို မည်ကဲ့သို့ အသုံးပြုရမည်ကို သိသော ဘုရားဖြစ်သည်။

ဘုရားသခင်သည် သင်နှင့် ပတ်သတ်လျှင် အစဉ် အမှတ်တရ ဖြစ်နေမည့်သူ ဖြစ်သည်။ သင်ပြောသမျှ စကားတိုင်း၊ ဆုတောင်းချက်တိုင်းကို အချိန်တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်းတွင် နားထောင်နေချင်သူ ဖြစ်သည်။ သူသည် စကြဝဠာကြီး တစ်ခုလုံးတွင် နေထိုင်နိုင်သော်လည်း သင်၏ နှလုံးသားထဲတွင် အစဉ် နေထိုင်လိုသူ ဖြစ်ပါသည်။ ထိုကောင်းမြတ်သော ဘုရားသခင်ကို ကျွန်တော်တို့၏ နှလုံးသား ဗိမ္မာန်တော်ကြီးထဲတွင် ကျွန်တော်တို့ အသက်ရှင်သန်နေသ၍ ခေါ်ပင့်ကာ ကျွန်တော်တို့၏ အသက်တာထဲမှ ထာဝရ ကိုးကွယ်ရာ အဖြစ် အသိအမှတ်ပြုကာ ကိုးစား ခိုလှုံကြပါစို့။
ဘုရားသခင် ကောင်းကြီးပေးပါစေ။
နာမတော်မြတ်၌
မင်းလွင်

Jul 14, 2013

မီးပြတိုက်

ယနေ့ ကမ္ဘာ့ သတင်းကို နားထောင် ကြည့်မည်ဆို ပါက ကမ္ဘာ တစ်ဝှမ်းတွင် လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ စစ်ပွဲများ၊ လူကုန် ကူးမှု၊ မူးယစ် ဆေးဝါး ပြဿနာ၊ စီးပွားရေး ကျဆင်းမှု၊ ဒုစရိုက် ရာဇဝတ် ထူပြောမှု၊ လင်မယား ကွာရှင်းမှု၊ ရင် သွေးငယ် စွန့်ပစ်မှု၊ သဘာဝ ကပ်ဘေးနှင့် ရောဂါ ဆိုးကြီးများ စသည့် အနိဋ္ဌာန်ရုံ သတင်းများက လွမ်းမိုး နေရာ ယူထားသည်ကို တွေ့ရမည် ဖြစ်သည်။ လူသားတို့ အတွက် မျှော်လင့်ချက်မှာ ယဲ့ယဲ့ ကလေး သာရှိပြီး ခိုကိုးရာ မဲ့နေသလို ခံစား နေကြ သည်။

ထိုသို့သောအခြေအနေမျိုးတွင် ဘုရား သခင်သည်လူသားများကို ဂရုမစိုက်တော့ပြီ လော။ လူသားများကို လျစ်လျူရှုနေပြီလော။ ဘုရားရှင်သည် လူသားများအား ဆင်းရဲ ဒုက္ခနှင့်ဆိုး သွမ်းမိုက်မဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း ဟူသောမေးခွန်းမှာ ဒွိဟဖြစ်စရာပေါ်လာပါသည်။

ဆရာကြီး ဘွန်ကီက ယာဉ်ထိန်းရဲများ အားမေးခွန်း တစ်ခုမေး ခဲ့ပါသည်။ အဘယ့်ကြောင့် ယာဉ်ထိန်းရဲ များသည် ယာဉ်တိုက်မှုကို ခွင့်ပြုထား ရသနည်းဟုမေးသောအခါ ယာဉ်ထိန်း ရဲများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအ ကျထုတ်ပြန် ထားပြီသားဖြစ်သည်။ အဆိုပါစည်း ကမ်းများကို လိုက်နာလျှင် မတော် တဆယာဉ်တိုက် မှုများဖြစ်ပွားမည်မဟုတ်ပါ။ အဆိုပါ စည်းကမ်းကို မလိုက်နာဘဲ၊ မဆင်မခြင်နမော်နမဲ့ကျူး လွန် ဖေါက်ဖျက်ပါက ယာဉ်တိုက်မှုဖြစ်ပွားပြီး မလို လား အပ်သောဆိုးကျိုး ပြဿနာများ၊ အနိဋ္ဌာန်ရုံများကို ကြုံရမည်ဖြစ်သည်ဟု ရှင်းပြပါသည်။

ထိုနည်းတူ ဘုရားရှင်သည် လူသားများ လိုက်နာရန်စည်းကမ်းပညတ်များကို ကြိုတင်ပြ ဋ္ဌာန်းပေးထားပြီးဖြစ်သည်။ ၎င်းမှာ နှုတ်ကပတ် တော်တည်းဟူသော သမ္မာကျမ်းစာ ပင်ဖြစ်သည်။ ယနေ့ ကမ္ဘာ့ လူသားများ ဆိုးသွမ်း မိုက်မဲပြီး ဆင်းရဲ ဒုက္ခနှင့် အနိဋ္ဌာရုံများ ကြုံတွေ့နေ ရခြင်းမှာ ဧဒင်ဥ ယျာဉ်မှစ၍ ယနေ့ထိတိုင် လူသားတို့သည် နှုတ် ကပတ်တော် ကို ကျောခိုင်းကာ မှားယွင်း သောရွေး ချယ်အသက်ရှင် မှုကြောင့်ပင်ဖြစ်သည်။

သို့ရာတွင် ဘုရားသခင်သည် လူသားများ ကို မျက်နှာလွှဲ စွန့်ပစ် ထားခြင်းမရှိပေ။ ထာဝရဘုရားနှင့် သဏ္ဌာန်တူ ဖန်ဆင်းခြင်း ခံရသောလူသား များသည် တန်ဖိုးကြီး လှပါသည်။ ဆားဗီးယားတို့ ၏ ပစ်ချခြင်း ခံရသော အမေရိကန် လေတပ်ဗိုလ်ကြီး စတော့အိုဂရက်သည် တောထဲ၌ ခြောက်ရက်ကြာ ပုန်းအောင်း နေရာမှ သူ့အား ကယ်တင်ရန် စစ်ဆင် ရေးတွင် အမေရိကန် စစ်တပ်က အသုံးပြုခဲ့သော လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းကုန်ကျစရိတ် မှာ ဒေါ်လာ သန်းခြောက်ထောင် ရှိကြောင်း သိရ သည်။ စတော့အို ဂရက်ဒီ သည် ဒေါ်လာသန်း ခြောက်ထောင်တန်သည်ဟု ဆိုနိုင်ပါသည်။ ခရစ်တော်က လူတစ်ဦး၏တန်ဖိုးသည် စကြဝဠာထက် မက တန်ဖိုးရှိပြီး အလေးအနက် ထားကြောင်း သွန် သင်ခဲ့သည်(မဿဲ ၂၆း၁၆)။ ထို့ကြောင့် ခရစ် တော်သည် လူသားများ ပြည့်စုံ ကြွယ်ဝသောအ သက်တာရရှိနိုင်ရန်အတွက် အပြစ်ငရဲမှ ရွေးနုတ် ကယ်တင် ပေးခဲ့ပါသည်။

အမှန်စင်စစ် ဘုရားသခင်သည် လူတစ် ဦးစီ၏ဆံပင်ကို အကုန်အစင်ရေတွက်လျက်ရှိပါ သည်။ လူတစ်ဦးစီ၏ထွက်သက်ဝင်သက်သည် ဘုရားသခင်၏ လက်တော်ထဲ တွင် ပါရှိပါ သည်။ ဘုရားသခင် အခွင့် မပေးလျှင် စာငှက် တစ်ကောင် မျှ မြေပေါ်မကျနိုင်ပါ။ ကပ်ကမ္ဘာ ကုန်သည့် တိုင် အောင် ယုံကြည်သူများနှင့်အတူ ရှိနေမည် ဖြစ် ကြောင်း ကတိပေး ထားပါသည်။

တစ်နေ့တွင် ထမင်းချက်နေစဉ် မီးပျက်သွား သည်။ မီးပြန်မလာသဖြင့် ထမင်းမှာမနူးမနပ်ဖြစ် ပြီး စား၍မရတော့ပါ။ မီးသွေးမွှေးပြီး ပြန်ချက်ရပါ သည်။ ယနေ့ ယုံကြည်သူ အသီးသီးသည် အသက် နှင့်အလင်းတည်းဟူသော နှုတ်ကပတ်တော်နှင့် မပြတ်ဆက်သွယ်ရန် လိုပါသည်။ အလင်းပေး သောနှုတ်ကပတ်တော်အားဖြင့်သာ မိမိအသက် တာကို ဘေးကင်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ် သည်။ အသက်တည်းဟူသောနှုတ်ကပတ်တော် အားဖြင့်သာ အန္တရာယ်အပေါင်းကို အောင်မြင် ကျော်လွှားနိုင် မည်ဖြစ်သည်(ဆာလံ ၁၁၉း၁ဝ၅၊ သု ၁း၃၃)။ နှုတ်ကပတ်တော်ကိုမလိုက်နာဘဲ ကျောခိုင်းအသက်ရှင်ပါက မီးပျက်သွားစဉ်က ထမင်းပေါင်းအိုးထဲမှ ထမင်းကဲ့သို့ စားရန် မကောင်း တော့ဘဲ ပျက်စီးခြင်းအားအခြေအနေမျိုးနှင့် ရင် ဆိုင်ရမည်ဖြစ်သည်။ အစ္စရေးနိုင်ငံမှအငံဓါတ် ကင်းမဲ့သောဆားခဲများကို လမ်းခင်း ကျောက်များ အဖြင့်သာ အသုံးပြုခြင်းခံရသည်။

ငါနှင့်ကွာလျှင် သင်တို့သည် အဘယ် အမှုကိုမျှ မတတ်နိုင်ကြ(ယော ၁၅း၅)။ လူသား တစ်ဦးစီ၏အစဉ်းလဲဆုံးအရာမှာ စိတ်နှလုံးပင် ဖြစ်သည်။ ကမ္ဘာ့လူသားများ ဆိုးသွမ်း မိုက်မဲနေရ ခြင်းမှာ စိတ်နှလုံးကြောင့်ပင်ဖြစ်သည်။ လူသား တစ်ဦးစီ၏စိတ်နှလုံးကို ထိန်းချုပ်ပဲ့ပြင်လမ်းပြရန် ဝိညာဉ်သည် နှုတ်ကပတ်တော်နှင့်ပြည့်ရမည်။ တစ်နည်း အားဖြင့် ကိုယ်ခန္ဓာရှင်သန်ရန်အတွက် အစားအစာမှီဝဲနေရသလို ဝိညာဉ်ရှင်သန်နိုးကြား ရန်အတွက် နှုတ်ကပတ်တော်ကို မှီဝဲရမည်။ အမေရိကန် သမ္မတဟောင်း အာဗြဟံလင်းကွန်း က သမ္မာကျမ်းစာမရှိလျှင် အမှားအမှန်ကိုသိနိုင်မည် မဟုတ်၊ လူကိုပေးသနားတော်မူသောဘုရား သခင်၏ကျေးဇူးတော်ထဲက အကောင်းဆုံး၊ အ မွန်မြတ်ဆုံးအရာမှာ နှုတ်ကပတ်တော်ဖြစ် ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်ဟု ဆိုခဲ့ပါသည်။

စာရေးဆရာကြီး ဝီလျံရှိတ်စပီးယားက စာတန်နတ်ဆိုးပင်လျှင် သူ၏ရည်ရွယ်ချက်အ တွက် ကျမ်းစာတော်မြတ်ကိုရွတ်ပြနိုင်ခဲ့သည်ဟု ဆိုခဲ့သည်။ ယေရှုစုံစမ်းခံခဲ့ရစဉ်က စာတန်ကို နှုတ်ကပတ်တော် လက်နက်အားဖြင့်သာ ကိုင်စွဲ အနိုင်ယူခဲ့သည်မှာ ဆင်ခြင်စရာပင်ဖြစ်သည်။ ယုံကြည်သူတို့၏ စိတ်နှလုံးထဲတွင် နှုတ်ကပတ် တော်မရှိပါက၊ နှုတ်ကပတ် တော်အတိုင်း အသက် မရှင်ပါက စာတန်ပစ်ခတ်သောမီးစက်လက်နက် အောက်တွင် မရှုမလှအရေးနိမ့်မည်ဖြစ်သည်။ စာ တန်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ် သူအား မျိုရမည်ကို လှည့်လည်ရှာဖွေလျက်နေပါ သည်(၁ပေ ၅း၈ဝ)။

ယနေ့ ယုံကြည်သူများသည် နှုတ်က ပတ်တော်ဖတ်ရှုရန် အချိန်မပေးနိုင်ကြ။ စာတန် က ယုံကြည်သူတို့၏စိတ်နှလုံးနှင့်အချိန်ကို ခိုးယူ နေ၏။ အမျိုးသမီးများက ကိုးရီးယား ဇာတ်လမ်း တွဲတွင် မျောပါနေကြသည်။ အမျိုးသားများက ညသန်းခေါင်ကျော်သော ဘောလုံးပွဲများကို အချိန် ပေးနိုင်သလောက် ကျမ်းစာ ဖတ်ရန်အချိန် မပေး နိုင်ကြ။ လူငယ်များက ကျမ်းစာဖတ်ရန်ထက် ဂျာ နယ်၊ ဝတ္ထု၊ ဇာတ်လမ်းတွဲများကိုသာ နှစ်ခြိုက်စွဲ လမ်းနေကြသည်။ စာတန်သည် ယုံကြည်သူများ ဘုရားရှင်နှင့် မိတ်သဟာယ ဖွဲ့ရန်ထက် အခြား သောကိစ္စများ၌သာ အချိန်ကုန်နေစေသည်။ နှုတ်ကပတ်တော်ဝေငှသူများသည်လည်း အ သက်တာပြောင်းလဲစေသောနှုတ်ကပတ်တော် ထက် အသင်းသားများ အကြိုက် ပုံပြင်နှင့် ဟာသ များကိုသာအသား ပေးဝေငှကြသည်။ သန့်ရှင်း သောဝိညာဉ်တော်တန်ခိုးမပါရှိသဖြင့် အသင်း သားများနှလုံးသားများ ပြောင်းလဲမှု မရှိဘဲ မပူ မအေး နွေးနေကြသည်။

လူသားများသည် ဤလောက၏ဧည့် သည်များပင်ဖြစ်သည်။ နိုင်ငံခြားခရီးသွားများ သည် ခရီးသွားမည်ဆိုပါက ဧည့်လမ်းညွှန်၊ လမ်း ပြသူတို့ လိုအပ်ပါသည်။ လောက ဧည့်သည် ဖြစ် သောယုံကြည် သူများသည်လည်း ဧည့်လမ်းညွှန့် (သို့)လမ်းပြသူဖြစ်သည့်နှုတ်ကပတ်တော်အား ဖြင့်သာ မိမိ အသက်တာ ပန်းတိုင်ကိုရောက် ရှိနိုင်ပါ သည်။

ဘုရားသခင်သည် အာဒံနှင့်ဧဝမှစ၍ လူသားများ အတွက် ထားရှိသော ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခြင်းနှင့် ဘုရားရှင် ၏နှုတ်ကပတ်တော်ကို နာခံ လိုက်လျှောက်ရန် ဖြစ် သည်။ နတ်ဆိုးများ သည်ပင်လျှင် ဘုရားရှင်ကို ယုံကြည်သော်လည်း နာခံ လိုက်လျှောက်ခြင်းမရှိ ပေ(ယာ ၂း၁၉)။ ခရစ်တော် တည်းဟူသောနှုတ်က ပတ်တော်ကို ယုံကြည်နာခံမှသာ ပြည့်စြုံ<ွကယ်ဝ သောအက်တာကိုရရှိမည်ဖြစ်သည်။ နှုတ်ကပတ် တော်ကို နေ့ညမပြတ်ဖတ်ရှုပြီး နာခံလိုက်လျှောက် မှသာ အောင်မြင်သော အသက်တာကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။

Jul 6, 2013

ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်

အဒေါနိယာမ် ဂျက်ဆင်ကို ၁၇၈၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် မော်လ်ဒန်းမြို့တွင် မိခင် အဘိဂဲလနှင့် ဖခင် အဒေါနိယာန် ဂျက်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ထိုမြို့နယ်လေးတွင် အမှုတော်ဆောင် သင်းအုပ်ဆရာဖြစ်သော ဖခင်၏ သွေးတွေ သူ၏ အသွေးအသားထဲတွင် ဆက်လက် စီးဆင်းသွားမည်ဟူ၍ မည်သူကမျှ ကြိုတင်တွေးထားခဲ့ခြင်း မရှိပေ။
ငယ်ရွယ်စဉ်ကပင် ညဏ်ပညာထက်မြက်သော ဂျက်ဆင်သည် ၁၈၀၄ ခုနှစ်တွင် ဘရောင်း တက္ကသိုလ်တွင် ပညာသင်ကြား အောင်မြင်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ၁၈၀၇ ခုနှစ်တွင် အခြေခံ အင်္ဂလိပ် သဒ္ဒါစာအုပ် တစ်အုပ်နှင့် နှင့် အမျိုးသမီးငယ်တို့၏ သင်္ချာစသည့် ပြဌာန်းစာအုပ် (၂) အုပ်ကို ဖြည့်စွတ်ဖြည့်စည်း ခဲ့လေသည်။

တတ်ကြွပြီး ထက်မြက်သော လူငယ် တစ်ယောက် ဖြစ်သည်နှင့် အညီ ထိုကာလက ပြင်သစ်ဘာသာရေး ဖောက်ပြန်မှု၊ လွဲမှားသော အတွေး အခေါ်အချို့၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး လွတ်လပ်စွာ တွေးခေါ်ပြီး ဘုရားမဲ့ ဝါဒီကို သဘောကျ လက်ခံခဲ့လေသည်။ ထိုဝါဒကို လက်ကိုင်းပြုရင်း လူငယ်သဘာဝ စွန့်စားမှု ဖွင့်ရန် အမေရိကန် နယူယောက်မြို့ကို ခရီးပြုခဲ့ပါသည်။ ဆန္ဒနောက်ကိုလိုက်ကာ ဘ၀ စွန့်စားစိန်ခေါ်မှုများကို ရှာဖွေပြီးတဲ့ အချိန်ကာလ တစ်ခုမှာတော့ အိမ်ကို ပြန်ဘို့ ခြေဦးလှည့်ခဲ့ရာ မြို့တစ်မြို့ရဲ့ တည်းခိုခန်း တစ်ခုတွင် ဘုရားရှင်၏ အလင်းပေးမှုကြောင့် နောင်တရ ပြောင်းလဲလာသူမှာလည်း အဒေါနိယာန် ဂျက်ဆင်ပင် ဖြစ်လေတော့သည်။

ထိုတည်းခိုးခန်းငယ်ကလေးတွင် တစ်ညလုံး ဝေဒနာနှင့် ငြီးတွားနေခဲ့သူဟာ သူနဲ့ ဘုရားမဲ့ ဝါဒီကို အတူယုံကြည်ခဲ့သော သူငယ်ခြင်း ဂျက်ကော့အင်း ဖြစ်လေတော့သည်။ ထိုသူသည် တစ်ညလုံး ကယ်ပါ ယူပါ တစ်စာစာ အော်ဟစ်နေခဲ့လေသည်။ တစ်ဖက်ခန်းမှ ဂျက်ဆင်သည်လည်း ထိုသူ၏ အော်သံကြောင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ နောက်တစ်နေ့တွင် ထိုအော်ဟစ်နေသူမှာ သေဆုံးသွားပြီးဟု သတင်းကြား ပြီးနောက် လူတွေသေရင် ဘယ်ကို ရောက်မှာလဲ ဆိုသော အတွေး လင်းလက်လာခဲ့ပြီး ဘုရားသခင်ထံသို့ လှည့်ပြန် လာခဲ့ လေတော့သည်။

၁၈၀၈ ခုနှစ်တွင် ပလိုင်းမောက်မြို့တွင် ရှိသော အင်ဒိုဗာ ကျမ်းစာကျောင်းတွင် တတ်ရောက် ပညာ သင်ကြား ခဲ့ပါသည်။ ဆုံးဖြတ်ချက် တူညီသော မိတ်ဆွေ အချို့နှင့် အတူ ကောက်ရိုးပုံကြီးအနားတွင် ဆုတောင်း ဆက်ကပ် အသက်တာကို အပ်နှံအပြီးတွင် သူတို့အားလုံး အမှုတော်မြတ်အတွက် အသက်ရှင် ခဲ့ကြပါသည်။

၁၈၁၂ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် စိတ်တူကိုယ်တူ၊ ဘုရားချစ်သူ၊ စွန့်စားလိုသူ၊ အန်းဟက်ဆယ်တိုင်း နှင့် လက်ထက် ထိမ်းမြား ခဲ့လေသည်။ နောက်တစ်ရက် ဖြစ်သော ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် သိက္ခာလက်တင် ဘိသိတ်မင်္ဂလာကို ခံယူခဲ့ပါသည်။ နောက်ထပ် (၂) ပတ်အကြာ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကရာဗာန် သဘောင်္ကြီးနှင့်အတူ ရွက်လွှင့်ခဲ့ပြီး ယခုအခါ နှစ် (၂၀၀) ပြည့်တော့မည့် သာသနာပြု သမိုင်း ခရီးစဉ်ကြီးကို အစပြုခဲ့ပါ တော့သည်။

၁၈၁၂ ခုနှစ်နှစ် ဇွန်လ (၁၇) ရက်နေ့တွင် ကာလကတားမြို့သို့ ရောက်ရှိလာပါတော့သည်။ ငါးလခန့် ကြာမြင့်သော ထိုခရီးစဉ်အတွင်း သမ္မာ ကျမ်းစာကို လေ့လာနေခဲ့ပြီး နှစ်ခြင်းအဖြစ် ပြောင်းလဲ ခံယူခဲ့ပါသည်။ ၁၈၁၂ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် ဇနီးမောင်နှံ (၂) ဦးစလုံးသည် ကလာကတားမြို့ လာဆေး သုဓမ္မာဇရပ်တွင် ဆရာကြီး ဝီလျံဝု အားဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ပါသည်။ မကြာမီ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်ပ္ပဏီ အာဏာပိုင်တို့၏ အကြပ်ကိုင်မှုကြောင့် ဆရာကြီး ယုဒဿန်တို့ ဇနီးမောင်နှံသည် ကလကတားမြို့မှ ထွက်ခွာခဲ့ရပါတော့သည်။

အခြားသို့ ထွက်ခွာရန် ကြံစည်ခဲ့သောလည်း သဘောင်္ဆိပ်တွင် တစ်စီးတည်းသာ ရှိပြီး မြန်မာနိုင်ငံသို့ ထွက်ခွာတော့မည့် သဘောင်္ပေါ်တွင် တက်ရောက်လာကာ ဤအရာမှာ ဘုရားရှင်၏ အကြံအစည်တော် တစ်ခုသာ ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံခဲ့ကြလေတော့သည်။ ၁၈၀၁၃ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့တွင် မြန်မာပြည်၏ ဆိပ်ကမ်းဖြစ်သော ရန်ကုန်မြို့သို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့ကြသော်လည်း ပင်လယ် ခရီးစဉ် အတွင်း ကြမ်းတမ်းသော သဘာဝ ဘေးအန္တရာယ်များကြောင့် ပထမဆုံးသော သူတို့၏ ရင်သွေးငယ်လေးမှာ ပျက်ကျ ဆုံးရှုံးခဲ့ရလေသည်။ ဤသည်မှာ ယုဒဿန်တို့ ဇနီးမောင်နှံတို့ ဆက်လက်ပေးဆက်ရမည့် အရာများစွာထဲမှ ပထမဦးဆုံး ပေးဆပ်မှုပင် ဖြစ်လေတော့သည်။

ညဏ်ပညာ ထက်မြက်သည့် ယုဒဿန်သည် လက်တင်၊ ဂရိနှင့် ဟေဗြဲဘာသာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက် ထားသော်လည်း အနောက်တိုင်း ဘာသာ စကားနှင့် လုံးဝ ဆန့်ကျင် ကွဲပြားသည့် မြန်မာ စကားနှင့် မြန်မာ စာပေကို တစ်နေ့လျှင် (၁၂) နာရီခန့် အချိန်ယူကာ (၃) နှစ်ကျော် ကြိုးစား အားထုပ် အပတ် တကုတ် သင်ယူခဲ့ပါသည်။

ဇနီးသည် ဖြစ်သော မမ ယုဒဿန်မှာမူကား အိမ်ရှင်မ ပီပီ ဈေးဝယ်ထွက်ခြင်း၊ အခြား အမျိုးသမီးများနှင့် ထိတွေ့ ဆက်ဆံနိုင်ခြင်းတို့ကြောင့် မြန်မာ စကားကို ပို၍ပင် ကျွမ်းကျင် တတ်မြောက် လာလေတော့သည်။ ဤသို့ဖြင့် လက်ကမ်း ဝေစာများကို ကျိုးစား ရေးသားခဲ့ပြီး “ ကောင်းကင် လမ်းပြစာ” ဆိုသော ကျမ်းငယ် ကလေးကို ပုံနိုပ် ထုပ်ဝေနိုင်ရန် ကြိုးစား အားထုပ်ခဲ့လေတော့သည်။

 ဤသို့ဖြင့် ၁၉၁၆ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော နှစ်ခြင်း အသင်းတော်ကို ဆရာ ယုဒဿန် ဇနီး အန်း ဟက်ဆယ်တိုင်း၊ ဆရာ ဟောက်ခ်ျ တို့ ဇနီးမောင်နှံ တို့သည် တည်ထောင် ခဲ့ကြလေ သည်။ ထို့အတူ မြန်မာ သဒ္ဒါကျမ်း ပြုစုခြင်းနှင့် ရှင်မဿဲ ခရစ်ဝင် ကျမ်းကို ဘာသာပြန်ခြင်း လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ရင်း ၁၈၁၇ ခုနှစ် ဇူလိုင်လတွင် အောင်မြင်စွာ လုပ်ဆောင် ပြီးစီးခဲ့လေတော့သည်။

ထိုမှ တစ်ဆင့်တက်ကာ ၁၈၁၈ ခုနှစ် အတွင်းတွင် ဇရပ် တစ်ဆောင်ဆောက်လုပ်ကာ သတင်းကောင်း ဟောပြောခြင်း အမှုကို လုပ်ဆောင်ခဲ့လေ တော့သည်။ ပထမဦးဆုံး လူထုအများနှင့် သတင်းကောင်း ဝေငှခြင်းကို ၁၈၁၉ ခုနှစ် ဧပြီလ အတွင်းတွင် လုပ်ဆောင်နိုင်ခဲ့ပြီး  လူဦးရေ (၁၅) ယောက် တက်ရောက် ခဲ့ကြပါသည်။  (၂) လခန့် ကြာလာသောအခါ ဦးနောဆိုသူ မြန်မာအမျိုးသား တစ်ဦးသည် ခရစ်တော်ကို သက်ဝင် ယုံကြည်ပြီး နှစ်ခြင်း မင်္ဂလာကို တောင်းခံခဲ့ရာ ၁၈၁၆ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ဆံတော်ကြိုလမ်းအနီးရှိ လိပ်ပြာကန်တွင် ဦးနောကို နှစ်ခြင်း မင်္ဂလာ ပေးအပ် ခဲ့ကြပါသည်။

၁၈၁၉ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင် ဆရာကြီး မျှော်လင့်ထားသော မြန်မာတိုင်းရင်းသား ပါဝင်သည့် မြန်မာ စကားဖြင့် ဝတ်ပြုသည့် ပထမဆုံး ပွဲတော် မင်္ဂလာကို ကျင်းပ ပြုလုပ်နိုင် ခဲ့သည့်အတွက် ဆရာကြီး ယုဒဿန်သည် အထူးပင် ဝမ်းမြောက်ခဲ့ရလေသည်။ (၁၈၂၀ ခုနှစ် ဇန္နဝါရီလ (၂၀) ရက်နေ့တွင် မြန်မာပြည်၌ လွတ်လပ်စွာ သာသနာ ပြုခွင့်ရရန် ရည်ရွယ်ချက်ဖြင့် ဘကြီးတော် မင်းတရားကြီးထံ ခစားကာ ခွင့်ပန်ခဲ့လေသည်။ သို့သော်လည်း အမိန့်တော် တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်း မရှိခဲ့ပေ။ ခက်ခဲသော အချိန်ကာလ တစ်ခုဖြစ်ခဲ့ပါသည်။ ခရစ်ယာန်ဘာသာကို သက်ဝင် ယုံကြည်မည့် သူများအတွက် အန္တရာယ် ချိန်ခြောက်မှုများ ရှိခဲ့သောကြောင့် ဗြိတိသျှ လက်အောက်ခံ စစ်တစ်ကောင်းမြို့သို့ ပြောင်းရွှေ့ကာ သာသနာပြုရန် စဉ်းစားခဲ့လေသည်။ ၁၈၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ တစ်ခုသော ညနေစောင်းတွင် သာသနာတော်အတွက် တိုင်ပင် ဆွေးနွေး နေခဲ့ရာ ဦးနော၊ ဦးပြား၊ ဦးသာလှတို့ (၃) ဦးက ခက်ခဲသော အချိန် ဖြစ်သော်လည်း ယုံကြည်သူ (၈) ဦး သို့မဟုတ် (၁၀) ဦးခန့် ရှိလာသော အချိန်မှ တစ်ဦးဦးကို ခေါင်းဆောင် ခန့်ထားပြီး ဆရာတို့ သွားလိုရာ သွားစေလိုကြောင်း တောင်းပန် ပြောဆိုခဲ့တာကြောင့် ဆရာကြီးတို့ ဇနီးမောင်နှံဟာ မြန်မာပြည် မှာဘဲ ဆက်ပြီး သာသာနာပြုဘို့ ဆုံးဖြတ်ခဲ့ကြပါတော့သည်။

၁၈၂၃ ခုနှစ်တွင် ယုံကြည်သူ တပည့်တော် (၁၈) ဦးခန့်အထိ ရှိလာခဲ့ပြီး ဓမ္မသစ်ကျမ်း ကိုလည်း မြန်မာ ဘာသာသို့ အောင်မြင်စွာ ပြန်ဆိုနိုင် ခဲ့ပါတော့ သည်။ ၁၈၂၃ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဘုရင်မင်းမြတ်ကြီး၏ သဘောတူ ခွင့်ပြုမှုဖြင့် အင်းဝတွင် သာသနာ ပြုခွင့်ရရှိခဲ့ပြီး အထက် မြန်မာပြည်သို့ ပြောင်းရွေ့ သာသနာ ပြုခဲ့လေတော့သည်။

၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်စစ်ကြောင့် နိုင်ငံခြားသားများကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရာတွင် ဇွန်လ (၂၈) ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ကို ဆရာကြီး ယုဒဿန်လည်း ခံခဲ့ရလေသည်။ အင်းဝထောင်တွင် အကျဉ်းချခံရချိန်တွင် မမ ယုဒဿန်က ကိုယ်ဝန်ကြီးဖြင့် လာရောက် တွေ့ဆုံခဲ့ ပြီး ဆရာကြီး၏ ကျမ်းစာဘာသာပြန် လက်ရေးမူကို ခေါင်းအုံးတွင် ဝှက်ကာ ယူဆောင်လာပေးခဲ့လေသည်။

ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်သော မမယုဒဿန်သည် ၁၈၂၅ ခုနှစ် ဇန္နဝါရီလ (၂၅) ရက်နေ့တွင် သမီးငယ်လေး မာရိယာကို မွေးဖွားခဲ့လေသည်။ အကျဉ်းကျခံပြီး (၁၁) လအကြာ ၁၈၂၅ ခုနှစ် မေလ (၂) ရက်နေ့တွင် အင်းဝလက်မရွံ့ ထောင်မှ အောင်ပင်လယ် လက်မရွံ့ထောင်သို့ (၁၀) မိုင်ခရီးကို  ဖိနပ်မပါ ခြေဗလာဖြင့် ပြောင်းရွေ့ ခေါ်ဆောင်သွားသဖြင့် ခြေဖဝါးတွင် ဒါဏ်ရာဒါဏ်ချက်များဖြင့် သွေးများ ယိုစီးကာ ကျဆင်းလာလေ တော့သည်။ မမ ယုဒဿန်ကလည်း လသား ကလေးငယ်ကလေးကို ရင်မှာပိုက်လျက် မျက်ရည်တို့ဖြင့် ငိုးကြွေးလျက် ဆရာကြီး ယုဒဿန် နောက်သို့ လိုက်ပါခဲ့လေတော့သည်။

ထောင်ထဲမှာ ဖျားနာနေသော ဆရာယုဒဿန်ကို ပြုစုဘို့ ကြိုးစားရင်း သူမကိုယ်တိုင်မှာတော့ အစာအဟာရ ချို့တဲ့ခဲ့ရပြီး သမီးငယ်လေးကို နို့ချို တိုက်ကြွေးဘို့ လုံလောက်တဲ့ အင်အား မရှိတဲ့အတွက် ရွာထဲမှာ ရှိတဲ့ မိခင် အမျိုးသမီး အချို့ကို အကူအညီ တောင်းခဲ့ရခြင်းဟာ အင်မတန် ဆို့နင့် ကြေကွဲဘွယ် ကောင်းလှပါသည်။

ထောင်ပြောင်းရွေ့ချိန်တွင် ထောင်စောင့်များက ခေါင်းအုံး အစုတ်ကြီး ဟုဆိုကာ လွင့်ပစ်လိုက်သဖြင့် ထိုခေါင်းအုံး အစုတ်ကြီးကို ဦးအင်းက တွေ့ကာ သိမ်းဆည်းထားခဲ့သည့်အတွက် နှစ်ပေါင်းများစွာ အပင်ပန်းခံ ဘာသာပြန်ခဲ့သော ကျမ်းစာလက်ရေးမူများ မပျောက်ပျက်ခဲ့ခြင်း ဖြစ်ပါ သည်။

၁၈၂၅ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် အင်္ဂလိပ်မြန်မာ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုရာတွင် ဘာသာပြန်အဖြစ် ဆောင်ရွက်ရန် ထောင်ထဲမှ ခေါ်ထုပ်ခံခဲ့ရသည်။ ထိုသို့ ဘာသာပြန် လုပ်ဆောင်ပေးမှုကြောင့် ရရှိလာသည့် ဒေါ်လာ (၆၀၀၀) ကို မြန်မာနိုင်ငံ၏ ပညာရေး မြှင့်တင်ပေးနိုင်ရန် အတွက် မော်လမြိုင်မြို့တွင် စာသင်ကျောင်းဆောက်လုပ်ရန် လှူဒါန်းလိုက်လေတော့သည်။

၁၈၂၆ ခုနှစ် မက်လ (၆) ရက်တွင် ဆရာကြီး  ယုဒဿန်တို့ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာခွင့် ရရှိခဲ့ချိန်တွင်တွင် သမီးငယ်လေး မာရိယာမှာ (၁) နှစ်ကျော် အရွယ်သို့ ရောက်ရှိခဲ့ပြီး  ဖြစ်သည်။   မမ ယုဒဿန်မှာ ငယ်ရွယ်သော အသက်၊ နုနယ်သော ခန္ဓာကိုယ်ကို ဆန့်ကျင်ကာ ခင်ပွန်းသည် ဆရာကြီး ယုဒဿန် အနားတွင် ပါရမီ ဖြည့်ကာ အမှုတော်မြတ်အတွက် ပေးဆပ်ခဲ့သူ ဖြစ်ပါသည်။ ကျမ်းတမ်းသော လူနေမှု စရိုက်၊ ပြင်းထန်သော ရာသီ ဥတုနှင့် ရင်ဆိုင် ယှဉ်ပြိုင်ကာ သောကနှင့် ခက်ခဲမှုများကို ကြိုးစား တိုက်လှန်ရင်း ဝိညာဉ်အများ ရှင်သန်နိုင်ဘို့ အသက်ကို စွန့်ခဲ့ရသူ တစ်ဦးပါ။  ၁၈၂၆ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကျောက်ဆောင်အမျှ တည်ကြည် ခိုင်မာခဲ့သော စိတ်နှင့် ခန္ဓာကို နှုးညံ့သော သူမ၏ ဝိညာဉ်တော်က  စွန့်ခွာခဲ့ပြီး သခင့်၏ အထံတော်ပါးတွင် မှေးစက် အိပ်ပျော်သွားခဲ့ပါတော့သည်။

အသက်ငယ်ငယ် လူမမယ် သမီးလေး မာရိယာသည်လည်း ပြင်ထန်းလှသော ရာသီဥတုနှင့် ရောဂါဘယများကြောင့် ဝေဒနာ အများနှင့် သခင့်ရင်ခွင် အပါးတွင် ခိုဝင်ခဲ့သည့်အချိန်မှာကား ၁၈၂၇ ခုနှစ် ဧပြီလ (၂၄) ရက်နေ့ပင် ဖြစ်ပါသည်။ သမီငယ်လေး၏ ရုပ်ခန္ဓာကတော့ မိခင်၏ မြေပုံ နံဘေးတွင် လှဲလျောင်း အိပ်စက် သွားခဲ့ပါပြီ။

ဆရာကြီး ယုဒဿန်မှာ ဇနီးသည်နှင့် အတူ သားသမီးများ အားလုံးကို ဆုံးရှုံးခဲ့ရပြီး ဒါဏ်ရာများနှင့် ဝေဒနာသာ သူ၏ ရင်တွင် ပြည့်နှက်စွာ ခံစားခဲ့ရပါသည်။  တနဿင်္ရီဒေသ၏ တောနက်ကြီးထဲမှာ စိတ်ကို အမှောင်ချ၊ အားလုံးကို မေ့ပစ်ဘို့ ကြိုးစားချင် ခဲ့သော်လည်း၊ အမှုတော်မြတ်မှာ ပေးဆပ်ထားပြီးသား သူ့ရဲ့ နှလုံးသားဟာ သေဆုံးမသွားနိုင်ခဲ့ဘဲ အမှုတော်မြတ်အတွက် ဦးလှည့်ကာ ပြန်လာခဲ့ပါတော့သည်။

ကိုယ်စိတ်နှလုံး သုံးပါးကို ပြန်လည် ပြင်ဆင်ခဲ့ရင်း အမှုတော်ဆောင် တစ်ဦး ဖြစ်သူ မစ္စ ဆာရာ နှင့် တစ်ဦးကို တစ်ဦး ပါရမီဖြည့်ရင်း ပိုမို လုပ်ဆောင် နိုင်ဘို့  ၁၈၃၄ ခုနှစ် အသက် (၄၆) နှစ် အရွယ်တွင် ထပ်မံ အိမ်ထောင်ပြု ခဲ့ပါသည်။

ဇနီးမောင်နှံ နှစ်ဦးအတူ လက်တွဲ အမှုတော်ဆောင်ရင်း ၁၈၃၅ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ဓမ္မဟောင်းကျမ်းကို ဘာသာပြန်ဆို ပြီးစီးခဲ့လေ တော့သည်။ ၁၉၃၅ ခုနှစ်မှာပင် ဇနီးသည်၏ ကျန်းမာရေး လိုအပ်ချက်များကြောင့် အမေရိကန်နိုင်ငံသို့ ပြန်လည်ခရီးပြုရင်း လမ်းခရီး တစ်နေရာ စိန့်ဟာရီနာ ကျွန်းအနီးတွင် ဒုတိယ ဇနီးသည်မှာလည်း အသက်ပေးသွားခဲ့ရပြန်ပါသည်။

ချစ်သူရယ် ... စိမ်းလန်းကျွန်းသာ ခွဲခွာရာဖြစ်

ရှေ့ပြည်အရေး .. မျှော်ရည်တွေးကာ

သင်သာ ရှေ့လှမ်း၊ ငါနောက်လှမ်းပြီ

ဘယ်ကမ်းဘယ်မှာ၊ ဇာတာမှိန်မှိန်၊ ပြန်ဆုံချိန်ကို

မမျှော်ရဲပြီ။

ချစ်သူရယ် ... မျက်ရည်ကြွေကျ၊ သဲကြေမွ၍

နှုတ်ဆက်ခွဲခွာ၊ မစွမ်းသာငြား

သွားပါအသင်၊ သခင်ရှိသည်။

ကြေကွဲခြင်းကို အံတုမည်။

ချစ်သူရယ် ... သခင့်ချပ်ဝတ်၊ ကိုယ်မှာ ဝတ်တင်

သတိဆင်လျက်

ဗုဒ္ဓထွန်းရာ၊ ပြည်မြန်မာဝယ်

သခင့်မေတ္တာ လွှမ်းစေသား။

ဇနီးသည်မပါ တစ်ကိုယ်ရေ အိမ်ပြန်လမ်းခရီးဟာ နာကျင် မှုများနဲ့၊ ပြည့်လျှံ ခဲ့ရပါသည်။ မွေးရပ်မြေ အမေရိကန်မှာ ဘုရားသခင်ရဲ့ သတင်းကောင်း တွေကို နေရာ တစ်ချို့မှာ ပြန်လည် ဝေမျှပြီး သူရဲ့ နှလုံးသား မြုတ်နှံ ထားပြီး ဖြစ်သော မြန်မာ ပြည်ကို  ပြန်လည် ထွက်ခွာ ဘို့ ပြင်ဆင် ခဲ့ပါသည်။

အဲဒီအချိန်မှာဘဲ ဆရာယုဒဿန်ရဲ့ အမှုတော်မြတ်မှာ အနစ်နာခံ လုပ်ဆောင်နေမှုကို ပါရမီ ဖြည့်ချင်သော မစ္စ အန်မလီနှင့် ၁၈၄၅ ခုနှစ်တွင် ထပ်မံ အိမ်ထောင်ပြုပြီး မြန်မာပြည်ကို ပြန်လည် ထွက်ခွာလာခဲ့ပါသည်။ ၁၉၄၆ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် မြန်မာပြည်ကို ပြန်လည်ေ၇ာက်ရှိခဲ့ပြီး ဇနီးမောင်နှံ (၂) ဦး အတူလက်တွဲကာ အမှုတော်မြတ်အတွက် ဆက်ကပ်ခဲ့ကြပါသည်။

၁၈၄၉ ခုနှစ်နှစ် ဇန္နဝါရီလ (၂၄) ရက်နေ့တွင် အင်္ဂလိပ်မြန်မာ အဘိဓါန်ကို ရေးသား ပြီးစီးခဲ့ပါသည်။ သမ္မာကျမ်းစာ အဘိဓါန်နှင့် အတူ စာပေ များစွာ ကို ရေးသားခဲ့ပြီး  အမှုတော်မြတ်အတွက် ဝိညာဉ်များစွာကို ကယ်တင် လမ်းပြခဲ့လေသည်။ မောပန်းလှပြီ ဖြစ်သော သူ၏ ဝိညာဉ်ကို သခင့်ထံပါး တွင် ဆုလဒ်များစွာနှင့် အတူ ခိုနားရန်အတွက် ဤတစ်ကြိမ်တွင် ထပ်မံ သိမ်းဆည်းခြင်း ခံရသူမှာ သူကိုယ်တိုင်ပင် ဖြစ်ပါတော့သည်။

အမေရိကန်ကို ပြန်ပြီး ဆေးကုသမှု ခံယူရန် သဘောင်္ဖြင့် ထွက်ခွာလာခဲ့ရာ ၁၈၅၀ ခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် မောပန်းလှပြီ ဖြစ်သော ဝိညာဉ်ကို ဘုရားသခင်က ပြန်လည်ကာ ရုပ်သိမ်းခဲ့လေတော့သည်။

ပထမ ဇနီးသည် အန်းတစ်ယောက် စွန့်ခွာထွက်သွားချိန်တွင် သူအနားမှာ မရှိခဲ့လို့ စိတ်မှာ နာကျင် ခံစားခဲ့ရပါသည်။ သူရဲ့ သမီးငယ်လေး မာရီယာ သေဆုံး သွားခဲ့ချိန်မှာလည်း သူ့ရဲ့ မျှော်လင့် ချက်တွေ သေဆုံး ခဲ့ရပြန်ပါသည်။ ဒုတိယ ဇနီးသည် စာရာကတော့ သူ့ရဲ့ လက်ပေါ်မှာဘဲ သေဆုံးသွား ခဲ့တာကြောင့် သူ ဖြေမဆည်နိုင် ဖြစ်ခဲ့ရပြန်ပါသည်။  သူ အသက် ဆုံးသွားချိန် မှာတော့ ဇနီးသည်က အနားမှာ မရှိ၊ ပင်လယ်ခရီးလမ်းမှာ ဖြစ်သော ကြောင့် ဝေဒနာတွေကို ကြိတ်မှိတ် ခံစားခဲ့ရတယ်။ သူ၏ မြန်မာပြည် သာသနာ ခရီးအတွက် ပေးဆပ်ခဲ့ရသော ဒါဏ်ရာများ၊ နာကျင်ကြေ ကွဲမှုများ၊ သူ၏ သွေးနှင့် ချွေးများ ထို့နောက် သူ၏ မျက်ရည် စက်များ ထိုခံစားချက်များ အားလုံး အတွက် သူ၏ တစ်ခွန်း တည်းသော စကားလေးက ပြည့်စုံ လုံလောက် ခဲ့ပါသည်။ ထိုစကားလေးမှာ အဘိဒါဏ်ကို ပြုစု ပြီးချိန်တွင် သူမှတ်တမ်း တင်ခဲ့သည့် “ခရစ်တော် အတွက်သာ မဟုတ်ခဲ့ရင်” ဆိုသော စကား လေးပင် ဖြစ်ပါသည်။

ဒါဏ်ရာများနှင့် ပြည့်နှက်ခဲ့သော ရုပ်ကြွင်းခန္ဓာမှာမူကား ဂုဏ်ပြုသူ မရှိ၊ အမှတ်တရ မရှိ၊ သင်းချိုင်းမရှိ၊ ပင်လယ်ရေပြင်အောက် တစ်နေရာတွင် နစ်မြုတ်လို့ ကျန်ရစ်ခဲ့ပါပြီ။

ဆရာကြီး ယုဒဿန်သည် ရန်ကုန်မြို့တွင် (၁၀) နှစ်၊ အင်းဝမြို့တွင် (၂) နှစ်၊ မော်လမြိုင်မြို့တွင် (၂၃) နှစ် စုစုပေါင်း (၃၅) နှစ်ကြာ မြန်မာပြည်မှာ ဒုက္ခဝေဒနာ ပင်ပန်း ဆင်းရဲမှု အမျိုးမျိုးကို ခံယူပြီး မြန်မာပြည်၏ နှစ်ခြင်း သာသနာဟူသော မျိုးစေ့ကို ကြဲဖြန့်ခဲ့ပါသည်။ ဆရာကြီး ယုဒဿန် ခေါ်တော်မူခြင်း ခံရချိန်တွင် အမှုတော်ဆောင် (၁၆၂) ဦး၊ အသင်းတော် (၇၄) ပါး၊ နှစ်ခြင်း ခံပြီးသူ (၈၉၂) ဦး၊ ယုံကြည်သူ (၇၉၀၄) ဦးတို့ကို ထားခဲ့နိုင်ခဲ့သည့် အပြင် ယောင်္ကျားလေး ဘော်ဒါဆောင် စာသင်ကျောင်းနှင့် ကျမ်းစာသင်ကျောင်း၊ စုစုပေါင်း (၄၄) ကျောင်းကို တည်ထောင်ပေးနိုင် ခဲ့ပါသည်။

သို့သော်လည်း သူ၏ အသက်၊ သူ၏ မိသားစုများ၏ အသက်များဖြင့် စတေးကာ တည်ဆောက်ခဲ့သော သာသနာသည် အသက်ရှင်သန် လေဟုန်ဆန်ကာ နှစ် (၂၀၀) ကို ရောက်ရှိလာချိန်တွင် ခရစ်ယာန် အသင်တော် (၄၉၀၅) ပါး၊ ကျမ်းစာသင်ကျောင်း (၂၀) ကျောင်း၊ ဓမ္မတက္ကသိုလ် (၂၅) ကျောင်း၊ ယုံကြည်သူ ခရစ်ယာန် (၄) သန်းခန့် သည် ခရစ်တော်ကို ရရှိကာ ထာဝရအသက်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြလေသည်။ အသက်သွေးနဲ့စတေး သူရေးခဲ့သော သမိုင်းသည် အမြစ်ခိုင်မာ နှစ် (၂၀၀) ကြာမြင့်လို့ လာခဲ့ချိန်တွင် ကျွန်တော်တို့ အယောက်စီတိုင်းသည်လည်း စိတ်နှလုံးကို ပြင်ဆင်ပြီး ဘုရားရှင်၏ အလိုတော်နှင့် အညီ ပါဝင်လျက် ကြီးမြတ်လှသော သာသနာ သမိုင်းကို ဆက်လက် ပါဝင်ကြပါစို့လား။

ဦးနော အောက်မေ့ဘွယ် နှစ်ခြင်းအသင်းတော်မှ ထုပ်ဝေ ဖြန့်ချီသော “ခရစ်တော်သာ မရှိခဲ့ရင်...” ဆရာကြီး ယုဒဿန်၏ အထုပ္ပတိ မှတ်တမ်း ဒီဗွီဒီ အခွေမှ နောက်ခံ စကားပြော များကို ကူးယူ ရေးသားပါသည်။

https://www.4shared.com/office/qB-5CO0Wgm/Adoniran_Judson.html

Jul 4, 2013

ပျက်စီးခြင်းနှင့် ချမ်းသာခြင်း


ထို့ကြောင့် ခဲယဉ်း ဆိုးယုတ်သော နေ့ရက် ကာလ၌ ဆီးတားနိုင့်သဖြင့် ကိစ္စ အလုံးစုံ တို့ကို ပြီးစီး၍ ခံရပ်နိုင်မည့် အကြောင်း ဘုရား သခင်ပြင်ဆင် တော်မူသော လက်နက် စုံကို ယူဆောင်ကြလော့။ ...ဘုရားသခင်၏ နှုတ်ကပတ်တော် တည်းဟူသော ဝိညာဉ် တော်၏ ထားကို၎င်း ယူဆောင်ကြ လော့။ (ဧ ၆း ၁၃၊ ၁၇)။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ် ကို၎င်း အရိုးအဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်း ခွင်းတတ်၏။ စိတ်နှလုံး အကြံအစည် များကို လည်း သိမြင်တတ် ၏။ (ဟေဗြဲ ၄း၁၂)။

ငါ၏ နှုတ်ကပတ် တော်သည် မီးကဲ့သို့၎င်း ကျောက်ကို ထုချေသော သံတူကဲ့သို့ ၎င်း ဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။ (ယေ ၂၃း၂၉)။


ယုံကြည်ခြင်းကို အစအဦး စုံလင်စေသော သခင်ဘုရားကို စေ့စေ့ထောက်ရှု ဆင်ခြင် သော အခါတွင်လည်း သခင် ဘုရားသည် စာတန်၏ စုံစမ်း လှည့်ဖြားခြင်းများကို ပထမအာဒံကဲ့သို့ ကျဆင်း ဆုံးရှုံးသွားခြင်း မရှိဘဲ အောင်မြင်ခဲ့သည် မှာ ကျမ်းစာ အားဖြင့်သာ ဖြစ်ကြောင်း အထင်အ ရှားပင် ဖြစ်ပါသည်။

(ရှင်မဿဲ ၄း၁-၁၁)တွင် သခင်ဘုရားက ဤလောကတွင် နေစဉ် စာတန်၏ ပရိယာယ်များနှင့် လှည့်စား ဖြားယောင်း သွေးဆောင် ခြင်းများကို မည်ကဲ့သို့ အောင်နိုင်ကြောင်းကို သက်သေ ပြထား ပါသည်။ ဆရာကြီး ဒီအယ်မူးဒီက 'သမ္မာကျမ်းစာ ဆိုတာ အသိတရား ရရှိရုံ သက်သက် မဟုတ်ပါ။ လက်တွေ့ နာခံလိုက်လျှောက်ဖို့ ဖြစ်သည်'ဟု အလွန် ဆီလျော်သော စကားကို ဆိုခဲ့ဖူး ပါသည်။

သခင် ဘုရားအား စာတန်မှ စုံစမ်းသွေး ဆောင်ခြင်းကို အရင်း စစ်ကြည့်သောအခါ ကမ္ဘာဦးကျမ်း ကတည်းက အာဒံအား သွေးဆောင်ဖြား ယောင်းခဲ့သော နည်းဗျူဟာ အဟောင်းကြီး ပင်ဖြစ် ကြောင်း သိရပါသည်။

၁။ ဘုရားသားဆိုတာ ပေးထားတဲ့ အခွင့်အာဏာကို အလွဲအသုံးချဘို့မဟုတ်။


သခင်ယေရှုခရစ်သည် ဘုရားသားအစစ် အမှန်ဖြစ်သလို ဘုရား စင်စစ်လည်းဖြစ်ပြီး လူ့ လောကသို့ လူ့ဇာတိကို ခံယူပြီးြ<ွကလာသော အရှင် သခင်ဖြစ်၍ တန်ခိုးတော် အနန္တလည်း ရှိပါသည်။ စာတန်က ထိုတန်ခိုးများကို အသုံးပြု၍ ကျောက်ခဲ များကို မုန့်ဖြစ်စေပြီး ဘုရား သားတော် မှန်ကြောင်း သက်သေ ပြခိုင်းပါသည်။ ဘုရား သားတော်မှန် သောကြောင့်၎င်း၊ မိမိ၌ရှိသော တန်ခိုးကို မိမိ ကိုယ်အား ပြစားရန် အလွဲ သုံးစား မပြုလို၍၎င်း စာတန်၏ လှည့်ဖြား သွေးဆောင်မှုကို သခင်ဘုရား အောင်မြင်ခဲ့သည်မှာ ကျမ်းစာကို နှလုံးသွင်းထား၍ ထိုနှုတ်ကပတ်တော် ထားဖြင့် အောင်မြင်ခဲ့ပါသည်။


လူသည် မုန့်အား ဖြင့်သာ အသက်မွေးရ သည်မဟုတ် သခင်ဘုရား မိန့်တော်မူသမျှ အားဖြင့် သာမွေးရမည်၊ ကျမ်းစာ လာသည်ဟု ပြန်၍မိန့် တော်မူ၏။(မဿဲ ၄း၎)။


၂။ ဘုရားသားဆိုတာ လူအထင်ကြီးလာအောင် ပြုမူဆောင်ရွက်ဘို့မဟုတ်။


စာတန်က ကျမ်းစာကို အသုံးပြုကာ ဗိမာန်တော် အထွဋ်မှ အောက်သို့ ခုန်ချလိုက်ပါက ကျမ်းစာ၌ (ဆာ ၉၁း၁၁-၁၂) ကတိ ရှိသည်အတိုင်း ကောင်းကင်တမန်များက သင့်ကို လက်ဖြင့် မစချီ ပင့် ထားမည်ဟု စုံစမ်း သွေးဆောင် ပြန်ပါသည်။ အချို့ အနက်ဖွင့်ကျမ်းများက သခင်ဘုရား ဤကဲ့သို့ ခုန်ချ လိုက်သော အခါ အောက်မှ ကောင်းကင် တမန်များက ချီပင့်ထားသည်ကို လူများ မြင်တွေ့ပါက သခင် ဘုရားအား အလွန်ပင် အထင်ကြီးပြီး ရိုသေ ရှိခိုးလာကြရန် စာတန်က ကလိမ်ညဏ် ဆင်သည် ဟု ဖေါ်ပြ ထားပါသည်။ တစ်နည်း ဆိုရသော် သမ္မာကျမ်းစာကို အသုံးချပြီး မိမိကိုယ်ကို လူအများအ ထင်ကြီး အောင် မိမိကို လူအများ ရိုသေရှိခိုးချင်လာ အောင် လုပ်သူ စာတန်၏ သွေးဆောင် ဖြားယောင်း မှုကို သခင်ဘုရားက


'သင်၏ ဘုရားသခင်ကို သင် သည်အစုံအစမ်း မပြုရဟု ကျမ်းစာလာသည် ဟု မိန့်တော် မူ၏။ (မဿဲ ၄း၇)။


ဟု နှုတ်ကပတ်တော်ကို နှလုံးသွင်းကာ စာတန်ကို တုန့်ပြန်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ယနေ့ နှုတ်ကပတ် တော်ကို အမှန်တကယ် ယုံကြည်သည်ထက် မိမိအတွက် စားပေါက်ချောင် လူအထင် ကြီးလာရန် ပြုလုပ်လိုသူများအတွက် သတိပြု ဆင်ခြင်စရာ ပင်ဖြစ်ပါသည်။

၃။ ဘုရားသားဆိုတာ စာတန်ကို ကိုးကွယ်ဘို့မဟုတ်။


နာက်ဆုံး စာတန်က သခင်ဘုရားအား အလွန် မြင့်လှသော တောင်ပေါ်သို့ ဆောင်သွားပြီး တစ်လောကလုံးကို မြင်စေကာ သူအား ညွတ်ပြပ် ကိုးကွယ်လျှင် တိုင်းနိုင်ငံများ၏ ဘုန်းကို ပေးမည် ဟု သွေးဆောင် ဖြားယောင်းခဲ့ပါသည်။ ဘုန်းရှိ လာသော လူများကို လူအများက ကိုးကွယ်လာ ကြပါ သည်။ တစ်နည်း ဆိုရသော် လူသားအချင်းချင်း၏ ကိုးကွယ်အားကိုးမှုကို လိုချင်၍ ဘုန်းတန် ခိုး ကြီးမားအောင် လုပ်ခဲ့သော ပုဂ္ဂိုလ်များစွာကို သမိုင်း အဆက်ဆက် ကျွန်ုပ်တို့ တွေ့ဖူးကြပါလိမ့်မည်။ ထိုစုံစမ်းခြင်း ကိုလည်း သခင်ဘုရားက


'အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့။ သင်၏ ဘုရားသခင် ကို ကိုးကွယ်ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့် တော်မူ၏။'(မ ၄း၁ဝ)။


သခင်ဘုရား ကဲ့သို့ စာတန်၏သွေး ဆောင်မှုများကို အောင်မြင်နိုင်ရန် ကျွန်ုပ်တို့၌ နှုတ်ကပတ်တော် တည်းဟူသော ထားရှိနေပါပြီ။ ထိုထားကို ထက်အောင်သွေးကာ စာတန်၏ ပရိယာယ်နှင့် သွေးဆောင် ဖြားယောင်းမှုများ ကို အောင်မြင်ရန် ဘုရားသခင်ကောင်းကြီးပေး မစ ပါစေ။


ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြ သည် မဟုတ်။ ငါတို့ စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိ ပကတိ လက်နက်မဟုတ်။ ဘုရား သခင်၏ တန်ခိုးတော် အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြို ဖျက်နိုင်သော လက်နက်ဖြစ်၏။ ထိုလက်နက်အား ဖြင့် လူတို့၏ အကြံအစည် တိုကို၎င်း၊ ဘုရားသခင်ကို သိသော ပညာကို ဆီးတားသော မာန်မာန ရှိသမျှ တို့ကို ၎င်း၊ နှိမ့်ချ မှောက်လှန်၍ ခပ်သိမ်းသော စိတ်တို့ကို ဖမ်းချုပ်ထားလျက် ခရစ်တော်၏ စကား တော်ကို နားထောင်စေကြ၏(၂ကော ၁ဝး၃-၅)။


''ကျွန်တော် ဘယ်လောက်ပဲ ပင်ပန်းနွမ်း နယ်ပါလေစေ..သမ္မာကျမ်းစာကို မဖတ်ဘဲ အိပ် ခဲ့တဲ့ည တစ်ညမှ မရှိပါ..''(ဗိုလ်ချုပ်ကြီးဒေါက် ကလပ်မက်အာသာ)။


နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ် တရားတော် ကို ခန့် ညားသော သူမူကား ချမ်းသာ ရလိမ့်မည်။ (သုတ္တံ ၁၃း၁၃)။



၂၀၁၀ ခုနှစ် သြဂုတ်လထုပ် စိန်ခေါ်သံမဂ္ဂဇင်းမှ Rev. ဦးအောင်သက်သက်ညွှန့်၏ စာမူကို ပြန်လည်ကူယူ ဖော်ပြပါသည်။