Nov 17, 2018

ဆာလံ (၂၃)

ယုံကြည်သူတိုင် ရင်းနှီးကျွမ်းဝင်သော ကျမ်းပိုဒ် အချို့ရှိကြပါသည်။ လူအများ ကြိုက်နှစ်သက် သည့် ကျမ်းပိုဒ် များသည် တစ်ယောက်နှင့် တစ်ယောက် မတူညီ ကွဲပြား ခြားနား ကြသော်လည်း ဆာလံ (၂၃) ကျမ်းပိုဒ်များမှာမူ အကြိုက်တူညီကြပါသည်။ မိမိ ခွန်အား ရရှိသလို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကာ ကျေနပ်မှု အပြည့်ဖြင့် ဖတ်ရှုကာ ဝမ်းမြောက်ခြင်း ခံစားနေကြပါသည်။ ထိုအကြောင်း အရာကို အနည်းငယ် ဝေငှ လိုပါသည်။

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ (ဆာလံ ၂၃း၁)
ဆာလံ (၂၃)ကို ကျွန်တော်တို့ အလွန် ရင်းနှီး ကျွမ်းဝင်နေသော စကားလုံးဖြင့် အစပြု ထားသည်ကို တွေ့ရမည် ဖြစ်သည်။ “ထာဝရ ဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါ၌ ဆင်းရဲမခံရ” တစ်စုံတစ် ယောက်က  “ငါ၌ ဆင်းရဲမခံရ” ဟူသော စကားလုံးကို အမှတ်တမဲ့ ကြားရပါက ဂရုတစိုက် ပြန်လည် တုန့်ပြန် ကြမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့သည် ဆင်းရဲခက်ခဲလွန်းတဲ့ အခြေ အနေ မျိုးတွင် ရှိနေကြသောကြောင့် ဖြစ်ပါသည်။

လူတိုင်း အားရ ကျေနပ်နိုင်သော အခြေအနေမျိုးကို တစ်ခါမျှ မရနိုင်ခဲ့ပါ။ အဖြူရလျှင် အမည်ရောင် လိုချင်ကြ သည်။ အကြီးရလျှင် အသေးလိုချင်ကြသည်။ ထိုနောက်တွင်ကား မပြည့်စုံနိုင်သော အလိုဆန္ဒ များကြောင့် အစဉ်အော်ဟစ် တောင်းဆို နေကြသည်မှာ ကျန်းမာခြင်း၊ ကား၊ တိုက်၊ အစရှိသဖြင့် မိမိလိုချင် သော အရာများကို နေ့စဉ်တောင်ဆို နေကြတော့သည်။

ထိုသို့ ငါဆိုသော်၊ ကိုယ်တိုင် ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံ သမျှသော အခြင်းအရာတို့၌ ရောင့်ရဲသော စိတ်ရှိ အံ့သောငှါ သင်မိပြီ။ ရှုတ်ချခြင်း ကိုလည်း ကောင်း၊ ကြွယ်ဝခြင်းကို လည်းကောင်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိတ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ (ဖိ ၄း၁၁-၁၂)

ဘုရားသခင်က ကျွနု်ပ်တို့ကို ပျော်ရွှင်ကျေနပ်မှုများဖြင့် အသက်ရှင်ရန် အလိုတော် ရှိပါသည်။ ကျွန်တော်တို့သည် မနာလိုမှုများ ဂနာမငြိမ်မှုများဖြင့် ကျွနု်ပ်တို့တွင်  မရှိသော အရာများ အတွက် ခံစားဝမ်း နည်းမှုများဖြင့် အသက်ရှင်ရန် မသင့်လျော်ပါ။ကျွန်တော်တို့သည် ကိုယ်တော်နှင့် ဆိုင်သောသူများ ဖြစ်သော ကြောင့် ကျေးဇူးတော် ချီးမွမ်းခြင်းယဇ်များကို ပူဇော်တတ်သော နှလုံးသားများဖြင့် အသက်ရှင် သင့်ပါသည်။ 
ကျွန်တော် တို့သည် ကျေးဇူးတော်ချီးမွမ်းရမည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ လိုအပ်နေသော အရာများကို သိုးထိန်း ကောင်းကြီးက ပေးအပ်နေသောကြောင့် ဖြစ်သည်။

ကျမ်းစာအုပ် ထဲတွင် အကြိမ်ပေါင်းများစွာ လူသားများကို သိုးအုပ်စု (သို့) သိုးလေး တစ်ကောင်အဖြစ် အမြဲ တစ်စေ နှိုင်းယှဉ် ဖေါ်ပြခဲ့သည်။ သိုးဆိုသော သတ္တဝါမှာ အလွန် လှပပါသည်။ သို့သော် ထိုသတ္တဝါမှ
ကမ္ဘာပေါ်တွင် အကြား အာရုံ ချို့တဲ့နေသော သတ္တဝါ တစ်ကောင်မျှသာ ဖြစ်သည်။ ထို့ကြောင့် ဟေရှာယက ပြောခဲ့သည်မှာ

“ငါတို့ ရှိသမျှသည် သိုးကဲ့သို့လမ်းလျက် ကိုယ့်လမ်းသို့ အသီးသီး လိုက်သွား ကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏ အပြစ်များကို သူအပေါ်၌ တင်တော်မူ၏။ (ဟေရှာ ၅၃း၆)
ငါတို့ရှိသမျှ ဆိုသည်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ဆိုလိုပါသည်။ သခင်ယေရှုသည် ခရစ်ဝင်ကျမ်း များတွင် နောက်တော်တွင် လိုက်နေသော လူအုပ်ကြီးကို ရှုမြင် သုံးသပ်ရာတွင် “အထိန်းမရှိသော သိုးများဟု” ရည်ညွှန်း ခေါ်ဝေါ်ခဲ့ကြောင်း ခရစ်ဝင်ကျမ်း ရေးသားသူက မှတ်တမ်းတင် ထားသည်။ ထိုဝေါ ဟာရကို အသုံးပြု ထားရာတွင် တစ်စုံတစ်ရာ တင်စားထားခြင်း မဟုတ်ဘဲ အကူအညီ မဲ့နေသောသူ၊ အထီးကျန် ဆန်သောသူဟူ၍ ပြောဆို လိုခြင်းသာ ဖြစ်ပါသည်။

သိုးမွေးမြူရေး လုပ်ငန်းကြီးကို အကြီးအကျယ် လုပ်ခဲ့သူ တစ်ဦးဖြစ်သော Philip Keller ဆိုသူသည် "A shepherd Looks at the Twenty third Psalm" “သိုးထိန်းတစ်ယောက် ဆာလံ(၂၃)ကို လေ့လာခြင်း” ဟူသော စာအုပ်တွင် ရေးသား ထားသည်မှာ သိုးမွေးမြူရေး ဆိုသည်မှာ အခြား လုပ်ငန်းများထက် ပိုမို ဂရုစိုက် လုပ်ဆောင်ရကြောင်း၊ အဘယ်ကြောင့် ဆိုသော ထိုသတ္တဝါသည် သူတို့ကိုယ် သူတို့ ဂရုမစိုက် သောကြောင့် ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်။

သိုးများ၏ အမြင် အာရုံမှာ အားနည်းပါသည်။ အလွန် ခေါင်းမာသည်။ သို့သော် အလွန် စိုးရိမ် တတ်သည်။ အုပ်စုလိုက် နေထိုင်ပါက ကမူရှူးထိုး ရောက်တတ်ရာရာ တစ်ကောင်တစ်နေရာ အစဉ်ပြေသလို ပြေးတတ်သည်။ သူတို့တွင် မိမိကိုယ်ကို မည်ကဲ့သို့ ကာကွယ် ရမည်ဟူ၍ နည်းစနစ် မရှိချေ။ သူတို့သည် ကြောက်တတ် ကြသည်။ သူတို့သည် အားနည်းသော သဘော သဘာဝ ရှိသည်။ သူတို့ကို ကာကွယ် ပေးမည့် သိုးထိန်းမရှိလျှင် ထွက်ပြေးဘို့ နည်းလမ်း တစ်ခုတည်းသာ သိသည်။ ကျွန်တော်တို့သည် ပြဿနာ တစ်စုံတစ်ရာ တွေ့ကြုံရပြီဆိုပါက ကမူရှူးထိုး မိမိ ထင်မြင်ချက် အတိုင်း မှားသည် မှန်သည်ကို မစဉ်းစားဘဲ ဖြေရှင်း တတ်ကြသည် မဟုတ်ပါလား။

သိုးတစ်ကောင်သည် မိမိ၏ အိမ်ပြန်လမ်းကို မည်ကဲ့သို့ ရှာဖွေ ရမည်ကို သိမြင်ခံစားနိုင်သည့် အာရုံခံ စားမှုမျိုး မပါရှိချေ။ ခွေး၊ မြင်း၊ ကြောင်၊ ငှက် စသည်တို့သည် မိမိတို့ နေရာအရပ်ကို မည်ကဲ့သို့ ပြန်ရမည်ကို သိရှိပြီး သားဖြစ်သည်။ သိုးတစ်ကောင် အဘို့ လမ်းလွှဲပြီ ဆိုလျှင် မည်သို့မျှ အသက်ရှင် ရပ်တည်ရန် မဖြစ်နိုင် တော့ချေ။

သိုးတစ်ကောင်ပျောက်လျှင် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ပျောက် သောသိုး တစ်ကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။  (လု ၁၅း၄)

ထို့ကြောင့် ဆာလံ (၂၃)၏ အခြေခံအရင်းအမြစ်ကို လေ့လာဆန်းဆစ်ကြည့်ရာတွင် သိုးထိန်း မပါဘဲနှင့် ပြည့်စုံလုံလောက်သော အခြေအနေကို ရရှိခံစားနိုင်သည်မှာ မဖြစ်နိုင်ပါချေ။

စိမ်းလန်းသော ကျက်စားရာအရပ်
ဆာလံဆရာ ဒါဝိတ်ကိုယ်တိုင်က “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌ ဆင်းရဲမခံရ” ဟူ၍ ရေးသားစပ်ဆို ထားသည်မှာ အံ့သြစရာတစ်ခုတော့မဟုတ်ပါ။ အသက်တာအတွက် ဆင်ခြင်စရာ တစ်ခုသာလျှင် ဖြစ်ပါ သည်။ ဆက်လက်၍ “စိမ်းလန်သော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏” ဟူ၍ ရေးသားထား ပါသည်။ ဤနေရာတွင် သိုးတစ်ကောင်၏ ပုံရိပ်ကို အပြည့်အဝ ယူဆောင်ထားပြီး ကျေနပ်စရာ အနေ အထားတစ်ခုကို ညွှန်ပြနေပါသည်။ သိုးတစ်ကောင်အတွက် အရေးကြီးဆုံးအရာမှာ စိမ်းလန်းသော ကျက် စား ရာအရပ်ကို ရရှိပိုင်ဆိုင်ထားပါလျှင် အားလုံးသည် ပြည့်စုံ လုံလောက် သွားသည်ဟူ၍ ယေဘူယျ အားဖြင့် ဆိုနိုင်သည် မဟုတ်ပါလော။ ထိုနေရာတွင် အိပ်စက် ပျော်မွေ့နိုင် သည်ဟု ဆိုထားသည် မဟုတ်ပါလား။

ဤနေရာတွင် စကားလုံးတစ်လုံးမှာ “ငါ့ကို အိပ်စေတော်မူ၏” ဟူသော စကားမှာ ကျွန်တော်တို့ အတွက် သတိထားရမည်။ တစ်ခါတစ်ရံ ဘုရားသခင်က ခွန်အားနှင့် အိပ်ခိုင်းသောအချိန် ရှိနေတတ်သည်။
ကျွန်တော်တို့သည် တစ်ခါတစ်ရံ ကျွန်တော်တို့၏စိတ်နှင့် အမူအကျင့်များနှင့်အညီ ရပ်နားသင့်သည့် အခါများတွင် ရပ်တန့်ခြင်းမရှိ ကြိုက်သလို ဆက်လက်လုပ်ဆောင်နေတတ်သည်။ ထိုအခါမျိုးတွင် ဘုရားသခင်၏ အသံကို ကြားနာတတ်ရန် အရေးကြီးသည် မဟုတ်ပါလား။ တစ်ခါတစ်ရံတော့ ဘုရား သခင်က “မင်းအိပ်ဘို့ လိုနေသည်” ဟု ပြောဆိုသည့်အခါမျိုးလည်း ရှိနေတတ်ပါသည်။ ထိုအချိန်မျိုး တွင် ကျွန်တော်တို့သည် မည်သည့် အခြေအနေမျိုးတွင် ရှိနေသည် ဖြစ်စေ ဘုရားစကားကို နားထောင်ရ မည်သာဖြစ်သည်။
Keller ကပြောသည်မှာ သိုးတစ်ကောင် အိပ်စက်နိုင်ရန် အောက်ပါ အချက် (၄)ချက် လိုအပ်ပါသည်။
1.    ပထမ အစာဝအောင် စားထားသည့်အချိန်မျိုးတွင် အိပ်ပျော်တတ်ပါသည်။
2.    ဒုတိယအနေဖြင့် မကြောက်တတ်သောအချိန်များတွင် အိပ်ပျော်တတ်ပါသည်။
3.    တတိယအနေဖြင့် တင်းတိမ်ရောင့်ရဲသောအခါများတွင် အိပ်ပျော်တတ်ပါသည်။
4.    သိုးအုပ်အတွင်း၌ ညီညွှတ်မှု ရှိနေသောအခါများတွင် အိပ်ပျော်တတ်ပါသည်။

နှုတ်ခပတ်တော်သည် သင့်၏အသက်တာကို ဝပြောစေလိမ့်မည်။ ကြောက်ရွံ့ခြင်း ကင်းစေလိမ့်မည်။ ကျေနပ်ရောင့်ရဲစေလိမ့်မည်။ သင်တို့၏ ပတ်ဝန်ကျင်၊ အသိုင်းအဝိုင်းနှင့် ညီညွှတ်စေလိမ့်မည်။

သာယာသောမြစ်နား
ဒါဝိတ်က ဆက်လက်၍ “ငါ့ကိုသာယာသော မြစ်နားသို့ ပို့ဆောင်တော်မူ၏” ဟူ၍ ရေးသားထားသည်။ ဆိုလိုသည်မှာ သိုးများကို ရေရှိရာ ရေစပ်နားသို့ မောင်းထုပ်လိုက်ခြင်း ဖြစ်ပါသည်။ သူတို့သည် ရေမကူး တတ်ပါ။ သိုးများသည် ရွံ့လူးသော သတ္တဝါများ မဟုတ်ကြသော်လည်း ကမ်းနားတွင် ရွံ့အိုင်များထဲတွင် သူတို့၏ ထူထဲသော အမွေးပွကြီးများဖြင့် မရုန်းနိုင် မထွက်နိုင် သောအခါများ ရှိနိုင်သည်။ ထိုအခါများတွင် ကူညီပေးတတ်ကြပါသည်။

တစ်ခါတစ်ရံတွင် ကျွန်တော်တို့သည် လောကအရာများထဲတွင် မရုန်းနိုင် မကန်နိုင်သောအခါများ ရှိနေလျှင်လည်း ကျွန်တော်တို့ကို မနစ်မြုတ် မပြောင်းလဲနိုင်ရန် အကူအညီပေးတတ်ပါသည်။ ဘုရားသခင် သည် ကျွန်တော်တို့၏ အားနည်းချက်များကို သိပါသည်။ ကျွန်တော်တို့ကို သာယာသော မြစ်နားသို့ ပို့ဆောင်တတ် ပါသည်။ လောက၏ စုံစမ်းခြင်းများထဲမှ မရုန်းထွက်နိုင်သောအခါ ကျွန်တော်တို့အတွက် ထားရှိသော ကတိတော်များဖြင့် အကူအညီပေးလေ့ရှိပါသည်။ ကျွန်တော်တို့ ရုန်းထွက်ရန် ခက်ခဲနေသော အခါများတွင်လည်း နားလည်မှုအပြည့်ဖြင့် ကွယ်ကာ လမ်းပြတတ်ပါသည်။
လူ၌ဖြစ်တတ်သော စုံစမ်းနှောက်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ သင်တို့မခံနိုင်သော စုံစမ်း နှောက် ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည် အကြောင်း စုံစမ်းနှောက် ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော် မူလိမ့်မည်။ (၁ကော ၁၀း၁၃)

ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံသော ဘုရားဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ အသက်တာတွင် စုံစမ်းသွေးဆောင်မှုထဲ ကျဆင်းသွားသောအခါ ထိုနေရာမှာတင် မထနိုင်တော့သည့်အခြေအနေမျိုးတွင် ထားရှိ ခြင်းမပြုပါ။ ထွက်မြောက်နိုင်သောလမ်းကိုလည်း စီရင်ပြုပြင်ပြီးသားဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို ဂရုစိုက်နေသော ဘုရားဖြစ်ပါသည်။ ကျွန်တော်တို့အတွက် ထွက်မြောက်ရာလမ်းကို ပြုပြင် လုပ်ဆောင်ပေး ချင်သောဘုရားသခင် ဖြစ်ပါသည်။
ထို့ကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန်ကာလ၌ သန့်ရှင်းသူ အပေါင်းတို့သည် ရှေ့တော်၌ တောင်း လျှောက်ပါလိမ့်မည့်။ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့ မချဉ်း ရပါ။ ကိုယ်တော်သည် အကျွနု်ပ်ခိုလှုံရာ ဖြစ်တော်မူ၏ အကျွနု်ပ်ကို တွေ့သင့်သော အချိန်ကာလ၌ သန့်ရှင်းသူ အပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။ (ဆာလံ ၃၂း၆-၇)
ဒါဝိတ်က ဆက်လက်၍ ပြောကြားခဲ့သည်မှာ “အကျွနု်ပ်၏ ဝိညာဉ်ကို အားဖြည့်၍” ဟူသော စကား စုကို မြင်တွေ့ရပါသည်။ ပျောက်သောသိုးတစ်ကောင်သည် အိမ်သို့ မပြန်တတ်ပါ။ ထို့ကြောင့် သိုးထိန်းသည် ပျောက်နေသောသိုးကို ပြန်လည်ရှာဖွေကာ ပြန်လည် သိမ်းဆည်းတတ်ပါသည်။

သင်သည် ကားတိုင်လမ်းသို့ ပြန်မလာတတ်ဘဲ ပျောက်ဆုံးနေပါက သင်၏အိမ်ကို ပြန်လည်တွေ့ရှိခွင့် ပေးပါ လိမ့်မည်။ သင်သည် အိမ်ပြန်ရသောအခွင့်ကို ဘုရားသခင်က ရှာဖွေပေးပါလိမ့်မည်။ ဘုရားသခင် ထံသို့ ပြန်လာပါ။ ကားတိုင်လမ်းကို ပြန်လာခဲ့ပါ။ သင်၏ ဝိညာဉ်ကို ခွန်အားနှင့် ပြည့်ဝသော ယုံကြည်သူတစ် ယောက်ဖြစ်ရန်၊ ဘုရားသခင်၏အမျက်တော်မှ ကင်းလွတ်ခွင့်ရရန် သခင်ယေရှုသည် သင့်ကို ကားတိုင်တ ရားတော်အားဖြင့် ရွှေးနှုတ်ကယ်တင်ခဲ့သည်ကို သတိရပါ။ ကျွန်တော်တို့၏ အသက်ဝိညာဉ်ကို ကယ်တင်ရန် ကားတိုင်ထက်တွင် သခင်ယေရှု အသက်ပေးဆပ်ခဲ့သည်ကို သတိရပါ။

အချုပ်အားဖြင့် ဆိုရသော် သိုးထိန်သည် သိုးတစ်ကောင်ချင်းစီအတွက် အရေးပါသော အနေအထား တွင် ရှိနေသကဲ့သို့ ကျွန်တော်တို့ ယုံကြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည်လည်း ဘုရားသခင်နှင့် ဆက်နွယ်ပတ်သတ်ရာတွင် အလွန်အရေးကြီးသော အခြေအနေတွင် ရှိနေပါသည်။ ထို့ကြောင့် သင့်အသက် တာတွင် ဘုရားသခင်ကို မျှော်လင့် အားကိုးတတ်ခြင်း မရှိသေးပါက သင့်အသက်တာအတွက် အလွန် ကြီးမားသော ပြဿနာကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်နှင့် အသက်ရှင် သွားလာ တတ်စေရန် ဝေငှတိုက်တွန်းလိုက်ရပါသည်။ (အာမင်)

နာမတော်မြတ်၌
Rev. ဦးမင်းလွင်
ကိုးမိုင်ခရစ်ယာန်အသင်းတော်