Showing posts with label တရားဟောချက်. Show all posts
Showing posts with label တရားဟောချက်. Show all posts
Dec 21, 2018
ဘုရားသခင်အတွက် ခရစ္စမတ်လက်ဆောင်
အခြေပြုကျမ်း (မိက္ခာ ၆း၆-၈၊ ရောမ ၁၂း၁)
နိဒါန်း
ဤခရစ္စမတ်အချိန်တွင် ကျွန်တော်တို့သည် အချင်းချင်း ခရစ္စမတ်လက်ဆောင် ပေးရန် အမျိုးမျိုး ပြင်ဆင်နေကြသည်။ မိမိတတ်နိုင်သည့် အတိုင်း အကောင်းဆုံး အလှဆုံး ပစ္စည်းများကိုပေးရန် လုပ်ဆောင်နေကြသည်။ သို့သော် သင့်ကို ချစ်ပြီး တစ်ပါးတည်းသော သားတော်ကိုစွန့်သော ဘုရားသခင်အတွက် မည်သို့ အထူးလက်ဆောင်များကို ပြင်ဆင် ထားပါသနည်း။
ကျမ်းစာထဲတွင် အရှေ့ပြည်မှ ပညာရှိကြီးများသည် သခင်ခရစ်တော် မွေးဖွား သော အချိန်တွင် သူတို့၏ခွန်အားများ၊ အချိန်များ၊ ဘဏ္ဍာများကို ပေးခဲ့ သည်သာမက တန်ဘိုးကြီးသော ရုပ်ပစ္စည်း လက်ဆောင်များကိုလည်း ပေးခဲ့သည်။ ပေးသောပစ္စည်းများ မှာ ရွှေ၊ လော်ဘန်၊ မုရန် ဟူသော ပူဇော်သက္ကာများဖြစ်သည်။
ထိုအကြောင်းအရာကို ဖတ်ရှုလေ့လာပြီးနောက် ယခုနှစ်တွင် ကျွန်တော်လည်း ကိုယ်တော်အတွက် မည်သည့်အရာများကို ပေးရမည်ကို စဉ်းစားကြည့်မိသည်။ အထပ် ထပ် စဉ်းစားသော်လည်း အဖြေမရခဲ့သဖြင့် စိတ်မကောင်းဖြစ်နေမိသည်။ ကျွန်တော်တွင် ရှိသောအရာများ တစ်ခုခုပြီးတစ်ခု ကိုယ်တော့်ကို ပေးရန် စဉ်းစားကြည့်သည်။ ကျွန်တော် စဉ်းစားနေသည်က ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများဖြစ်သည်။ ထိုအချိန်တွင် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်မိသည်။ ထိုကျမ်းပိုဒ်မှာ ရောမ ၁၂း၁ ဖြစ်သည်။
ညီအကိုတို့ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ် သက် တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ (ရောမ ၁၂း၁)
စကားပုံတစ်ခုက မိမိပေးသောအရာကို အခြေခံ၍ ပြန်လည်ရရှိတတ်သည်ဟု ပြောပါသည်။ ဆိုလိုသည်မှာ မျိုးစေ့များများကြဲသူသည် များများရိတ်ရမည်ဟူသော သ ဘောပင် ဖြစ်သည်။ ဘုရားသခင်အတွက် မျိုးစေ့ကြဲတတ်သောသူ ဖြစ်ရန် ဘုရားသခင်က သင့်ကို မျှော်လင့်လျက် ရှိပါသည်။
ယခု ခရစ္စမတ်အချိန်သည် လက်ဆောင်ပေးရမည့်ကာလ တစ်ခုဖြစ်သည်။ ခရစ် ယာန်တိုင်းက မည်သူ့ကို ဘာပေးရမည်ကို စဉ်းစားပြီး ဥနှောက်ခြောက်နေသော ကာလ တစ်ခုဖြစ်သည်။ တတ်နိုင်တာထက် ပိုပြီးငွေကို သုံးစွဲရသောအချိန်၊ ဖြုန်းတီးရသော အချိန် ဖြစ်နေ တတ်သည်။
ပညာရှိကြီး သုံးယောက်က လက်ဆောင်ပေးကမ်းခြင်း ဓလေ့ထုံးစံတစ်ခုကို တီထွင်ဖန်တီးသွားခဲ့ကြသည်။ ကျွန်တော်တို့သည် ထိုထုံးစံ နောက်ကို လိုက်နေကြသည်။ ကျွန်တော်တို့အားလုံးသည် ခရစ်တော်အတွက် လက်ဆောင်များကို ယူဆောင်လာဘဲ အချင်းချင်း လက်ဆောင် ပေးခြင်းအမှုကို ပြုနေကြသည်။
ထိုအရာကို စဉ်းစားနေခဲ့သည်။ ကျွန်တော်တို့သည် ပညာရှိကြီးသုံးဦး၏ လုပ် ဆောင်မှုနောက်သို့ လိုက်နေသော်လည်း သူတို့လုပ်ဆောင် မှုထက် ပို၍ညံ့ဇျင်းစွာ လုပ် ဆောင် နေကြသည်။ မသက်မသာ နှလုံးသားများဖြင့် လက်ဆောင်တွေ ဝယ်ယူရန် ပြင် ဆင် နေကြသည်။ ဘယ်အရာက သင့်တော်မည်ကို ချိန်ဆလုပ်ဆောင်ရသည်မှာ ပင်ပန်း လွန်းလှပါဘိ။
ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော်တို့သည် ခရစ္စမတ်တစ်ခုအတွက် ဤ မျှလောက်အထိ ပင်ပန်းခံပြီး စဉ်းစား၊ လုပ်ဆောင်၊ ပင်ပန်း၊ ခက်ခဲနေရသည်။ အချိန်တွေ၊ စွမ်းအင်တွေ ဖြုန်းတီးနေရသည်။ ဘုရားသခင်အတွက် မဟုတ်သော ကျွန်တော်တို့၏ ပင် ပန်းမှုများသည် အလွန်နှမြောစရာကောင်းနေပါသည်။
ဘုရားသခင်အတွက် မည်သည့်အရာကို သင်ယူဆောင်မည်နည်း။ သခင်ခရစ် တော် လူ့ဇာတိခံယူသော ယခုအချိန်ကာလအတွက် ခရစ်တော်ကို ပေးလှူရန် မည်သည့် အရာများကို ပြင်ဆင်နေပါသနည်း။ သင်ဤနှုတ်ကပတ်တော်ကို ခံယူပြီး မည်သို့ ပြင်ဆင် ရမည်ကို သင်ယူပါ။
ပရောဖတ်မိက္ခာလည်း ဤအကြောင်းကို စဉ်းစားနေခဲ့သည်။ ဘုရားသခင်အတွက် မည်သည့်အရာကို ပေးရင်ကောင်းမလဲ။ ဓမ္မဟောင်းကာလတွင် ရှင်သန်ခဲ့သော ပရောဖတ် ကြီး မိက္ခာသည် ခရစ္စမတ်ဆိုသော အကြောင်းအရာကို သူကိုယ်တိုင် မသိခဲ့သော်လည်း ဘုရားသခင်ကို ပေးရန်၊ မည်သည့်အရာကို ပေးရမည်ကို အစဉ် စဉ်းစားနေခဲ့သည်။ ထို့ ကြောင့် မိက္ခာ ၆း၆-၈ တွင် ထိုအကြောင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။
သို့သော် ဘုရားသခင်ထံက အဖြေရခဲ့ပါသည်။ 
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း။ (မိက္ခာ ၆း၈)
ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများကို မတောင်းဆိုပါ။ အထက်ပါကျမ်းချက်တွင် အချက် (၃) ကို တောင်းဆိုနေပါသည်။ ယခုခရစ္စမတ်ကာလတွင် ကိုယ်တော် တောင်းဆိုနေသော တရားသဖြင့်ပြုခြင်း၊ ဂရုဏာတရားကို နှစ်သက်ခြင်း၊ ဘုရားသခင်ရှေ့တွင် နှိမ့်ချခြင်း တို့ကို တောင်းဆိုလျက် ရှိပါသည်။
တရားသဖြင့် ပြုခြင်း။
ယနေ့ ခေတ်အခါတွင် မတရားသဖြင့် ပြုသောအရာများ ပြည့်နှပ်လျက် ရှိသည်။ တရားသဖြင့် ပြုခြင်းဆိုသည်မှာ လုပ်သင့်သော အလုပ်ကိုလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ မလုပ်သင့်သောအရာတွေ လုပ်ဆောင်နေလျှင် မတရားသဖြင့် ပြုနေသည်ဟု ဆိုရပေမည်။
မေးခွန်းမှာ တရားသဖြင့် ပြုခြင်းဆိုသည်မှာ အဘယ်နည်း။ မည်သည့်အရာများကို လုပ်ဆောင်မှသာ တရားခြင်း၊ ဖြောင့်မတ်ခြင်း၊ လုပ် သင့်သော အရာများကို လုပ်ခြင်း ဖြစ်နိုင်ပါလိမ့်မည်နည်း။ ဆာလံ ၁၁၉း၁၁-၁၈ တွင် ဖော်ပြသည်မှာ
လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူ ကား နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်၊၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်၊၊ ကိုယ် တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သို ထားပါပြီ၊၊ (ဆာလံ ၁၁၉း၉-၁၁)
အထက်ဖော်ပြပါ ကျမ်းပိုဒ်တွင် ဆာလံဆရာက သူ့ဘဝထဲတွင် မတရားသဖြင့် ပြု မိသောအရာများ ရှိလာမည်ကို စိုးရိမ်မိဟန်တူသည်။ ထို့ကြောင့် နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် ဆုံးဖြတ်ချက် ချထားသည်။ ထို့ကြောင့် နှုတ်ကပတ်တော်များကို အသက် တာထဲ၊ ရင်ထဲ၊ နှလုံးသားထဲတွင် သိမ်းဆည်းထားပြီး အထူးသတိထား အသက်ရှင်ခဲ့သည်။ 
ဆာလံဆရာ ဘုရင်ဒါဝိတ်၏အသက်တာသည် အမှားများစွာ လုပ်ဆောင်မိသော် လည်း နှုတ်ကပတ်တော်ကို ခံယူပြီး မိမိအသက်တာကို ပြန်လည်ပြင်ဆင်ပြီး အသက်ရှင်ခဲ့ သည်။ ရှင်ဘုရင် ဒါဝိတ်၏ဘဝထဲတွင် အရေးအကြီးဆုံးသောအရာကို ပြောပြပါဟု ဆိုလျှင် ဒါဝိတ်သည် မည်သည့်အရာကို ဖော်ပြမည်ဟု သင်ထင်ပါသနည်း။ သူ့ခေတ်အခါက ပတ် ဝန်းကျင်နိုင်ငံများကို သိမ်းယူ လွှမ်းမိုးနိုင်သော သူပိုင်ဆိုင်သည့် စစ်တပ်ကြီးသည် အကြိုက် ဆုံး ဖြစ်သည်ဟု ထင်ပါသလား။ သို့မဟုတ် သူ့ထံတွင် ရှိသော အလွန်ချော၊ အလွန်လှ၊ အလွန်ထက်မြက်သော သားသမီးများသည်သာလျှင် အရေးကြီးဆုံးဖြစ်သည်ဟု သူပြော မည် ထင်ပါသလား။ အလွန်ချောမောလှသော သူ၏ဇနီးချောများကသာလျှင် အရေးကြီး ဆုံးဟု ပြောမည်ထင်ပါသလား။ ကျွန်တော် အကြွင်းမဲ့ ယုံကြည်သည်မှာ သူ့ဘဝထဲတွင် အရေး ကြီးသောအရာ အများအပြားရှိသော်လည်း ဆာလံ ၁၁၉ သည်သာလျှင် သူ့ဘ၀ အတွက် အရေးအကြီးဆုံး ဖြစ်သည်ဟု ဖြေပါလိမ့်မည်။
လုပ်ဆောင်သင့်သောအရာ၊ တရားသောအရာဆိုသည်မှာ လူများ၏ စံကိုမကြည့်ဘဲ ဘုရားသခင် သတ်မှတ်သော စံချိန်စံညွှန်းများကို လိုက်နာလျှောက်လှမ်းခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်က ဘုရားသခင် သတ်မှတ်သော စံချိန်စံညွှန်းများကို ဖော်ပြနေပါသည်။ ဘုရားသခင် အလိုတော်ရှိသောအရာကို မှန်ကန်စွာ ပိုင်ခြားလုပ်ဆောင် တတ်သောသူဖြစ် ရန် အရေးကြီးပါသည်။ ယနေ့ ကမ္ဘာကြီးသည် မတရားမှုတွေနှင့် ပြည့်နေသော အချိန်တွင် ဘုရားစကား နားထောင်ရသည်မှာ အလွန်ခက်ခဲပါလိမ့်မည်။
ကျွန်တော်တို့သည် နှုတ်ကပတ်တော်များကို ကြားနာခြင်း၊ ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ သင်ယူခြင်း၊ ဆင်ခြင်အောက်မေ့ခြင်းမရှိလျှင် ဘုရားသခင်၏ အလိုတော်၊ အကြံအစည် တော်များကို သိရှိနိုင်လိမ့်မည်မဟုတ်။ ထိုသို့ မသိရှိခဲ့လျှင် လုပ်ဆောင်သောအရာများ၊ ပြော ဆိုသောအရာများသည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်လိမ့်မည်။ ထိုအခြေအနေ မျိုးတွင် သင်သည် တရားသဖြင့် ပြုနေသည်ဟု မည်သို့ ဆိုနိုင်ပါမည်နည်း။
ထို့ကြောင့် ပထမအချက်အနေဖြင့် သင်သည် ဘုရားသခင်ထံ ခရစ္စမတ် လက် ဆောင်ကောင်းကောင်း ပေးချင်သည်ဆိုပါက ဘုရားသခင် လိုချင်သည့်အရာမှာ တရား သဖြင့် ပြုခြင်းပင်ဖြစ်သည်။ ယခုပင် ဆုံးဖြတ်ချက်ချပါ။ တရားသဖြင့် ပြုခြင်းလက်ဆောင် ကို ပေးရန် နှုတ်ကပတ်တော်ကို ခံယူ၍ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်မည်ဟု ဆုံး ဖြတ်ချက်ချပြီး ဆက်ကပ်လိုက်ပါ။
ဂရုဏာကို နှစ်သက်ခြင်း
ချစ်ခြင်းမေတ္တာ ဂရုဏာသည် ဘုရားသခင်၏ ဂုဏ်တော်တစ်ခုဖြစ်သည်။ ကျမ်း ချက်တစ်ချက်က ဤသို့ဖော်ပြထားသည်။
ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင် သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ (၁ယော ၄း၈)
ဤခရစ္စမတ်အချိန်ကာလသည် ဘုရားသခင်၏ ဂရုဏာနှင့် ချစ်ခြင်းမေတ္တာကို အထူးမြင်တွေ့နိုင်သောကာလဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင် ဖန်ဆင်းထားသော လူတို့သည် ပျက်စီးခြင်းသို့ ရောက်နေသည်ကို ဘုရားသခင်သည် လျစ်လျှူရှုခြင်း မပြုခဲ့ပါ။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်ကို ပုန်ကန်အသက်ရှင်သောသူများကို မေတ္တာ၊ ဂရုဏာဖြင့် ပြန်လည်သိမ်းယူခြင်းကို ပြုခဲ့သည်။ လူတို့၏ ပုန်ကန်မှုကို ဂရုဏာတော်ဖြင့် ပြန်လည်တုန်ပြန်ခဲ့သည်။
သခင် ခရစ္စတော်ဟာ လူတိုင်းကို မေတ္တာဖြင့် တုန့်ပြန်ခဲ့ပါသည်။ အခွန်ခံများ၊ ပြည့်တန်ဆာများကို သူ့ဆက်ဆံဘို့ ဝန်မလေးသလို ဖာရိရှဲ များနှင့် ကျမ်းတတ်များကို လည်း သူမရှောင်ခဲ့ပါ။ အားလုံးကိုတန်းတူ ဆက်ဆံသော်လည်း တုန့်ပြန်သည့် နှလုံးသား ကွာခြားမှုကြောင့် ရရှိသည့် အကျိုးရလဒ်လည်း ကွဲပြားခြားနားသွားသည်။
ယောဟန် (၃) တွင် နိကောဒင်းကို အကောင်းဆုံးဆက်ဆံပြီး ဒုတိယမွေးခြင်းနှင့် ဆိုင်သော နက်နဲသောအရာကို ဖော်ပြခဲ့သည်။ သခင်ယေရှုသည် ထိုဖာရိရှဲ ကျမ်းတတ်ကြီး ကို နဲနဲမျှ မလျှော့သောမေတ္တာဖြင့် ဆက်ဆံခဲ့သည်။
အလားတူ ယောဟန် (၄) တွင် ရှမာရိ အမျိုးသမီး ရေတွင်းနားတွင် တွေ့သောအ ခါ သူမကို အကောင်းဆုံး ဆက်ဆံခဲ့သည်။ သူမထံမှ ရေ တောင်းသောက်ခဲ့သည်။ လူများ က ရွံရှာ၍ အဖက်မလုပ်သော မိန်းမကို သခင်ယေရှုက အကောင်းဆုံး ဆက်ဆံပြီး ကိုး ကွယ်ခြင်း၏ နက်နဲသောအရာကို သင်ကြားပေးခဲ့သည်။ 
ကျမ်းတတ်ဖာရိရှဲကြီးက သခင်ယေရှု၏မေတ္တာကို ထင်ရှားစွာ မခံယူခဲ့သော်လည်း ရှမာရိ မိန်းမကမူ ယေရှု၏ မေတ္တာနှင့် ဂရုဏာကို ခံယူပြီး ကယ်တင်ရှင်အဖြစ် အသိအမှတ် ပြုခဲ့သည်။
ဘုရားသခင်၏ ထူးမြတ်သော မေတ္တာကို ယော ၃း၁၆ က ဤသို့ဖော်ပြသည်။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်း သို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်း သော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ ၏။ (ယော ၃း၁၆)
ဤခရစ္စမတ်အချိန်အခါတွင် ဘုရားသခင်၏မေတ္တာ၊ ဂရုဏာတရားကို နားလည်ပြီး ချစ်ခြင်း မေတ္တာဖြင့် ပြန်လည်တုန့်ပြန်လိုက်ပါ။ သခင်ခရစ်တော်က ပညတ်တော်တို့၏ အချုပ်အချာဖြစ်သော ပညတ်တော် (၂) ခုကို ဖော်ပြခဲ့သည်။
ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိ သမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ် အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ (မဿဲ ၂၂း၃၇-၄၀)
ယနေ့ သင်သည် သခင်ယေရှုထံ လာရောက်သောအခါ အဆင့်အတန်းမခွဲခြား သော နှလုံးသားဖြင့် ဂရုဏာမေတ္တာတို့ဖြင့် ကိုယ်နှင့် ဆက်ဆိုင်သောသူကို တုန့်ပြန်ပါ။ ထိုအရာသည် ဘုရားသခင်လိုချင်သည့် အကောင်းဆုံး လက်ဆောင်တစ်ခုပင်ဖြစ်သည်။
ဘုရားသခင် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်း
ဘုရားသခင်က မိက္ခာထံ တောင်းခဲ့သော လက်ဆောင်တစ်ခုရှိနေခဲ့သည်။ နှိမ့် ချစွာ ဘုရားသခင်အတူ လျှောက်လှမ်းရန် တောင်းခံနေပါသည်။ သခင်ယေရှုသည် လောကကြီးထဲသို့ နှိမ့်ချစွာ မွေးဖွားခံ လာရောက်ခဲ့ပါသည်။ လူတွေက ဂရိယဉ်ကျေးမှု တွေ၊ အတတ်ပညာတွေ ဖုံးလွှမ်းနေသော လောကကြီးကို အထင်ကြီး အားကျနေချိန် တွင် သခင်ယေရှုက နှိမ့်ချစွာ လူ့လောကကြီးသို့ လာရောက်ခဲ့ပါသည်။
လူများက ထောင်လွှား၍ မာနဖြင့် အသက်ရှင်နေကြသည်။ ပညာရှိသူက ပညာမာနများဖြင့်၊ ငွေရှိသူက ငွေဂုဏ် မောက်နေသည်။ ရာထူး ရှိသူများက ရာထူးဖြင့် ဂုဏ်မောက်နေကြသည်။ အလွန်ပင် စိတ်ပျက်စရာကောင်းသော အခြေအနေကို လူ များက ဂုဏ်ယူနေကြသည်။
သခင်ယေရှုခရစ်တော်သည် ကောင်းကင်ဘုံံ စည်းစိမ်ကို စွန့်လွှတ်ပြီး လူ့ လောကထဲသို့ လာရောက်ပြီး လူ့ဇာတိ ခံယူခဲ့သည်။ ထိုသို့ လူ့ဇာတိ ခံယူရာတွင်လည်း နန်းတော်ကြီးထဲသို့သွားပြီး မင်းသားတစ်ဦးသဖွယ် လာရောက်ခဲ့ခြင်းမဟုတ်။ သာမာန် အညတရ လက်သမားလေး တစ်ဦိးထံတွင် သာမန်လူတစ်ဦးသဖွယ် လာရောက်ခဲ့ သည်။ မွေးဖွားချိန်တွင်လည်း နွားတင်ကုတ်ထဲတွင် လည်း ကောင်း၊ နံစော်လှသော နွားစားခွက်ထဲတွင်လည်းကောင်း၊ မွေးဖွားခံခဲ့သည်။ နောက်လိုက် တပည့်များ၏ရှေ့ တွင် ဆရာကြီးတစ်ဦးသဖွယ် ခန်းနားကြီးကျယ်မှုတွေနှင့် အသက်မရှင်ဘဲ ရိုးရှင်းစွာပင် ပြောခဲ့သည်မှာ လူသားမှာ ခေါင်းချစရာပင် မရှိပါ ဟု ပြောဆိုခဲ့ သည်။ အထင်မကြီး သော လူများက သခင်ယေရှုကို ဟားတိုက်လှောင်ပြောင် ရယ်မောပြီး ကားတိုင်ပေါ် တွင် သတ်ဖြတ်ခဲ့သည်။ သခင်ယေရှုက တုန့်ပြန်နိုင်သော အစွမ်းရှိသော်လည်း နှိမ့်ချ စွာဖြင့် ရင်ဆိုင်ခဲ့ပြီး အသေခံခဲ့သည်။ (ဤနေရာတွင် ကယ်တင်ခြင်းအကြောင်း ထည့် ဟောနိုင်ပါသည်။)
ယနေ့ခေတ်တွင်လည်း သခင်ခရစ်တော် လက်ထက်မှာ ကဲ့သို့ပင် လူများ သည် အသုံးအဆောင်ပစ္စည်ကောင်းတွေကို ကြိုက်နေဆဲ။ လှပသည့် ကျောက်မြတ် ရတနာတွေကို ကြိုက်နေဆဲ၊ ရာထူးဌာနတွေကို ကြိုက်နေဆဲ၊ တံဆိပ်အကောင်းစား တွေကို ကြိုက်နေဆဲ ဖြစ်သည်။ ထိုအထဲတွင် သင်သည် သခင်ယေရှုကဲ့သို့ နှိမ့်ချစွာ အသက်ရှင်ပြီး ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဘို့ ဘုရားသခင်က တောင်းဆို ပါသည်။
ယနေ့ သင့်ထံတွင် မာန်၊ မာနများ ရှိကောင်း ရှိနေပါလိမ့်မည်။ ပညာမာန၊ ဥစ္စာမာန၊ အဆောင်အယောင် ရာထူးရှိသော မာန၊ အလုပ်အကိုင်ကောင်းသော မာန၊ စသော မာနအမျိုးမျိုးအပြင် အချို့က ဝိညာဉ်မာနများဖြင့် အသက်ရှင်ကြပါသည်။ အသင်းတော်ထဲတွင် ဝိညာဉ်ရေးအားနည်းသူများကို တွဲခေါ်ရမည့််အစား၊ လျစ်လျှူရှု ထားလိုက်သည်။ မပေးလှူနိုင်သူများကို ချောင်ထိုးထား လိုက်သည်။ ကျမ်းစာ မဖတ် သူများကို လူရာမသွင်း၊ . .. စသည်ဖြင့် ဝိညာဉ်မာနများ ရှိနေလျှင်လည်း ယနေ့ ထိုသူတို့ကို နှိမ့်ချစွာဖြင့် တွဲခေါ်ခြင်းအားဖြင့် သခင်ခရစ်တော်၏ မေတ္တာနှင့် နှိမ့်ချခြင်း များကို မြင်တွေ့လာစေရန် ပြသဘို့ လိုအပ်နေသည်။
ယခုပင် ဆုံးဖြတ်ပါ။ မိမိအသက်တာထဲက မာန်၊ မာနများကို ချိုးဖဲ့ပြီး သခင်ခရစ်တော်ကဲ့သို့ နှိမ့်ချစွာ အသက်ရှင်ပါမည်ဟု ဆုံးဖြတ် ချက် ချလိုက်ပါ။ 
နိဂုံး
ခရစ္စမတ်လက်ဆောင် သုံးမျိုးကို သခင်ယေရှုထံ ပေးလှူနိုင်ပါသည်။ သင် သည် ငွေမရှိသောကြောင့် စိတ်မပျက်ပါနှင့်။ ငွေများကို ဖြုန်းတီးပြီး ပေးသောခရစ္စမတ် လက်ဆောင်များကို သခင်ယေရှု အလိုတော်မရှိပါ။ နွားစား ခွက်ထဲတွင် ရှိနေမည့် သခင်ယေရှု လေးကို မျက်စိနှင့်မြင်အောင်ကြည့်ပါ။ သခင်ယေရှုကို သင်ပေးနိုင်သည့် တရားသဖြင့် ပြုခြင်း၊ ဂရုဏာကိုနှစ်သက်ခြင်း၊ နှိမ့်ချခြင်းနှင့်အတူ ဘုရားသခင်နှင့် အသက်ရှင် လိုက်လျှောက်ခြင်း ဆိုသော လက်ဆောင်သုံးခုကို ယခုပင် ပေးလိုက်ပါ။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
နာမတော်မြတ်၌
Rev. ဦးမင်းလွင်
ကိုးမိုင်ခရစ်ယာန်အသင်းတော်
Sep 19, 2018
ဘုရားသခင်ကို သိကျွမ်းခြင်း
    ဝိညာဉ်ရေးရာတွင် ကြီးထွားရင့်ကျက်ရန် အရေးကြီးကြောင်း လူတိုင်းက လက်ခံကြသည်။ သို့သော် ထိုသို့ ဝိညာဉ်ရေးရာ ရင်ကျက်ကြီးထွားရန် သီချင်းဆိုတတ်ဘို့၊ တရားဟောတတ်ဘို့၊ စကားလုံး လှလှဖြင့် ဆုတောင်း တတ်ဘို့၊ Sunday School သင်တတ်ဘို့၊ ကျမ်းစာ သင်တတ်ဘို့ စသည် လုပ်ဆောင်မှုများကို ကျွမ်းကျင် ပိုင်နိုင် စွာ လုပ်ဆောင် တတ်ဘို့ ဦးတည် ကြိုးစား အားထုပ်ကြသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ လုပ်ဆောင်မှု ဟူသမျှ သည် အပြင်ပိုင်း လုပ်ဆောင်မှု များသာဖြစ်ပြီး၊ ဝိညာဉ်ရေးရာ အတွင်းပိုင်း တိုးတက်မှု အတွက် မစဉ်းစား မလုပ်ဆောင် ကြချေ။ ထိုသို့ ဝိညာဉ်ရေးရာ အတွင်းပိုင်း တိုးတက် ကြီးထွားရန် အဓိက လိုအပ်ချက်မှာ ဘုရားသခင်ကို သိကျွမ်းခြင်းသာလျှင် ဖြစ်ပါသည်။
ကောလောသဲ ၁း၁၀-၁၁
ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုး တည်းဟူသော အသီးကိုသီးခြင်း ဘုရားသခင်ကို သိသောညဏ် တိုးပွားခြင်း၊ ရှိသ ဖြင့် လည်းကောင်း၊ ဝမ်းမြောက်သော စိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည် ခြင်း အလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့် လည်း ကောင်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် သခင်ဘုရားနှင့် ထိုက် လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မ ညဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။ (ကောလောသဲ ၁း၁၀-၁၁)
ရှင်ပေါလု၏ ဆုတောင်း   
    ကောလောသဲမြို့တွင် ရှိသော အသင်းတော်ရှိ အသင်းသားများအတွက် ဆုတောင်းပေး သောအခါ အထက်တွင် ဖေါ်ပြထားသော အပြင်ပိုင်း လုပ်ဆောင်ချက်များ တိုးတက်လာရန် ဆုတောင်းခြင်း မပြုခဲ့ပါ။ ထိုအရာများ မလိုအပ်၍ မဟုတ်ပါ။ ထိုအရာများသည် ဝိညာဉ်ရေးရာ ရင့်ကျက်လာသူများက အလိုအလျောက် လုပ်ဆောင်နိုင် မည်ဖြစ်သည်။ ရှင်ပေါလု ဆုတောင်းပေး သောအချက်မှာ ဘုရားသခင်ကို သိသောညဏ် တိုးပွားလာစေရန် အဓိက ဆုတောင်း ပေးခဲ့ပါသည်။
    သင်တို့၏ ဝိညာဉ်ရေးရာ တိုးတက်မှု ရှိစေရန် ထိုအချက်ကို ဦးစားပေး ပြောလိုပါသည်။ ထိုသို့ ဆိုရာတွင် ကျမ်းစာများ ပိုမို တတ်ကျွမ်းလာရန် အရေးကြီးသည်ဟု မဆိုလိုပါ။ ဘုရားသခင် ၏အကြောင်းကို ကိုယ်တိုင် သိကျွမ်းလာဘို့ အဓိက ပြောချင်ပါသည်။ ဘုရားသခင်၏ အပေါ်ယံ အကြောင်းတရားများကို ဆိုလိုခြင်း မဟုတ်ပါ။ မိမိအသက်တာထဲက နှလုံးသားဖြင့် သိကျွမ်းလာ ခြင်းကို ဦးစားပေး ပြောဆိုလိုပါသည်။ ဝိညာဉ် ရေးရာကို တိုးတက်သည်ဟု ဆိုရာတွင် သင်ကိုယ်တိုင် မည်သို့ သတ်မှတ်ထားပါသနည်း။ လုပ်ဆောင်မှု တိုးတတ်ရန် လိုသည်ဟု ထင်မြင်ပါသလား၊ (သို့) နှလုံးသားထဲမှ ဘုရားသခင်ကို ရင်းနှီး ကျွမ်းဝင်မှုဖြင့် သိကျွမ်းပါသလား။
စစ်မှန်သော ဘုရားသခင်ကို သိကျွမ်းခြင်း   
    ခရစ်ယာန်တစ်ဦး အနေဖြင့် အသက်ရှင်ရာ၌ အခြေအနေ အားလုံးအတွက် ဘုရားသခင်ကို သိကျွမ်းဘို့ လိုအပ်ပါသည်။ ကယ်တင်ခြင်းရဘို့၊ အသက်တာလျှောက်လှမ်းဘို့၊ အမှုတော်ဆောင်ရွက် ဘို့ အခြေအနေအားလုံးတွင် ဘုရားသခင်ကို သိကျွမ်းဘို့ လိုအပ်ပါသည်။ ဘုရားသခင်သည် မည်ကဲ့ သို့ အရည်အချင်း၊ ဂုဏ်တော်များ ရှိပါသနည်း။ မည်ကဲ့သို့သောပုဂ္ဂိုလ် ဖြစ်ပါသနည်း။ လောကထဲ တွင်ရှိသော အခြားသော ဘုရားများနှင့် ခြားနားချက်များက မည်သို့ရှိပါလဲ။ အစရှိသဖြင့် များစွာ လေ့ လာဘို့ လိုအပ်ပါလိမ့်မည်။ ထိုဘုရားက မိမိအသက်တာကို မည်သည့်အရာများ လုပ်ဆောင်ပေးသ နည်း ဆိုသော အချက်များကို ကိုယ်တိုင်ကိုယ်ကျ မိမိအသက်တာအားဖြင့် သိကျွမ်းဘို့ လိုအပ်ပါ သည်။ 
    ထိုသို့ဆိုရာတွင် ခရစ်ယာန်ဖြစ်လာသောသူက မိမိသည် ဘုရားကိုသိလို့၊ ယုံကြည်လို့ ခရစ်ယာန်ဖြစ်လာတာ ဘဲ။ သိပြီးသားဘဲ အစရှိသည်ဖြင့် ဆိုနိုင်ပါသည်။ လက်ရှိ အခြေအနေတွင် ဘုရားသခင်ကို သိကျွမ်းပြီးဖြစ်သည့်အတွက် နောက်ထပ် ဘာများ သိစရာ လိုပါသေးသနည်းဟု မေးကောင်း မေးနိုင်ပါသည်။
    ခရစ်ယာန် ဖြစ်လာပြီးနောက် အသင်းတော် ထဲတွင် ပါဝင်သည့်အချိန်၌ အခက်အခဲများစွာ တွေ့နိုင်ပါသည်။ ကိုယ်ကာယပိုင်း အခက်အခဲ၊ စိတ်ဓါတ်ရေးရာအခက်အခဲ၊ ဝိညာဉ်ရေးရာ ပြဿ နာများ၊ စသည်တို့အပြင်၊ သြဝါဒနှင့်ဆိုင်သော ပြဿနာများ၊ အသင်းတော်ထဲတွင် မိမိမခံယူနိုင်သည့် ဆုံးဖြတ်ချက် ပြဿနာ အစရှိသည့် ပြဿနာများ ဖြစ်သည်။ ထိုအရာများကို ကိုင်တွယ်ရာတွင် မိမိ ကိုယ်တိုင် အခက်အခဲ အဆင် မပြေမှု မြောက်များစွာ တွေ့ကြုံရလေတော့သည်။ မိမိကိုယ်တိုင်က ယုံကြည်ခြင်း ရှိပါသည်။ ထိုယုံကြည်ခြင်းကို မည်ကဲ့သို့ အသုံးချနေပါသနည်း။ ထိုအချိန်မျိုးတွင် မိမိ၏ ယုံကြည်ခြင်းသည် မိမိ အားကိုးသော ဆရာသမားများ၊ မိဘများ၊ သူငယ်ချင်းများ တွင်သော် လည်းကောင်း၊ တစ်ခါတစ်ရံ မိမိ ပိုင်ဆိုင်သည့် စီးစိမ်ဥစ္စာများ အပေါ်တွင်သော် လည်းကောင်း၊ တစ်ခါတစ်ရံ မိမိ၏ပညာ အစွမ်းအစများ အပေါ်တွင်လည်းကောင်း တင်ထားတတ်ကြသည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ ဘုရားသခင်ကို သိသင့်သလောက် မသိသောကြောင့် ဖြစ်သည်။ ဘုရားကို စိတ်မချသောကြောင့် ဖြစ်သည်။ ထိုဘုရားက မိမိကို မည်မျှလောက် ချစ်မြတ်နိုးပြီး၊ မည်မျှလောက် တာဝန် ယူသည်ကို သိနားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပြီ ဆိုပါက မိမိ၏ ပြဿနာ အခက်အခဲများ အတွက် ထိုဘုရားသခင်ကိုသာ ယုံကြည်အားကိုးတော့ မည်ဖြစ်သည်။ ထိုသို့ ယုံကြည်ခြင်းဖြင့် ထိုဘုရားသခင် ပေါ်တွင် ရပ်တည် လိုက်ပြီဆိုပါက သင်၏ ပြဿနာ အခြေအနေများ မည်ကဲ့သို့ ရင်ဆိုင်ကြုံတွေ့ရသည် ဖြစ်ပါစေ အရှုံး မရှိတော့ပါ။
စစ်မှန်သော အားပြည့်ခြင်း
    ဘုရားသခင် ဆိုတာ ဘုရားဘဲ ဖြစ်ပါတယ်။ ဘုရားဆိုတာ လူမဟုတ်ပါ။ ဘုရားဆိုတာ ဖန်ဆင်းရှင်သာ ဖြစ်ပါ တယ်။ ရှိပြီးသားအရာကို ထပ်မံ ပြင်ဆင်လုပ်ဆောင် သောသူသည် ဖန်တီးရှင် သာဖြစ်သည်။ ဖန်ဆင်းရှင်ဆို သည်မှာ မည်သည့်အရာမျှ မရှိသောအရာထဲတွင် တန်ခိုးတော်ကို အသုံးပြုပြီး အမှန်တကယ် ရှိလာအောင် ဆောင်ရွက်သော အရာကို ဖန်ဆင်းရှင်ဟု ခေါ်ပါသည်။ ဘုရားသခင် သာရှိလျှင် အားလုံးအဆင်ပြေပါသည်။ ထိုဘုရားသခင်သည် ရှိပြီးသားအရာကို တစ်ခု မျှ အခြေမခံဘဲ လိုအပ်သည့် အချိန်မှာ လိုအပ်သလို လုပ်ဆောင်ပေးနိုင်သော အရည်အချင်းကို ပိုင်ဆိုင်ထားသောသူ ဖြစ်သည်။ ကျွနု်ပ်တို့ ကိုးကွယ်သောဘုရားသည် အရာခပ်သိမ်းကို ဖန်ဆင်း သော ဖန်ဆင်းရှင်ဖြစ်သည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် အရာခပ်သိမ်းကို ဖန်ဆင်းသော ဖန်ဆင်းရှင်ပေါ်တွင် သင်နှင့် ကျွနု်ပ်တို့၏ ယုံကြည်ခြင်းကို တည်ဆောက်ထားရန် တိုက်တွန်းလိုပါသည်။
    သင့်ဘဝထဲတွင် မည်သည့်အကြောင်းကြောင့် အားငယ်နေပါသနည်း။ ဟေရှာယ ၄၀း၃၁ တွင် ဘုရားကို မျှော်လင့်သောသူတို့သည် အားပြည့်ကြလိမ့်မည်ဟု ဖေါ်ပြထားပါသည်။ ပိုက်ဆံရှိ၍ အားပြည့်ခြင်း၊ ဂုဏ်ရှိ၍အား ပြည့်ခြင်း၊ အပေါင်းအသင်းကို မှီ၍ အားပြည့်ခြင်း၊ အစရှိသည် တို့သည် အမှန်တကယ်အားပြည့်ခြင်း ဟုတ်ပါသလား။ ဘုရားသခင်ကို ကြည့်ရှု မျှော်လင့်ပြီး အသက်ရှင်သော သူတို့သာလျှင် အမှန်တကယ် အားပြည့်သော သူများဖြစ်ကြပါသည်။ ထိုသူတို့ ကိုသာ ဘုရားသခင်ကို သိကျွမ်းသောသူ ဟု ခေါ်ပါသည်။ သင်ကိုယ်တိုင် ဘုရားသခင်ကို သိကျွမ်းသောသူ ဖြစ်ပါစေ။
Sep 12, 2018
အာဗြဟံ၏ ကိုးကွယ်ခြင်း စံပြပုံစံ
အခြေပြုကျမ်း - ကမ္ဘာဦး ၂၂း၁-၁၉
နိဒါန်း
ယနေ့ ခရစ်ယာန်ကမ္ဘာတွင် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း အကြောင်းကို သိရှိသူ အနည်းငယ်သာ ရှိပါလိမ့်မည်။ ချားလ်စတန်လေက တခါတုန်းက ပြောဘူးပါသည်။ ခရစ်ယာန်အများစု၊ အသင်းတော် အများစု သည် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း အကြောင်းကို မသိကြပါ။ ကျွနု်ပ်တို့သည် အသင်းတော်သို့ သွား ပါသည်။ သို့သော် စစ်မှန်သော ဝတ်ပြုကိုးကွယ်မှုတော့ မပြုကြပါ။ ကျွနု်ပ်တို့သည် ဂုဏ်တော် သီချင်းများ သီဆိုကြသည်။ သို့သော် စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှုတော့ မပြုလုပ်ကြပါ။ ကျွနု်ပ်တို့သည် တရား ဒေသနာများကို နားထောင်ကြသည်။ သို့သော် စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှုများ ကိုတော့ မပြုလုပ်ကြပါ။ အထက်ပါ အချက်အလက် များသည် ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင် အရေးကြီးသော အရာများ ဖြစ်ကြပါ သည်။ သို့သော် ထိုအရာများသည် ဝတ်ပြု ကိုးကွယ်နေသော အရာများ မဟုတ်ကြပါ။ ကျွနု်ပ်ဆိုလိုသည်မှာ သင်သည် အထက်ပါအရာများကို အားလုံး တတ်ကြွစွာ လုပ်ဆောင်နေသည့် တိုင်အောင် ထိုအရာများသည် ဝတ်ပြုကိုးကွယ်မှုများ မဟုတ်ကြပါ။ ထိုအရာများသည် ဝတ်ပြု ကိုးကွယ်ခြင်း၏ အစိတ်အပိုင်းများသာ ဖြစ် ကြပါသည်။ ကျွနု်ပ်တို့ ခရစ်ယာန်များသည် ဝတ်ပြု ကိုးကွယ်မှုများ အတွက် ဝတ်ပြုကိုးကွယ်ခြင်း ဆိုသည့် အဓိပ္ပါယ်ကို မှားယွင်းစွာ အနက်ဖွင့်ဆိုနေကြသည်။
သင်သည် တရား ဒေသနာများကို သော်လည်းကောင်း၊ အသင်းတော်၏ အစီအစဉ် များကို သော်လည်း ကောင်း၊ ဂုဏ်တော် သီချင်းများကို သော်လည်းကောင်း၊ ကြိုက်နှစ်သက်ကောင်း ကြိုက်နှစ်သက် ပါလိမ့်မည်။ သို့သော် ဘုရားသခင်က ထိုအရာများကို ကြိုက်နှစ်သက် ပါသလား။ အသင်းတော်များ၏ အမှားအယွင်း တစ်ချက်မှာ အသင်းတော်၏ ဝတ်ပြု ကိုးကွယ်ခြင်းကို အချိန် ကန့်သတ် ထားလေ့ရှိသည်။ တစ်ပတ်တွင် တစ်နာရီ လောက်သာ ဖြစ်လေသည်။ တစ်ခါတစ်ရံ အသင်းတော်သို့ လာရောက်သည်မှာ ဖျော်ဖြေပွဲ တစ်ခုကို လာရောက် လေ့လာ ကြည့်ရှုနေသော သဘောလောက်သာ ဖြစ်သည်။ ကျွန်တော်သည် အသင်းတော် တစ် ခုသို့ ရောက်သောအခါ  ဖွင့်လှစ်မြင်ရသည့် အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကျွန်တော် သည် သင့်ကို နောက်မှီခုံတွင် သက်တောင့် သက်သာ ပျော်ရွှင်ဝမ်းမြောက်စွာ ရှိစေရန် သင့်အတွက် ပြင်ဆင် ထားသည်။ ထိုသူတို့သည် လာရောက်ချိန်တွင် သက်တောင့်သက်သာရှိပြီး သူအတွက် အဆင်ပြေ ကောင်းမွန်လျှင် ကောင်းမွန်သော ဝတ်ပြုကိုးကွယ်မှု အဖြစ် အသိအမှတ်ပြုကြ ပေလိမ့်မည်။ ကျွန်တော် တို့သည် ဝတ်ပြုကိုးကွယ်မှု အစီအစဉ် တစ်ခုလုံးကို သေချာ ပြန်လည် သုံးသပ် ကြည့်ကြပေလိမ့်မည်။ ကျွန်တော် တို့သည် ပရိတ်သတ် များအဖြစ် ကိုယ့်ကိုကိုယ် ရှုမြင်ကြပေလိမ့်မည်။ သင်းအုပ် ဆရာနှင့် အစီအစဉ် တွင် ပါဝင်ကြသူများကို ဖျော်ဖြေ တင်ဆက်သူများအဖြစ် ရှုမြင် သုံးသပ် ကြပေလိမ့်မည်။ ဘုရားသခင် ကိုယ်တိုင်က ပရိတ်သတ် တစ်ဦး ဖြစ်နိုင်ပါမလား။ ဤဝတ်ပြု ကိုးကွယ် ဖျော်ဖြေပွဲကြီးတွင် ပါဝင်နေကြသူများ အားလုံးသည် ကိုယ့်အတွက် လုပ်ဆောင်နေကြသည်။ ကိုယ့်အတွက်ဟု ခံစားနေကြသည်။ အမှန်တကယ် ဖြစ်နေခြင်း မဟုတ်ဟု ခံစားနေ တတ်ကြသည်။ ကျွန်တော်တို့သည် မှန်ကန်သော ဝတ်ပြုကိုးကွယ်ခြင်းကို ဆောင်ရွက်လိုပါလျှင် ထိုအရာသည် ကျွန်တော်တို့အတွက် မဟုတ်ပါ။ ထိုအရာသည် ဘုရားသခင် အတွက်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဝတ်ပြု ကိုးကွယ်ခြင်း သည် ဘုရားသခင်၏  အလိုဆန္ဒနှင့် ဝတ်ပြု ကိုးကွယ် နေရသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့သည် မည်ကဲ့သို့ ဝတ်ပြု ကိုးကွယ်ရမည်ကို သင်ယူဘို့ လိုအပ်ပါသည်။
ဝတ်ပြု ကိုးကွယ်ခြင်းဆိုသော စကားလုံးကို ကျမ်းစာထဲတွင် ပထမဦးဆုံးမြင်ရသည်မှာ ကမ္ဘာဦးကျမ်း ၂၂း၅ တွင်ဖြစ်သည်။ ဤအပိုင်းတွင် ကျွန်တော်တို့သည် အာဗြဟံ အကြောင်းကို လေ့လာရမည်ဖြစ်သည်။ အာဗြဟံ သင်ပေးသောအရာများထဲမှ ကျွန်တော်တို့ သင်ယူရမည့်အရာများ ရှိနေပါသည်။
စစ်မှန်သောကိုးကွယ်ခြင်းတွင် ပါဝင်ရမည့်အရာများ
၁။ ဘုရားသခင်၏ ဖွင့်ပြခြင်း (အငယ် ၁-၂)
ဤနေရာတွင် အာဗြဟံသည် ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ရန်အတွက် ဘုရားသခင် ကိုယ်တိုင်က မည်သို့ လုပ်ဆောင် ရမည်ကို ကိုယ်တော်တိုင် ဖွင့်ပြခြင်းကို ခံစားရသည်။ "သင်သည် အလွန်ချစ်သော တစ်ယောက် တည်းသော သားဣဇတ်ကို ယူ၍ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့" ဟု မိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၂) စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း တွင် ဘုရားသခင်၏ ဖွင့်ပြခြင်း ရှိရမည်။ ထိုနေရာတွင် မိမိဘာကြိုက်သည်၊ မကြိုက်သည်က အရေး မကြီးပါ။ ကိုယ်ရေးကိုတာများ၊ မိမိ စိတ်ဝင်စားသော အရာများက အရေးမကြီးပါ။ ဘုရားသခင်၏ ဖွင့်ပြခြင်းကသာ အရေးကြီး ပါသည်။ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်၏ သမ္မာကျမ်းစာကိုသာ အခြေပြု ရမည်။ တေးသီချင်းနှင့် ဂုဏ်တော် ချီးမွမ်းခြင်းများ သည်လည်းကောင်း၊ သက်သေခံခြင်းများ သည်လည်းကောင်း၊ ဆုတောင်းခြင်းများ သည်လည်းကောင်း၊ တရားဟောခြင်းများသည်လည်းကောင်း နှုတ်ခပတ်တော် သမ္မာ ကျမ်းစာနှင့် အညီ ဖြစ်ရမည်။ ဝတ်ပြု ကိုးကွယ်ခြင်းတွင် အဘယ်ကြောင့် နှုတ်ခပတ်တော်သည် မရှိမဖြစ် လိုအပ်ရပါ သနည်း။ ကျွန်တော်တို့ ကိုးကွယ်သော ဘုရားမှာ ကျွန်တော်တို့ စိတ်ထင်နှင့် ကိုးကွယ် နေသော ဘုရားမဟုတ်။ တနည်းအားဖြင့် ကျွန်တော်တို့၏ စိတ်ကူးထဲက ဘုရား မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့သည် မိမိတို့ စိတ်ထင်သည့် အတိုင်း စီရင်ကိုးကွယ်၍ မရပါ။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် မိမိကိုယ်မိမိ မည်ကဲ့သို့ ဘုရားဖြစ်ကြောင်း ဖော်ထုပ်ဖွင့်ပြခဲ့သည်။ ထိုသို့ ကိုယ်တိုင်ဖေါ်ထုပ် ဖွင့်ပြရာ၌ မည်သည့်အရာကို ကြိုက်နှစ်သက်သည်၊ မည်သည့်အရာကို မုန်းတီးသည် အစရှိသဖြင့် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြသည့်အတိုင်း ကျွန်တော်တို့က ကိုးကွယ်ရမည် ဖြစ်သည်။
ဘော်လုံးသမား တစ်ယောက်သည် ဘော်လုံးထိန်းသိမ်းမှု ကျွမ်းကျင်လာရန်နှင့် ဂိုးများများ သွင်းနိုင်ရန် ပျင်းရိမှုမရှိဘဲ နေ့စဉ် လေ့ကျင့်ရသည်။ အဆိုတော် ဖြစ်ချင်သူ တစ်ဦးသည် သီချင်းသီဆိုမှု အဖြတ် အတောက် မှန်ကန်မှုရှိစေရန်နှင့် အသံကောင်းလာရန် လေ့ကျင့်မှု ပြုလုပ်ရသည်။ စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှု ပြုလုပ်လိုသူသည် ပျင်းရိမှုမရှိဘဲ ဘုရားသခင်၏ နှုတ်ခပတ်တော်က မည်ကဲ့သို့ ဖော်ပြ သွန်သင်ကြောင်း နေ့စဉ် ခံယူနိုင်ရန် ကျမ်းစာကို စေ့စေ့ကြည့်ရှု လေ့လာဖတ်ရှုရမည်ဖြစ်သည်။ သင်သည် တနင်္ဂနွေနေ့တွင် ဘုရားသခင် ထံမှ မည်သည့်အရာမျှ မျှော်လင့်ထားခြင်း လည်းမရှိ၊ သီချင်းဆိုခြင်းကို နားထောင်ရုံမျှသာ၊ သက်သေခံချက်ကို နားထောင်ရုံမျှသာ၊ တရားဟောချက်များကို နားထောင်ရုံမျှသာ ပြုလုပ်ခဲ့သည်ဆိုပါက သင်သည် မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မပြုလုပ်သေးပါဟု ကျွန်တော်ပြောလို ပါသည်။
၂။ အသက်တာပြင်ဆင်ခြင်း (အငယ် ၃)
"အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသား၊ ဣဇတ်နှင့် ငယ်သား နှစ်ယောက်ကို ခေါ်၍ မီးရှို့စရာ ထင်းကို ခွဲပြီးမှ၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။" (ကမ္ဘာ၂၂း၃)
ဘုရားသခင်ထံမှ အာဗြဟံသည် ဖွင့်ပြခြင်းကို လက်ခံရယူပြီးနောက် ချက်ခြင်းပင် နာခံမှုဖြင့် ပြင်ဆင် သည်ကို တွေ့ရမည်။ သူသည် တပည့်များကိုခေါ်ရသည်။ ထင်များရရန် ခွဲရသည်၊ ခြမ်းရသည်။ အဆင်ပြေသော ထင်းချောင်များကို ရွေးယူရသည်။ မီးကိုလည်း ယူရသည်။ လိုအပ်သမျှကို ပြင်ဆင်သည် ကိုတွေ့ရသည်။ ကျွန်တော်တို့သည် အာဗြဟံကဲ့သို့ ဘုရားသခင်၏ နှုတ်ခပတ်တော်ကို ရလျှင်ရခြင်း မှန်သော ဝတ်ပြု ကိုးကွယ်မှုကို ပြုလုပ်ရန် ချက်ခြင်း ပြင်ဆင်သင့်ပါသည်။ ကျွန်တော်တို့သည် ကျမ်းစာနှင့် အညီ ဝတ်ပြု နေသည် ဆိုဦးတော့ ပြင်ဆင်မှု မရှိလျှင်လည်း အချည်းအနှီးသာ ဖြစ်သည်။ ဘောလုံးသမား တစ်ဦးသည် ဘောလုံးကန်ဘို့ အမြဲပြင်ဆင်နေရသည်။ စိတ်ဓါတ်ရေးရာ၊ သက်လုံ ကောင်းမှု၊ ကျွမ်းကျင်မှု ရှိစေရန် ပြင်ဆင်နေရသည်။
နှုတ်ခပတ်တော်ကို နားထောင်ခြင်းသည် အသက်တာ ပြင်ဆင်ရန် ရည်ရွယ်ချက် ရှိရမည်ဖြစ်သည်။ ဝတ်ပြု ကိုးကွယ်သည့် နေရာသို့ သွားရန်အတွက် အာဗြဟံက ပြင်ဆင်သည်။ ကျွန်တော်တို့သည် ဝတ်ပြု ကိုးကွယ်မည့် အသင်းတော်သို့ မသွားမှီ အများအပြား ပြင်ဆင်စရာ ရှိသည်။ အလှူငွေထည့်စရာ ပြင်ဆင်ရ မည်။ သက်သေခံ လိုသူသည် သက်သေခံမည့် အချက်အလက်များကို ပြင်ဆင်ရသည်။ ဂုဏ်တော် ချီးမွမ်းလိုသူသည် ကြိုတင် သီချင်းတိုက်ရမည်။ နှုတ်ခပတ်တော် ဟောပြောမည့် သူသည်လည်း ကြိုတင်ပြင် ဆင်ရသည်။ အချို့ အသင်းတော်များတွင် ကြိုတင်ပြင်ဆင်မှု မရှိကြသည့် အတွက် သက်သေခံပါ ဆိုလျှင် သက်သေ ခံမည့်သူမရှိ။ အချို့က သက်သေခံသည်ဟု ပြောသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိသောကြောင့် ပြောချင်ရာ ပြောနေ ကြသည်။ အချို့က တရားဟောနေသည် ဆိုသော်လည်း နှုတ်ခပတ်တော် မပါသော ဟောပြောချက်များသာ ကြားနေရသည်။ ထို့ကြောင့် ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်မှုများသည် ဘုန်းတော် မထင်ရှားသည့်အပြင် မြင်ရသူများ အတွက် ကဲ့ရဲ့စရာ၊ ရှုံ့ချစရာသာ ဖြစ်နေကြတော့သည်။ နှလုံးသားမပါဘဲ ဝတ်ပြုကိုးကွယ်မှု ပြုနေကြ သောကြောင့် ဘာသာခြားများ လာရောက် လေ့လာလျှင်ပင် အထင်ကြီး လေးစားဘွယ် မရှိကြချေ။
၃။ လောကအရာများနှင့် ခွဲခွာရသည်။ (အငယ် ၅)
"ငယ်သား နှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌ မြည်းနှင့် အတူရပ်နေကြလော့။ ငါသည် သားနှင့် အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကို ပြုအံ့။ ထိုအမှုပြီးမှ သင်တို့ဆီသို့ ပြန်လာဦးမည်ဟု ဆိုလေ၏။" (ကမ္ဘာ ၂၂း၅)
ဘုရားသခင်၏ ဖွင့်ပြမှုကို နားမလည်သောသူများနှင့် အတူ ဝတ်ပြုကိုးကွယ်၍မရခြေ၊ ထိုသူတို့နှင့် ခွဲခြားပြီး နေထိုင်ရပါသည်။ အာဗြဟံသည် နှုတ်ခပတ်တော်မသိသော တပည့်များနှင့်ခွဲခြားပြီး သွားခဲ့သည်ကို တွေ့မြင် နိုင်ပါသည်။ ထိုငယ်သား နှုတ်ခပတ်တော် မသိသောသူများကို ဝတ်ပြု ကိုးကွယ်မည့် နေရာသို့ ခေါ်မသွားပါ။ အပြစ် ရှိသောသူများ၏ တွေးခေါ်ပုံနှင့် ကယ်တင်ခြင်း ရရှိပြီးသော သူတို့၏ တွေးခေါ်ပုံ မတူညီကြပါ။ ထိုကြောင့် ထိုသူတို့နှင့် အတူတကွ တွဲ၍ ဝတ်ပြု ကိုးကွယ်သော သူများအတွင် အခက်အခဲများ ရှိနေကြပါသည်။ ဝတ်ပြု ကိုးကွယ်ရာတွင် ငွေကြေးများကို မေ့ထားလိုက်ပါ။ အလုပ်များကို နောက်မှာထား လိုက်ပါ။ ဝတ်ပြု ကိုးကွယ်ရာတွင် အနှောက်အယှက် ဖြစ်မည့် အရာများကို မေ့ထားလိုက်ပါ။ မိမိကြိုက်နှစ် သက်သော အရာများကို မေ့ထားလိုက်ပြီး ဘုရားသခင် ကိုသာ မျက်မှောက်ပြုထားလိုက်ပါ။
 တခါတုန်က တရားဟော အလွန်ကောင်းသည့် ဟင်နီရီ ဝါ့ဘီချာ ဆိုသည့် တရားဟော ဆရာကြီး လာရောက် လည်ပတ်မည့် သတင်းကို တမြို့လုံး ကြားသိကြပြီး ထိုဘုရားကျောင်းသို့ ရောက်ရှိ လာကြပါသည်။ သို့သော် အမှန်တကယ် တရားဟောမည့် အချိန် ရောက်သောအခါ တခြား ဆရာတစ်ဦးက တရားဟော လိုက်သောအခါ လူအချို့တို့သည် စိတ်ပျက်သွားကြပြီး ထပြန်ကြရန် ပြင်ဆင်ကြပါသည်။ ထိုအခါ တရားဟောမည့် သူလည်း အလွန် စိတ်ပျက်သွားပြီး ပြောလိုက်သည်မှာကား ဟင်နရီ ဝါ့ဘီချာ ကို လာရောက် ဝတ်ပြု ကိုးကွယ်သော သူတို့ ပြန်နိုင်ပါသည်။ ဘုရားသခင်ကို ဆက်လက် ဝတ်ပြုကိုးကွယ် မည့်သူများ ဆက်လက် ထိုင်ပေးကြပါဟူ၍ ပြောလိုက်ပါသည်။
သင်ကြိုက်နှစ်သည့် တရားဟောဆရာထက် ဘုရားသခင်က ပိုအရေးကြီးသည်၊ သင်ကြိုက်သော ဝတ်ပြု ကိုးကွယ်ခြင်းကို ဦးဆောင်သည့် ခေါင်းဆောင် (   Worship Leader) ဖြစ်ချင်မှ ဖြစ်မည်။ ဘုရားသခင်သာ လျှင် ပိုမို အရေးကြီးပါသည်။ တစ်ခါတစ်ရံ သင်းအုပ်ဆရာက ဟောပြောသော အရာသည် သင်မကြိုက်သည့် အကြောင်းအရာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မေ့ထားလိုက်ပါ။ မိမိအလို ဆန္ဒကို ဦးစားမပေးပါနှင့်။ သင်သည် ထိုအရာများကို ကြိုက်နှစ်သက်ပါလိမ့်မည်။ သို့သော်ထိုအရာများကို ဦးစားပေးရန်မဟုတ်ပါ။
မိမိတို့၏ ဝတ်ပြု ကိုးကွယ်မှုအတွက် စနေနေ့ ညမှာ ကတည်းကပင် လောကအရာများနှင့် ခွဲခြားပြီး ပြင်ဆင် ထားရမည်။
၄။ ယုံကြည်ခြင်းဖြင့် ကြော်ငြာပေးရမည်။ (အငယ် ၈)
"အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ (ကမ္ဘာ ၂၂း၈)
 အာဗြဟံသည် ဝတ်ပြု ကိုးကွယ်ရာတွင် ယုံကြည်ခြင်း ပါဝင်သည်။ ဘုရားသခင် ပြင်ဆင်ပေးလိမ့်မည်။ ယုံကြည်ခြင်း ပါသည်။ ဘုရားသခင်က မည်ကဲ့သို့ အလုပ်လုပ်မည်ကို ကြိုတင် ခံစားပေးပြီး ယုံကြည်ခြင်း အပြည့်ဖြင့် ကြွေးကြော်ခဲ့သည်။ သင်သည် ဘုရားသခင်၏ အမှုအရာများကို လေ့လာဘို့ လိုပါသည်။ ယုံကြည်ဘို့ လိုပါသည်။ ချီးမွမ်း ကိုးကွယ်ခြင်း ဆိုရာတွင် အပိုင်း (၂) ပိုင်းပါဝင်ပါသည်။ ချီမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြော်ငြာခြင်း ဖြစ်သည်။ ကိုးကွယ်ခြင်း ဆိုသည်မှာ ဘုရားသခင်သည် မည်သူဖြစ်သည်ကို ကြော်ငြာ နေခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် မကြာခင် ကာလက ဘုရားသခင် ကျွန်တော်တို့ကို မည်ကဲ့သို့ ကျေးဇူပြုခဲ့ကြောင်း ကြော်ငြာဘူးပါသလား။ ကျွန်တော်တို့ အသက်တာတွင် ဘုရားသခင်သည် မည်ကဲ့သို့ ကောင်းကြီးပေးမည်ကို အာဗြဟံကဲ့သို့ ယုံကြည်ခြင်း ရှိနေဘို့ လိုအပ်ပါသည်။ အာဗြဟံသည် သူလိုချင်သည့် အတိုင်း ရရှိခဲ့သောကြောင့် (အခန်းငယ် ၁၄) တွင် ထိုနေရာကို လိုအပ်သမျှ ထောက်ပံ့ပေးသော အရှင်ဟူ၍ ကြော်ငြာပေးခဲ့ပါသည်။ ဆိုလိုသည်မှာ အာဗြဟံသည် သူလိုချင်သည့် အရာများကို သူယုံကြည် ကြော်ငြာခဲ့သည့်အတိုင်း ရရှိခဲ့သည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။
၅။ ဘုရားသခင်ကို ဆက်ကပ်ရမည်။ (အငယ် ၉-၁၀)
ထိုသို့ နှစ်ယောက် အတူတူသွား၍ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကို ခင်းပြီးလျှင်၊ သားဣဇတ်ကို ချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကို ဆန့်၍ သားကို သတ်ခြင်းငှါ ထားကို ကိုင်ယူလေ၏။ (ကမ္ဘာ ၂၂း၉-၁၀)
အာဗြဟံသည် တစ်ဦးတည်းသောသား ဣဇတ်ကို ဘုရားသခင်ထံ ဆက်ကပ်ခဲ့ပါသည်။ သူ့ထံတွင် သား (၁၂) ယောက်မရှိပါ။ တစ်ဦးတည်းသော သားကို ဆက်ကပ်ခဲ့ပါသည်။ ဘုရားသခင်က ကတိ ပေးထားသော သားဖြစ်ပါသည်။ ထိုသားအားဖြင့် မိမိ၏ အဆက် အနွယ်ကိုလည်း ပွားများစေမည်၊ လူမျိုးကြီး ဖြစ်စေရ မည်ဟု ကတိ ရထားသူလည်း ဖြစ်ပါသည်။ သို့သော်လည်း အာဗြဟံသည် ဘုရားသခင်ကို အလုံးစုံ ဆပ်ကပ်ထားသည်။ မိမိတွင် ဘာမျှ မရှိလျှင်လည်း ကိစ္စမရှိ။ ဘုရားသခင်၏ နှုတ်ခပတ်တော်ကို ဦးစားပေးမည်။ အသက်တာကို ဆက်ကပ်မည်။ အာဗြဟံသည် နှုတ်ဖြင့် သက်သက်သာ ဆက်ကပ်သူမဟုတ်။ မိမိဓါးကို လက်ဖြင့် မြှောက်လိုက်ပြီး အမှန်တကယ် သတ်ရန် လုပ်ဆောင်သည်။ ဝတ်ပြုကိုးကွယ် သည်ဆိုရာ၌ အမှန်တကယ် အဖိုးအခ ပေးရန် လိုအပ်ပါသည်။ စစ်မှန် သော ဝတ်ပြုကိုးကွယ်ခြင်းတွင် မိမိ၏ အကောင်းဆုံး အရာကို ဘုရား သခင်အတွက် အကောင်းဆုံး ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ပေးဆပ်သင့်ပါသည်။
စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတွင် ရရှိခံစားခဲ့ရသည် အကျိုးရလဒ်
၁။ ကောင်းကြီးမင်္ဂလာ ပြန်လည်သိမ်းဆည်းခြင်း။ (အခန်းငယ် ၁၂)
ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်မပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တစ်ယောက်တည်းသောသားကို ငါတောင်း၍ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၁၂)
ကျွန်တော်တို့သည် အထက်တွင် အမှတ် (၁)မှ အမှတ် (၆) အထိ လေ့လာခဲ့ရာတွင် စစ်မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းတွင် လိုအပ်သောအရာများကို လေ့လာ သုံးသပ်ခဲ့ကြသည်။ အထက်ပါ အတိုင်း အဆင့်ဆင့် ဝတ်ပြု ကိုးကွယ်ရာတွင် နောက်ဆုံး၌ ဘုရားသခင်က ပေးသော ကောင်းကြီး မင်္ဂလာကို ပြန်လည် သိမ်းပိုက် ခွင့် ရရှိခဲ့သည်ကို တွေ့ရပါသည်။ လိုအပ်သော သိုးထီး တစ်ကောင်ကိုပါ အဆစ်ထပ်မံ ရရှိခဲ့သည် မဟုတ် ပါလော။ ထိုအခြေအနေကို ခံစားကြည့်ပါ။ အာဗြဟံသည် အလွန် ဝမ်းမြောက်ခြင်းကို ခံစားရမည်မှာ ဧကန် အမှန်ပင် ဖြစ်ပါသည်။ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အမှန်တကယ် ဝတ်ပြု ကိုးကွယ်နေပါက နောက်ဆုံးတွင် ဝမ်းမြောက်ခြင်းကို ပြန်လည် သိမ်းဆည်းရသည်။ ဘုရားသခင်ထံမှ ကောင်ကြီးများကို  သိမ်းဆည်း ရပါသည်။ ဣဇတ်သည် သူ၏ ဘခင်ကို ပြန်လည် သိမ်းဆည် နိုင်ခဲ့သလို အာဗြဟံ သည်လည်း သားကို ပြန်လည် ထွေးပိုက်နိုင်ခဲ့ပါသည်။ သားအဖ နှစ်ဦးစလုံးသည် ဝမ်းမြောက်ခြင်းများကို ခံစားရသည် သာမက ထိုသူနှစ်ဦးစလုံးတွင် ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေခဲ့ပါသည်။
၆။ ကျွန်တော်တို့အတွက် ထားရှိသော ကတိတော်ကို အတည်ပြုပေးခြင်း။ (အခန်းငယ် ၁၇-၁၈)
ငါသည် သင့်အား အစဉ်အမြဲ ကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့ လည်းကောင်း၊ သမုဒ္ဒရာ သဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏ အမျိုးအနွယ်သည် ရန်သူတို့၏ မြို့များကို အစိုးရလိမ့်မည်။ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့် ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ (ကမ္ဘာ ၂၂း၁၇-၁၈)
အာဗြဟံသည် မူလအစက ရရှိထားသော ကတိတော်ကို အလျှင်အမြန် ဖြည့်ဆည်းပေးရန် ဘုရားသခင် ဘက်က ပြင်ဆင် လေတော့သည်။ ဘုရားသခင်သည် သူ့ကို ဝတ်ပြု ကိုးကွယ်သော အာဗြဟံကို ကောင်းကြီး ပေးမည် ဖြစ်ကြောင်း အတည်ပြု ကြော်ငြာ ပေးခဲ့လေသည်။ အထက်တွင် ဝတ်ပြု ကိုးကွယ်သော အခြေခံ အချက်များကြောင့် အာဗြဟံသည် ကောင်းကြီး မင်္ဂလာကို ခံစားရသည်ဟု ယုံကြည်ပါသည်။ အကယ်၍ သင်သည် ယုံကြည်သူ တစ်ယောက် ဖြစ်သော်လည်း ခံစားသင့်သော ကောင်းကြီး မင်္ဂလာ တစ်စုံတစ်ရာကို ခံစားရမှု မရှိသေးလျှင် သင်၏ ဝတ်ပြုကိုးကွယ်မှု အခြေခံကို ပြန်လည် သုံးသပ် ရမည်ဖြစ်သည်။
နိဂုံး
ဤတရားဟောချက်သည် ခေတ်ကာလ အဆက်ဆက်တွင် ဝတ်ပြု ကိုးကွယ်ရာတွင် ပုံမှန် ဘုရားကျောင်းတွင် သွားရောက် ထိုင်နေရုံနှင့် လုံလောက်ပြီဟု ထင်နေသူများ အတွက် ရည်ရွယ် ရေးသားပါသည်။ နှစ်ပေါင်းများစွာ ယုံကြည်သူ တစ်ဦးအဖြစ် ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်ခဲ့သော်လည်း မည်သည့် ထူးခြားချက်မျှ မခံစား၇သေး ဟုဆိုလျှင် အာဗြဟံကဲ့သို့ စစ်မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင်မှုပြုကြပါရန် တိုက်တွန်း ဝေငှလိုက်ရပါသည်။
နာမတော်မြတ်၌
Rev. ဦးမင်းလွင်
https://www.4shared.com/s/fFliAPfWbee
Sep 2, 2018
အလိုတော်နှင့်ညီသော ကိုးကွယ်ခြင်း
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ် ဖြင့်လည်း ကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်ရမည်။ (ယောဟန် ၄း၂၄)
အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေကြသည်ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိ လုပ်ဆောင် ပြုမူနေကြသည်ကို မြင်တွေ့နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေးဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရားဆိုသည်ကို လည်း နားမလည်၊ ဝိညာဉ်ဖြင့် မည်သို့ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။
ယုံကြည်ခြင်းဖြင့် ကိုးကွယ်မှုပြုခဲ့သူ
သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သော သူအချို့ကို ဖော်ထုပ်လေ့လာခွန်အားယူလိုပါသည်။ ပထမဦးစွာ ကမ္ဘာဦး ကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည်ညီအကို နှစ်ဦးအကြောင်းကို ဖော်ပြလို ပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အတူတကွ ပြုကြ သော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်း ကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။
ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်း အားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ရာတွင် ယုံကြည်ခြင်း သည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ဦး၏ နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ် မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မဿဲ ၁၈း၂၀)
ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့လာရောက်သောသူတို့သည်။ အပြောအဆိုဝတ်စားဆင်ရင်ပုံကိုဂရုစိုက်ရ မည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိသဘောတို့ကိုယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာ ခြင်းဖြင့် သစ္စာဝတ်ကို ပြုကြသော်လည်း မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင် လာသောကြောင့် ဝိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟုတ်မဆိုနိုင်ပေ ဟေဗြဲ ကျမ်းကိုရေသောသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့်ကျင့်ဆောင်သည်ဟုတ်ဖော်ပြခဲ့ ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မ တွေ့မမြင်သော် လည်း မိမိ၏ စိတ်ဝိညာဉ်အလင်းက ဖော်ပြသည့်အ တိုင် ယုံကြည်သောစိတ်ဖြင့် ပြုမူဆောင်ရွက်သည် ဟုဆိုလို ပါသည်။ ရောမသြဝါဒ စာထဲတွင် အာဗြဟံ ကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည်ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့် အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်းယုံကြည်သည် ဆိုပါက အဘယ် ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ရာ တွင် မိမိတို့၏ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ်သကဲ့သို့ ပြုမူဆောင်ရွက်နေသော သူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။
ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း ကိုးကွယ်ခဲ့သူများ
တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာ ကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့နိုင်ပါသည်။ ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ် ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရား သခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်း အပြည့်ဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ် ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွှဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြု ကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။ ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါ က နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက်ပို နက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်းဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရား ကိုလည်း ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။
ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက်လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန်တစ်ဦး ဖြစ်သော ကြောင့် အသက်ရှင်သော ဘုရားကို သိကြွမ်းသူဖြစ်သဖြင့် ဆုတောင်းရမည်ဟူသော အချက်ကို သစ္စာ ရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည် ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရလျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာ တော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံ တိုးဝင် ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွားမည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ်ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာနှင့် မိမိအသက် တာကို နိုင်ယှဉ်ကြည့် ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။
အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသော သူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။
ကိုးကွယ်မှုပြုလျှက်ပင် ဘုရားနှင့် ဝေးသွားခဲ့သူ
တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန်ဖော်ပြ လိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော်လည်း နူနာစွဲကပ်နေ သောအခါ ဣသရေလ တိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ် တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင် သော ဘုရားကို ဝိညာဉ်ထဲက သိကြွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော် သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။ အထိုအခြေအနေကို ဧလိရှဲ သဘောက်ပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆို မှုမလုပ်ခဲ့ပါ။
ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ ဂေဟာဇိ ဆိုသူ အကြောင်းဖြစ်သည်။ သူသည် နှုတ်ခပတ်တော်များကို ဧလိရှဲထံမှ သိကြွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာ တွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည် ပြီးသူတစ်ဦးဖြစ်သည်။ သို့သော် နှုတ်ခပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမန်သည် နူနာပျောက်ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ် ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ဆရာ ဧလိရှဲမသိမှီ နေမန် ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲသိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွားလေတော့သည်။
ဘုရားသခင်ထံသည် ရုဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည် ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက်ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်း ကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း။ ကိုးကွယ်နေသူဖြစ်ပါသလား။ အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။ (အာမင်)
May 7, 2018
• ဘုရားသခင်နှင့်ဆက်သွယ်ခြင်း
အခြေပြု ကျမ်းချက်။       ။လုကာ ၈း၅-၈
ကျွနု်ပ်တို့ ခရစ်ယာန်နှင့် အခြားဘာသာများအကြား အဓိက ခြားနားချက်တစ်ခုမှာ ဘုရားသခင်သည် အသက်ရှင်ပြီး ကျွနု်ပ်တို့နှင့် ဆက်ဆံရေးရှိရန် အလွန်ပြင်းပြသော ဆန္ဒရှိသောအရှင်ဖြစ်သည်။ အမှန်တကယ်တွင် ကျွနု်ပ်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်နှင့်ရှိသော ဆက်ဆံရေး အပေါ်တွင် အခြေခံထားသည်။ ဆက်သွယ်ရေးဆိုသောအရာမရှိလျှင် ဆက်ဆံရေးဆိုသောအရာ မရှိနိုင်။ သင်သည် တစ်စုံတစ်ယောက်ကို စကားပြောရမည်။ သူပြောသည်ကို နားထောင်ရမည်။ ဆက်ဆံရေးဆိုသည်မှာ တစ်ယောက်နှင့်တစ်ယေက်ပိုမိုသိကျွမ်းလာစေရန် အထောက်အကူပေးသည်။  ပျော်ရွှင်စရာ ဆက်ဆံရေးဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေး မရှိဘဲ တည်ဆောက်၍ မရနိုင်ပါ။ ဆက်ဆံရေးမရှိလျှင် တစ်ယောက်နှင့်တစ်ယောက် မငြိမ်မသက်ဖြစ်စေခြင်း၊ ရှုပ်ထွေးစေခြင်း၊ အမြတ်ထုပ်ခြင်း စသည်တို့ ဖြစ်လာလိမ့်မည်။ ကောင်းသော ဆက်ဆံရေးဆိုသည်မှာ ထိုအရာများ မပါရှိပါ။ 
ဓမ္မဟောင်းမှ ဗာဗုလုန် ရဲတိုက်ကြီးများ ဆောက်လုပ်သည့် အဖြစ်အပျက်ကို သင်မှတ်မိပါသလား။ အဘယ်ကြောင့် ထိုလုပ်ငန်းကြီး ရပ်ဆိုင်းသွားရသည်ကို မှတ်မိပါသလား။ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်မှု မပြုနိုင်သော ထိုအချိန်တွင် ထိုလုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့ရသည်။ လူများက ဘုရားသခင်ထက် ကြီးမား ကြီးမြတ်ခြင်းကို တောင့်တခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်က လူတို့တွင် ဘာသာစကား အမျိုးမျိုးတို့ ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှစ၍ ဆက်ဆံရေးဆိုသော အရာသည် ပျက်ဆီးသွားခဲ့သည်။ ထိုလူများတစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်နိုင်လျှင် သူတို့၏ အောင်မြင်မှုနှင့် သူတို့၏ လုပ်ဆောင်နိုင်မှုများ ဘယ်သောအခါမှ ရှိလာမည်မဟုတ်ကြောင်း ဘုရားသခင်က သိရှိခဲ့ပါသည်။ တစ်ယောက်နှင့်တစ်ယောက် နားလည်မှု မရှိနိုင်သည့်အချိန်မှ စတင်ကာ ဆက်ဆံရေး ကျဆုံးသွားသွားခဲ့ကြသည်။ 
အကျိုးဖြစ်ထွန်းမှုရှိရန် ဆက်သွယ်ပြောဆိုနိုင်သူ ဖြစ်ရမည်။
ဤအချက်သည် မိသားစုများအတွက်သော်လည်းကောင်း၊ စီးပွားရေး လုပ်ဖော်ဆောင်ဖက်များအတွက်သော်လည်းကောင်း၊ သင်နှင့်အဆက်အသွယ်ပြုလျက်ရှိသော အခြားသူများအတွက်သော်လည်းကောင်း မှန်ကန်လျက်ရှိပြီး ဘုရားသခင်နှင့်ဆက်သွယ်ရေးတွင်လည်း အလားတူပင်ဖြစ်သည်။ သင်သည် ဆက်ဆံရေး ပျက်ပြားသွားပါက သင်၏အကျိုးဖြစ်ထွန်းမှုများလည်း ဆုံးရှုံးသွားရပါလိမ့်မည်။
ယခု ကျွနု်ပ်ဝေငှလိုသည်မှာ ဘုရားသခင်နှင့် ဆက်ဆံရေး မည်သို့ တည်ရှိနိုင်မည်နည်း ဟူသည့် အကြောင်းအရာပင် ဖြစ်ပါ၏။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ အသံတော်ကို မည်သို့ ကြားကြပါသနည်း။ ကျွနု်ပ် ယခုဖတ်လိုသော ကျမ်းတော်မြတ်မှာ ရှင်လုကာ အခန်းကြီး (၈) တွင် တွေ့ရသော အကြောင်းအရာပင် ဖြစ်ပေ၏။
မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကိုခံရ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်သောအခါ မြေသြဇာမရှိ သောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏။ အချို့သောအစေ့ တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင် တို့သည် အတူပေါက်၍ ညှင်းဆဲကြ၏။ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတရာပွါးများ၍ အသီးသီးကြ၏။ ဟုမိန့်တော်မူပြီးမှ၊ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။ (ရှင်လုကာ ၈း၅-၈)
ဤကျမ်းပိုဒ်၏ စကားလုံးတစ်လုံး ဖြစ်သော "ကြားစရာ နားရှိသောသူ" ဆိုသော စကားလုံးကို သတိရပါ။ သခင်ယေရှုက မိမိ၏ တပည့်တော်များကို နားထောင်မှုသည် မည်မျှ အရေးပါကြောင်းကို နားလည်ရန် ဖော်ပြသော စကားလုံးဖြစ်ပေ၏။
သခင်ယေရှုက ထိုဥပမာ၏ အ နက်အဓိပ္ပါယ်ကို ရှင်လုကာ ၈း၁၁-၁၈ တွင် ဖော်ပြခဲ့ပါ၏။
ထိုဥမာအနက်အဓိပ္ပါယ်ကား၊ မျိုးစေ့သည် ဘုရားသခင်၏ တရားစကားဖြစ်၏။ ၁၂လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည် လာ၍တရားစကားကို နှလုံးထဲမှနှုတ် ယူသောသူကိုဆိုလိုသတည်း။ ကျောက် ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။ ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကိုကြား သည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်း တို့သည် နှိပ်စက်၍အသီးမသီး သောသူကို ဆိုလိုသတည်း။ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ် စင်ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူကို ဆိုလိုသတည်း။
            ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်းထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာပွင့်လင်းလိမ့်မည်။ ထိုကြောင့် သင်တို့သည် အဘယ်သို့ကြား နာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ဥစ္စာရှိဟန်ဆောင် သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။
အထက် ဖော်ပြပါ အခန်းငယ် (၁၈) သခင်ယေရှုပြောကြားချက်တွင် "သင်တို့သည် အဘယ်သို့ ကြားနာရသည်ကို သတိပြုကြလော။" ဟု ဖေါ်ပြထားသည်။
အခန်းငယ် (၈) တွင်သော်လည်းကောင်း၊ အခန်းငယ် (၁၈) တွင်သော်လည်းကောင်း သခင်ယေရှု ပြောကြားချက်တွင် နားထောင်ရန် ပြောပါသည်။ နားထောင်ခြင်းသည် ဆက်ဆံရေး အလွန် ရေးကြီးပါ၏။ သင်သည် အခြားလူပြောသော စကားကို နားမထောင်ပါက သင်သည် ထိုသူနှင့် ဆက်သွယ်နေသည်ဟု မပြောနိုင်ပါ။
ဤပုံဥပမာ ပြောကြားချက်တွင် လူတို့၏ နားထောင်ခြင်း (၄) မျိုးကို မြင်တွေ့မိပါသည်။ နားထောင်မှု ပုံစံလေးမျိုးကို လေ့လာကြည့်ကြပါစို့။
၁။ အချို့သောလူများသည် နားထောင်ခြင်းကို လုံး၀ စိတ်မဝင်စားကြပါ။
မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကိုခံရ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ (လုကာ ၈း၅)
လမ်းပေါ်တွင် စိုက်ပျိုးရန် မျိုးစေ့ချသည်။ ဤသည်မှာ နားမထောင်ခြင်းသဘောပင် ဖြစ်ပေ၏။
သမ္မတကြီး ဖရန်ကလင် ရုစဗဲ့ နှင့် ပတ်သတ်သော အဖြစ်အပျက်တစ်ခုကို ကျွနု်ပ်ကြားဘူးပါသည်။ သူသမ္မတဖြစ်စဉ်အခါ အိမ်ဖြူတော် ကြိုဆိုရေး ဝန်ထမ်းများသည် တာဝန် ဝတ္တရားအရ သာမာန်နာထောင်ရုံမျှသာ ဖြစ်ကြောင်း သိရှိခဲ့သည်။ တစ်ခုသော ညနေခင်းတွင် သူ၏ စကားကို မည်မျှ အလေးထားနားထောင်သည်ကို သိရှိရန် လေ့လာမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။ သူ့ထံသို့ လာရောက်သောသူများသည် အပြုံးချိုချိုလေးများဖြင့် လာရောက်လက်ဆွဲ နှုတ်ဆက်ကြချိန်တွင် သမ္မတကြီး ရုစဗဲ့က အပြုံးမျက်နှာဖြင့် "ဒီမနက် ကျွန်တော်ရဲ့ အဖွား အသက်ခံရတယ်ဗျာ" ဟုပြောလိုက်ရာ ထိုသူတို့က ပြန်လည်တုန့်ပြန်ကြ သည်မှာ "တကယ် ချစ်စရာ ကောင်းပါတယ် သမ္မတကြီးရယ်" "ကြားရတာ ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲဗျာ" စသည်ဖြင့် တုန့်ပြန်ကြသည်။ ထိုအခါ သမ္မတကြီး ရုစဗဲ့ နားလည်သဘောပေါက်လိုက်သည်မှာ ထိုသူတို့ အားလုံးသည် သူ၏ စကားကို ကောင်းစွာ နားမထောင်ကြကြောင်း သိရှိခဲ့ကြသည်။ နောက်ဆုံးတွင် သံတမန်တစ်ဦးနှင့် လက်ဆွဲ နှုတ်ဆက်ချိန်တွင် "ကျွန်တော့်အဖွား ဒီမနက်အသက်ခံရတယ်ဗျာ" ဟူ ပြုံးပြီး ပြောလိုက်ရာ ထိုသံတမန်သည် အနည်းငယ် အံ့အားသင့်သော အမှုအရာဖြင့် တုန့်ပြန်ခဲ့သော်လည်း ပြန်ပြောခဲ့သည်မှာ "သေချာပါတယ်ဗျာ။ ဒီမနက် သူလာမှာပါ" ဟု ပြောလိုက်လေသည်။
အချို့လူများမှာ လုံး၀ နားမထောင်တတ်ကြပါ။ ထိုကဲ့သို့သော သူများကို သင်တွေ့ဘူးပါသလား။ သင်ဘာပြောနေသည်ကိုပင် ထိုသူသည် မသိ၊ နားမလည်၊ ဂရုမစိုက်ကြ။ အဘယ်ကြောင့် ထိုသူတို့သည် နားမထောင်ကြပါသနည်း။ အကြောင်းအရင်း အချို့ရှိပါသည်။
က. အချို့လူတို့သည် အလွန်အလုပ်များကြပြီး သူတို့၏ စိတ်အစဉ်မှာ ခက်ခဲမှု ပြဿနာများကြောင့် နားထောင်နိုင်မှု မရှိကြချေ။
ကျွန်တော်၏မိတ်ဆွေတစ်ယောက်အကြောင်း ပြောပြချင်ပါသည်။ သူသည် ဆန့်ကျင်တတ်သောသူမဟုတ်။ နားထောင်ရန် ဆန္ဒရှိပါသည်။ သို့သော်လည်း သူသည် အလွန်အလုပ်များနေလေ့ရှိပြီး အလုပ်လုပ်ရာတွင် အလွန်လျှင်မြန်သည်။ သို့သော် ဂရုတစိုက် နားထောင်ရန် အမြဲ နှေးကွေးနေတတ်သည်။ ထို့ကြောင့် ကျွနု်ပ်တို့နှင့် အမြဲ အစဉ်မပြေ ဖြစ်ရကြသည်။ 
ကျွနု်ပ်တို့သည် ဘုရားသခင်ထံမှာ ကြားနာရန် ဆန္ဒရှိကြသည်။ သို့သော်လည်း ကျွနု်ပ်တို့၏ စိတ်အစဉ်သည် အလွန်အလုပ်များသောကြောင့် အာရုံစိုက်ရန် မလွယ်ကူသော အခြေအနေများ ရှိနေကြသည်။ ထို့ကြောင့် ကြားရသောအရာ အများရှိသော်လည်း မှတ်သားနိုင်သော အခြေအနေ မရှိကြ။ ထို့ကြောင့် နားထောင်မှုများတွင် ဘာမျှ မမှတ်မိတော့ဘဲ အစဉ်လွတ်သွားလေ့ရှိသည်။
ဘုရားသခင်သည် ယနေ့တွင် သင့်ကို စကားပြောနေပါသည်။ သင်သည် အလုပ်များကို ခဏရပ်ပြီး စကားနားထောင်လိုက်ပါ။ အချို့သောသူများကတော့ နားမထောင်နိုင်လောက်အောင် အလုပ်များနေဆဲ ဖြစ်သည်။ 
ခ. အချို့သောသူများသည် နားမထောင်ကြပါ။ အဘယ်ကြောင့်ဆိုသော သူတို့၏ စိတ်သည် ပိတ်ထားကြပြီး သူတို့၏နှလုံးသားများလည်း မာကြောနေကြသောကြောင့်ဖြစ်သည်။
ဘုရားသခင်သည် ကျွနု်ပ်တို့ကို စကားပြောချင်ပါသည်။ သို့သော် ကျွနု်ပ်တို့၏ စိတ်အစဉ်နှင့် နှလုံးသားများကို ဖွင့်လှစ်ထားရပါမည်။ ကျွနု်ပ်တို့မှ အချို့သောသူများသည် ဘုရားသခင်ထံမှ စကားတော်ကို နားထောင်ရန် ဆန္ဒမရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့၏ အချိန်နာရီနှင့် လုပ်ငန်းဆောင်တာ လုပ်ဆောင်မှုအစီအစဉ်များကို ပြောင်းလဲရန် မဆောင်ရွက်နိုင်သောကြောင့် နားထောင်ခြင်းအမှုကို မပြုလုပ်ကြပါ။  ကျွနု်ပ်တို့ စိတ်အစဉ်နှင့် နှလုံးသားကို ပိတ်ဆို့ထားသော အကြောင်းရင်းများလည်း ရှိနေသည်။ ထိုအကြောင်းရင်းများမှာ
က) မာနကြီးခြင်း
ကျွနု်ပ်တို့၏ အတွေးများမှာ "ဘုရားမလိုပါဘူး။" " ငါဘာသာ လုပ်နိုင်ပါတယ်။" " ငါသိပြီးသားပါ။" " ငါအားလုံး သိပါတယ်။" " ငါလက်နဲ့ ငါလုပ်တာ အစဉ်အပြေဆုံးပါဘဲ၊" " ငါဖြေရှင်းနိုင်ပါတယ်။" စသည်ဖြင့် ပြောဆို ထင်မြင်တတ်ကြသည်။ ထိုအရာ အားလုံးမှာ မာန်မာနများပင်ဖြစ်ပေသည်။ ထိုအရာများသည် ဘုရားသခင်၏ စကားတော်ကို ကြားနာရန် ပိတ်ပင်မှု ဖြစ်စေသောအရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လေထဲတွင် စကားပြောသူမဟုတ်။ ကျွနု်ပ်တို့၏ နှလုံးသားတွင် စကားပြောသူဖြစ်သည်။ သတိရပါ။ ဘုရားသခင် လုပ်ဆောင်ပေးသောအရာများသည် အကောင်းဆုံးဖြစ်ပြီး သူ့ကို အစဉ် တန်ဘိုးထားပါ။ 
ခ) ခါးသည်းခြင်း
ကျွနု်ပ်တို့ နာကျင်ရသည့်အခါတိုင်း ရွေးချယ်မှု တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့ကြသည်။ အချို့က ပိုကောင်းသောအရာကို ရွေးချယ်ကြပြီး အချို့က ပိုမိုခါးသည်းမှုများကို ရွေးချယ်ခဲ့ကြသည်။ ထိုအခါ သူတို့သည် နားမထောင်နိုင်သော အခြေအနေ ဖြစ်သွားသည်။ ကျွနု်ပ်တို့ နာကျင်ရသည့်အခါတိုင်း တံတိုင်းကြီးများကို တည်ဆောက်မိကြသည်။ ထိုတံတိုင်းကြီးများ၏ နောက်ကွယ်တွင်သာ နေထိုင်မိတော့သည်။ "ဘယ်သူမှ မလာနဲ့" ဟု အော် ဟစ်မိကြသည်။ ထိုအခြေအနေမျိုးတွင် ဘုရားသခင်ကိုပင် အပြစ်တင်ပြောဆို မိကြပြီး နားထောင်ခြင်းကို မလုပ်ဆောင်နိုင်တော့ပေ။ ခါးသည်မှု များသည် ဘယ်သောအခါမှ ကောင်းမြတ်ခြင်းတရားကို မခံစားနိုင်သော အခြေအနေသို့ ရောက်ရှိသွားတတ်သည်။ 
ဂ) နားမလည်ခြင်း
အချို့သောသူတို့သည် စကားတော်ကို နားမထောင်ကြပါ။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည် သူတို့ကို စကားပြောချင်ကြောင်းကို မသိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ အာရုံစူးစိုက်မှုကို ရယူချင်ပါသည်။ သူသည် သင်နှင့် စကားပြောချင်နေပါသည်။ သူသည် သင့်ကို ဆက်ဆံမှု (သို့မဟုတ်) ဆက်သွယ်မှု ပြုချင်ပါသည်။ နာထောင်ခြင်းသည် ဆက်သွယ်မှုပြုခြင်းတွင် ကြီးမားသော အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေပါသည်။ 
နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊ (ဆာလံ ၂၅း၉)
နှိမ့်ချလျက်ရှိသောသူတို့အား မည်သို့ သွေးဆောင်၍ မည်သို့ သွန်သင်ပါသနည်း။ စကားပြောခြင်းဖြင့်သာ ဖြစ်ပါ၏။ နှိမ့်ချခြင်းဆိုသည်မှာ သင်ကြားနိုင်သည့် အခြေအနေ စိတ်သဘောရှိခြင်း အဓိပ္ပါယ်ပင် ဖြစ်ပါ၏။ ဆရာထံမှ နားထောင်ခြင်းအမှုကို ပြုနိုင်သောသူသည်သာလျှင် သင်ကြားပေးနိုင်ပါလိမ့်မည်။ တနည်းဆိုရသော် ကြားစရာ နားရှိသောသူသာလျှင် ဘုရားသခင်က စကားပြောတော်မူ၏။
ဘုရားသခင် စကားပြောနိုင်သူ ဖြစ်လာစေရန် သင့်ကို ကျွနု်ပ် အားပေးပါ၏။ ထိုအရှင်သည် နားကန်းနေသူများကို စကားမပြောပါ။ ထိုအရှင်ကိုစကားမပြောနိုင်လောက်အောင် (သို့မဟုတ်) စကားနားမထောင်နိုင်လောက်အောင် အလုပ်များနေသူများကို  စကားမပြောပါ။ တစ်ခါတစ်ရံ ကျွနု်ပ်တို့သည် တိတ်ဆိတ်စွာနေ၍ ကိုယ်တော်၏ စကားကို နားထောင်ဘို့ရန်သာ လိုအပ်ပါသည်။ ဘုရားသခင်၏ စကားတော်ကို နားထောင် တတ်သူသာ ဖြစ်ဘို့ လိုအပ်ပါသည်။ ဘုရားသခင်သည် ထိုကဲ့သို့ နားထောင်မည့်သူများကို ရှာဖွေလျက်ရှိပါ၏။
၂။ အချို့သောသူများမှာ နားထောင်သော်လည်း မေ့တတ်ကြ၏။
တရားစကားကို ကြား၍ နားထောင်သော်လည်း မေ့တတ်သူများမှာ ကျောက်ပေါ်တွင် ကျသော မျိုးစေ့ကဲ့သို့ဖြစ်၏။ သူတို့သည် ကြားခြင်းငှာ လျှင်မြန်ကြသော်လည်း မေ့လျော့ရန်လည်း လွယ်ကူကြ၏။
အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်သောအခါ မြေသြဇာမရှိ သောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏။ (လုကာ ၈း၆)
သင်သည် ကျောက်ဆောင်များပေါ်တွင် ဥယျာဉ်ခြံ စိုက်ပျိုးဘူးပါသလား။ သင်သည် ကျောက်ဆောင် ကျောက်ခဲများပေါ်တွင် မျိုးစေ့ကြဲခဲ့လျှင် အစိုဓါတ်ရသည့်အခါ အပင်ပေါက်လာပါလိမ့်မည်။ သို့သော်လည်း ထိုအပင်သည် အမြစ်မစွဲနိုင်သဖြင့် အလျှင်အမြန် ပျက်စီး ဆုံးရှုံးသွားလိမ့်မည်။ မြေဆီလွှာ နဲပါးပြီး မြေထုမရှိသောနေရာတွင် အပင်စိုက်ပါက အားနည်းသော အပင်များသာ ပေါ်လာပါလိမ့်မည်။ ကြားနာမှု နည်းပါးသည်ဆိုပါက ထိုယုံကြည်သူသည် အားနည်းသော ယုံကြည်သူသာလျှင် ဖြစ်ပေလိမ့်မည်။  ကျွနု်ပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာရမည်။ ဆင်ခြင်အောက်မေ့ရမည်။ ထိုအရာများကို လက်တွေ့လုပ်ဆောင်ပါက အားရှိသော ခရစ်ယာန် ယုံကြည်သူများဖြစ်လာပေလိမ့်မည်။
ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သော သူဖြစ်ကြလော့။ (ယာကုတ် ၁း၂၂ )
အမေရိကန်နိုင်ငံ လေတပ်စခန်းတစ်ခုကို လေ့လာမှု ပြုလုပ်ခဲ့ရာ ကြားသမျှအရာအားလုံး၏ ၉၀.၉၅ ရာခိုင်နှုန်းကို မေ့လျော့တတ် ကြကြောင်း တွေ့ရှိရပါသည်။ 
အချို့က အချိန်မကြာသေးသော်လည်း မေ့လျော့ တတ်ကြသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့နှင့် အရင်းနှီးဆုံး အချစ်ဆုံးသော သူများထံမှ ပြောသော စကားများကိုပင် မေ့လျော့နေတတ်ကြသည်။ "မနက်က ငါ့ကို ဘာလုပ်ဘို့ ပြောခဲ့သလဲ" ဟူသော စကားကို ပြန်လည် မေးမိသော အချိန်တွေ အများအပြား ရှိနေတတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် စိတ်ထဲတွင် သိမ်းပိုက်ထားသောအရာများ ရှိနေတတ်ကြပြီး ထိုအရာများကြောင့် အားလုံးကို မေ့လျော့သွားကြသည်။
နှုတ်ကပတ်တော်တွင် ဆိုသည့်အတိုင်း ကျွနု်ပ်တို့တွင် အချိန်တိုင်း ဖြစ်ပျက်နေသည် မဟုတ်ပါလော။ ဤသည်မှာ ကျွနု်ပ်တို့၏ စိတ်နှလုံးသည် အခြားအရာများနှင့် ပြည်လျှံနေပြီး ထိုအခြေအနေထဲတွင် ဘုရားသခင်က ကျွနု်ပ်တို့ကို စကားပြောရန် ကြိုးစားနေသည်။ သတိရပါ။ ဘုရားသခင်သည် သင့်ကို သူ၏ နှုတ်ကပတ်တော်များနှင့် စကားပြောချင်နေပါသည်။ တနင်္ဂနွေနေ့အတွက်သာ စကားပြောချင်သည်မဟုတ်။ သူ၏နှုတ်ကပတ်တော်များနှင့်အညီ ကျွနု်ပ်တို့၏ ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲစေချင်သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို ပြောင်းလဲရန် ကြီးသော ဆန္ဒရှိနေပါသည်။ 
ကျွနု်ပ်တို့သည် တရားတော်များကို ဆင်ခြင်နှလုံးသွင်းပြီး လိုက်လျှောက်ပါ ကျွန်တော်တို့ကို ပြောင်းလဲစေပါလိမ့်မည်။ ကျွနု်ပ်တို့သည် နှုတ်ကပတ်တော်၏ အရေးပါမှုကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ တရားတော်ကို ရှုမှတ်ဆင်ခြင်အောက်မေ့ခြင်းသည် မျိုးစေ့ကို ကြီးထွားစေသည် အစိုဓါတ်ကဲ့သို့ဖြစ်ပါသည်။ 
ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကိုမဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ်ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ (ယောရှု ၁း၈)
  ၁အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊ ၂ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊ ၄ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊  ၅အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဉ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွနု်ပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။ ၆အကျွန်ုပ်ကို မစေတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ ၇အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏၊၊(ဆာလံ ၆၃း၁-၇)
၁၁ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့သြဘွယ်တို့ကို အောက်မေ့ပါမည်။ ၁၂ပြုတော်မူသမျှ တို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာ တို့ကို မြွက်ဆိုပါမည်။ ၁၃အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။ (ဆာလံ ၇ရး၁၁-၁၃)
၁၄၇မိုဃ်းမလင်းမှီ အကျွန်ုပ်အော်ဟစ်တတ်ပါ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊  ၁၄၈ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှါ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုး တတ်ပါ၏၊၊  ၁၄၉အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ၊၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ (ဆာလံ ၁၁၉း၁၄၇-၁၄၉)
အခုအချိန်ဟာ ဘုရားသခင်သည် ကျွနု်ပ်တို့အား ပြောနေသောအရာကို စတင်သတိရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ကျွနု်ပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်အောက်မေ့ရန် ဖြစ်ပါသည်။ နှုတ်ကပတ်တော်ကို နားထောင်ရုံမျှသာ (သို့မဟုတ်) ဖတ်ရှုရုံမျှသာ မပြုပါနှင့်။ နှုတ်ကပတ်တော်မျိုးစေ့ကို ကျောက်ပေါ်ကျ၍ အမြစ်မစွဲ နိုင်သောအခြေအနေ မဖြစ်ပါစေနှင့်။
၃။ အချိုသောသူများမှာ နားထောင်သော်လည်း အရေးမကြီးဟု ခံစားသောသူများရှိနေပါသည်။
အချို့သောအစေ့ တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင် တို့သည် အတူပေါက်၍ ညှင်းဆဲကြ၏။ (လုကာ ၈း၇)
ဤလူများသည် မျိုးစေ့ကို စိုက်ပျိုးရန် စိတ်အားထက်သန်သူများဖြစ်ပြီး နှုတ်ကပတ်တော်ကို သေချာစွာ နားထောင်သူများနှင့်တူသည်။ သို့သော် သူတို့သည် မြက်ပင် ပေါင်းပင်များကို ဦးစားပေးတတ်သော သဘောလည်း ရှိနေသည်။
ကျွနု်ပ်တို့ ၏ စိတ်ထဲတွင် အခြားအကြံအစည်များနှင့် ပြည့်ဝစည်ပင်လျက်ရှိသည်။ ထိုအကြံအစည်များကိုသာ စိတ်ထဲတွင် စွဲလမ်းနေသည်။ နေ့စဉ်ရင်ဆိုင်ရသော စားဝတ်နေရေး၊ စိုးရိမ်ပူပန်မှု၊ စီမံကိန်းများ၊ ပန်းတိုင်များ၊ ရည်ရွယ်ချက်များ၊ အထွေထွေ အခွန်အခများ၊ ကလေးနှင့်ပတ်သတ်သောအရေးများ. . .စသည်ဖြင့် မရေမတွက်နိုင်သော အရေးများဖြင့် ပြည့်နှက်နေသည်။။ ကျွနု်ပ်တို့၏ စိတ်တွင် စွဲလမ်းနေသောအရာ (၃) ခုကိုသာ ဖော်ပြပါမည်။ 
က. စိုးရိမ်ပူပန်မှုများ
သင်သည် စိုးရိမ်ပူပန်မှုနှင့် ဘုရားသခင်၏ စကားတော်ကို နားထောင်ခြင်းအမှုကို တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် လုပ်ဆောင်၍ မရပါ။ ဂရိ ဘာသာစကားတွင် စိုးရိမ်ပူပန်ခြင်းကို "ခြားနားသော ဦးတည်ချက်သို့ စွဲထုပ်ခံရခြင်း" ဟု အဓိပ္ပါယ် ရှိနေပါသည်။ သင်၏ စိတ်အစဉ်သည် ခြားနားသော လမ်းသို့ ဦးတည်စေရန် ဆွဲထုပ်ခြင်းကို ခံနေရပါပြီလား။ သင်သည် ထိုအရာများကို အာရုံစိုက်နေပါက လမ်းကြောင်းအမှန်ပေါ်တွင် ရပ်တည်နိုင်မှာ မဟုတ်ပေ။ ထိုအရာသည်သာလျှင် စိုးရိမ်စရာ ဖြစ်ပါ၏။ ဆိုလိုသည်မှာ ထိုလမ်းကို လျှောက်ရန် ကျွနု်ပ်တို့တွင် အချိန်မရှိပါ။ ကျွနု်ပ်တို့၏ စိုးရိမ်းပူပင်မှုကို ရပ်တန့်ရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့သည် စိုးရိမ်နေသမျှ ကာလပတ်လုံး ဘုရားသခင်ထံမှ စကားတော်ကို နားထောင်ရန် မဖြစ်နိုင်ပါ။
ခ. ငွေကြေး
ကျွနု်ပ်တို့သည် အချိန်တိုင်းတွင် လုံးလောက်သော ငွေကြေးမရှိခြင်းနှင့် ငွေကြေးကို မည်သို့ အသုံးပြုရမည် ဆိုသော ငွေကြေးနှင့်ပတ်သတ်သောအရာများကသာ စိတ်ထဲတွင် ရှိနေပါသည်။ ငါခရီးသွားရင် လောက်ပါ့မလား။ ငွေကြေးကို ဘယ်လို ထိန်းသိမ်းရမလဲ။ ဘယ်လို အသုံးပြုရမလဲ။ ဘယ်လို ရှာရမလဲ. . . စသည်ဖြင့် ထိုအရာများကသာ လွှမ်းမိုးနေပါသည်။  ယေရှုသည် ငွေကြေးနှင့်ပတ်သတ်သော အကြောင်းအရာများထက် ကောင်းကင်နိုင်ငံတော်နှင့်ပတ်သတ်သော အကြောင်းအရာများသာ ဦးစားပေး ပြောဆိုခဲ့သည်ကို သင် သိပါသလား။ အကြောင်းရင်းမှာ လူများတို့ ငွေကြေးနှင့်ပတ်သတ်သော အရာများကိုသာ စဉ်းစားတတ်ကြပြီး ကိုယ်တော်၏ အကြံအစည်တော်မှာ သင်စဉ်းစားသော အရာများထက် ပိုကောင်းသော အစီအစဉ်များရှိသောကြောင့်ဖြစ်သည်။ သင်၏ စိတ်နှလုံးကို ငွေကြေးနှင့်ပတ်သတ်သောအရာများ မလွှမ်းမိုးမိပါစေနှင့်။
ဂ. အလုပ်များခြင်း
ကျွနု်ပ်တို့သည် အမှန်တကယ် အသက်မရှင်ချင်လောက်အောင် အသက်ရှင်နှင့်သက်ဆိုင်သော အလုပ်များက ဒုက္ခပေးလျက် ရှိသည်။ ကျွနု်ပ်တို့သည် အနားယူချိန်ပင် မရှိ။ နံနက် မိုးလင်းချိန် မျက်စိနှစ်လုံး ပွင့်သည့်အချိန်မှစ၍ တစ်နေကုန် ညအိပ်ချိန်တိုင်အောင် တစ်နေကုန် လှုပ်ရှားနေရသည်။ အိပ်ရာထဲ ရောက်သည့်တိုင်အောင် နောက်တစ်နေ့ ရင်ဆိုင်ရမည့် ပြဿနာနှင့် အလုပ်များကို စဉ်စားနေကြဆဲ။ ဘုရားသခင်သည် ကျွနု်ပ်တို့၏ အချိန် အကျန်အကြွင်းကိုသာ ရရှိနေရသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို မေ့လျှော့နေတတ်ပြီး အာရုံမစိုက်ကြဘဲ နေကြ၏။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ စကားကို နားမထောင်နိုင်လောက်အောင် အလုပ်များနေကြပါသည်။ 
ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်း ကြလော့။ သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ (ဖိလိပိ ၄း၈-၉)
ကျွနု်ပ်သည် မှားယွင်းမှုများနှင့်ပတ်သတ်သော နားထောင်ခြင်း အကြောင်းကို ဖော်ပြခဲ့ပေပြီ။ ယခု မှန်သော လမ်းကိုလည်း တဖန်ကြည့်ပါဦးစို့။
၄။ အချို့သောသူတို့သည် နားထောင်တတ်ကြပြီး ကြားတတ်သောသူများ ဖြစ်ကြ၏။
ဘုရားသခင်က ကြားစရာနား ရှိသောသူများကို စကားပြောလျက်ရှိပါ၏။
အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတရာပွါးများ၍ အသီးသီးကြ၏။ (လုကာ ၈း၈)
ဘုရားသခင်သည် သင့်ကို စကားပြောချင်နေပါသည်။ အမှန်တကယ်ပင် စကားပြောချင်နေပါသ်ည်။ သင်လက်ခံပါသလား။ သင်သည် ကောင်းသောမြေဖြစ်ပြီး ဘုရားသခင်၏ စကားတော်ကို နားထောင်ရန် အစဉ်သင့် ဖြစ်နေပါသလား။ သခင်ယေရှုက သူ၏ နောက်လိုက်တပည့်တော်များအာ ပြောကြားခဲ့သည်မှာ 
ယောဟန် ၁၀း၂၇ " ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။"
တစ်ခါက တောရွာရှိ လူငယ်လေးတစ်ဦးသည် သူငယ်ချင်းရှိရာ နယူရောက်မြို့ကြီးသို့ အလည်အပတ်ရောက်ရှိလာခဲ့သည်။ သူတို့သည် ပျော်ရွှင်စွာ လျှောက်လည်ခဲ့ကြသည်။ နယူယောက်မြို့ကြီး၏ အလယ် တိုင်းစကွဲယားနေရာအထိ သွားရောက်လည်ပတ်ခဲ့ကြသည်။ ကားသံ၊ လူသံ များဖြင့် ဆူညံလျက်ရှိသော နေရာဖြစ်သည်။ ထိုအချိန်တွင် လူငယ်လေးက "ငါ ပုရစ်အော်သံ ကြားရတယ်" ဟု ပြောလိုက်ရာ သူငယ်ချင်းက "မင်းလာနောက်နေတာလား။ ဒီလို ဆူညံနေတဲ့ မြို့လယ်ကြီးထဲမှာ ဘယ်လိုလုပ် ပုရစ်သံကို ကြားရမှာလဲ။" ဟု ပြန်လည် မေးခဲ့ရာ ထိုတောသား လူငယ်လေးက "မဟုတ်ဘူး။ ငါ သေသေချာချာ ကြားရတယ်" ဟု ပြန်လည် ပြောဆိုခဲ့သည်။ သူတို့ သူငယ်ချင်း နှစ်ယောက်စလုံး သေချာစွာ ပြန်လည် နားထောင်ခဲ့ကြသည်။ ထို့နောက် ထိုတောသားလေးသည် လမ်းတစ်ဖက်ရှိ အလွန်ကြီးသော ဘိလပ်မြေကန်ကြီးနှင့်စိုက်ခင်းပြုလုပ်ထားသော နေရာသို့ရောက်ရှိခဲ့ကြသည်။ ထိုနေရာတွင် ချုံနွယ်များဖြင့် ပြည့်နေလေရာ ထိုခြုံပုတ်ကြီးထဲတွင် ပုရစ်များ ခိုအောင်းနိုင်သော နေရာ ဖြစ်နေသည်။ မြို့သား ကောင်လေးက တောသားကောင်လေးကို သေချာစွာ ကြည့်လိုက်ပြီး "မယုံနိုင်စရာပါဘဲ" ဟုပြောပြီးနောက် "မင်းရဲ့ နားဟာ စူပါမင်းရဲ့ နားဖြစ်မယ်ထင်တယ်" ဟု ပြောလိုက်၏။ ထိုအခါ တောသားလူငယ်လေးက "ငါ့ရဲ့ နားဟာ မင်းတို့ရဲ့ နားနဲ့ အတူတူပါဘဲ။ ဘယ်အရာကို သေသေချာချာ နားထောင်နေတာလဲ ဆိုတဲ့အပေါ်မှာဘဲ ကွဲပြားသွားတာပါ" ဟု ပြန်ပြောလိုက်၏။
ယနေ့ သင်ဟာ မည်ကဲ့သို့သော အသံမျိုးကို နားထောင်နေပါသလဲ။ ဘုရားသခင်ကတော့ သင့်ကို စကားပြောချင်နေပါသည်။
ဆုတောင်းကြပါစို့။
အို… ဘုရားသခင် ကိုယ်တော်ရဲ့ အသံကို ကြားနိုင်ဘို့ ကျွန်တော့်ကို မစပါ။
ကိုယ်တော့်ကို လစ်လျူရှုသူ မဖြစ်ဘို့ ကျွန်တော့်ကို ကူညီတော်မူပါ။
ကိုယ်တေ်ာ ပြောသောအချိန်တိုင်း  ပြောသမျှကို ဘယ်သောအခါမျှ မမေ့သောသူနှင့် အစဉ်သတိရနေပါမည်အကြောင်း ကယ်မတော်မူပါ။
ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံး ကိုယ်တော်ရဲ့ စကားတော်ကို နားမထောင်နိုင်လောက်အောင် အလုပ်များနေခြင်းထဲမှ ကယ်မ ကူညီတော်မူပါ။
ကိုယ်တော်ရဲ့ စကားတော်ကို ကျွနု်ပ်တို့၏ နှလုံးသားမှ ရရှိပြီး ကိုယ်တော်၏ စကားတော်ကို နှစ်သက်တတ်သောသူ ဖြစ်စေတော်မူပါ။
အာမင်
https://www.4shared.com/s/fy-BAYfneda
Sep 24, 2013
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသည်ဆိုရာဝယ် . . .
မသုရှလဘွား မြင်သော နောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံးဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများ ကို မြင်လေ၏။ (ကမ္ဘာ ၅း၂၂)
နိဒါန်း
ယုံကြည်သူ ဆိုသည်မှာ ဘုရားသခင်ကို အမှီပြု အသက်ရှင် ကြသောသူများ ဖြစ်သည်။ ယုံကြည်သူ တိုင်းသည် ကိုယ့်ခွန် အားထက် ဘုရားသခင် ပေးသော ခွန်အားဖြင့် အသက်ရှင်ရမည် ဆိုသည်ကို နားလည် သဘော ပေါက်ကြ ပါသည်။ ယုံကြည်သူ များသည် ဘုရားသခင်နှင့် အတူလျှောက်လှမ်း အသက်ရှင်ရ မည်ဟူသော အသိတရား ရှိကြ သည်။ သို့သော် မည်သို့ ဘုရားသခင်နှင့် အတူ လျှောက်လှမ်းရမည်ကို မသိကြ။
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ အဘယ်နည်း။
ဘုရားသခင်နှင့် အတူလျှောက်လှမ်းခြင်းဆိုသည်မှာ သွန်သင်ချက်များအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းဖြစ်သည်။
ဘုရားသခင်၏ လမ်းတော် ဆိုရာတွင် “ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်” (၁ယော ၂း၆) ဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ ထိုသခင် ယေရှု ခရစ်တော် မည်သို့ အသက်ရှင် လုပ်ဆောင် ကျင့်ကြံ ခဲ့ပါသနည်း။ ထိုသခင်၏ အသက်တာကို ခရစ်ဝင် ကျမ်းများတွင် တွေ့ရှိနိုင်ပါသည်။ ခရစ်တော် အသက်ရှင် လိုက်လျှောက်သည့်အတိုင်း လျှောက်လှမ်းရမည် ဟုဆိုလိုခြင်းဖြစ်ပါသည်။
ဘုရားသခင်၏ လမ်းသည် ကောင်းသည်ဟု အထက်က မိက္ခာကျမ်းတွင် ဖော်ပြထားသည် မဟုတ်ပါလော။
မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင်မ ရပ်မနေ၊ မထီမဲ့မြင် ပြုသောသူ တို့၏ အစည်း အဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့် မပြတ် ဆင်ခြင်အောက် မေ့ သော သူသည် မင်္ဂလာရှိ၏၊၊ (ဆာလံ ၁း၁-၂)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ ဘုရားသခင်၏ အကြံအစည် တော်ထဲတွင် အသက်ရှင်ခြင်း ဖြစ်သည်။
ဘုရားသခင်၏ အကြံအစည်တော် ဆိုသည်မှာ ဘုရားသခင်က ဘာဖြစ်မည်။ မည်သို့ ဖြစ်မည်ကို ရှေးမဆွကပင် ဆုံးဖြတ် ထားသည့် ဆုံးဖြတ်ချက် ဖြစ်သည်။ ယုံကြည်သူတိုင်း သည် ဘုရားသခင်က စီစဉ်ထား သည့်အတိုင်း ဖြစ် ပျက်နေကြပါသည်။ တစ်ခါတစ်ရံ ထိုဖြစ်စဉ်များတွင် မိမိတို့ မလိုချင်သည့် အမှုများ ပါရှိနေတတ်ပါသည်။ သို့သော် လည်း ဘုရားသခင်၏ အကြံအစည် တော်ဖြစ်သည်ကို ခံစားနားလည်ပါလျှင် စိတ်ထဲ၌ သက်သာမှု တစ်စုံတစ်ရာကို ခံစားနိုင်ပါသည်။
ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်တွက် အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။ (ဟေရှာယ ၄၆း၁၁)
ဘုရားသခင်၏ အကြံအစည်တော် ရည်ရွယ်ချက် များကို တစ်ခါတစ်ရံ ကျွန်တော်တို့ ကြိုတင် သိရှိနိုင် ပါသည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ ကျွန်တော်တို့ မသိရှိနိုင်ပေ။ ဘုရားသခင်နှင့် အကျွမ်းဝင် မိဿဟာရဖွဲ့သူတို့ အနေ ဖြင့် လုပ်ငန်းစဉ် တော်တော် များများကို မည်သို့ပင်ဖြစ်နေ စေကာမူ အလိုတော်ကို ၀န်ခံနိုင်ကြသည်။ ဘုရား သခင်၏ အကြံအစည်တော်နှင့် ရည်ရွယ်ချက်များသည် တစ်ခါတစ်ရံ အလွန်မြန်ဆန်စွာ ဖြစ်တတ်ပြီး၊ တစ်ခါတစ်ရံ အလွန်နှေးကွေး စောင့်ဆိုင်းရသည့် အခြေအနေများ ရှိနေတတ်ပါသည်။ တစ်ခါတစ်ရံ လုပ်ငန်းစဉ်များ ရပ်တန့်သွားသည်အထိ ဖြစ်တတ်သည်။ (အာဗြဟံနှင့် စာရာတို့၏ အသက်တာကို လေ့လာကြည့်ပါ။)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ တိုးတက် ရင့်ကျက်သော အသက်တာသို့ တက်လှမ်းနေခြင်း ဖြစ်သည်။
ဘုရားသခင်နှင့် လျှောက်လှမ်း လိုသူသည် အသက်တာကို တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်မှု ရှိရပါမည်။ ပထမဦးဆုံး ဘုရားသခင် သတ်မှတ်ထားသော အဆင့်တစ်ခုကို ဖြတ်သန်း ရသည်။ ထိုအရာမှာ ဧ၀ံဂေလိ တရားကို သိရှိလာပြီး ကယ်တင်ခြင်း ရရှိရမည်။ ထိုအရာကို ဒုတိယမွေးဖွားခြင်းဟု ကျမ်းစာတော်မြတ်က ခေါ်ဆိုထားပါသည်။
အဆင့်ဆင့် ဆိုရာတွင် ပထမဦးစွာ လမ်းလျှောက်သူမည့်သူသည် ပထမ မတ်တပ်ရပ်နိုင်ရပါမည်။ အနည်း ငယ် ရှေ့ကို ဆက်လက် ကြည့်မည်ဆိုပါက မတ်တပ်မရပ်ခင် ကလေးငယ် အဆင့် ဖြစ်သော လေးဘက်ထောက် သွားသော အခြေအနေ တစ်ခု ရှိရပါမည်။ လေးဘက်ထောက် မသွားမီ အမိ ၀မ်းတွင်းမှ မွေးဖွား ရပါဦးမည်။ ထို့ကြောင့် ကိုယ်တော်က
“ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။ “(ယောဟန် ၃း၇)
ကြီးထွားခြင်းဆိုသည်မှာ ကယ်တင်ခြင်း ရရှိပြီးသူအတွက် ပုံမှန် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ ထိုအဆင့်များကို တစ်ဆင့်ပြီး တစ်ဆင့် မဖြတ်သန်းဘဲ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းဘို့ လုံးဝ မဖြစ်နိုင်ပါ။ သမ္မာကျမ်းစာတွင် အသင်းတော် ခေတ်ဦး အချိန်က ယုံကြည်သူများသည် ကယ်တင်ခြင်း ရရှိပြီးသည့် အချိန်မှ စတင်ကာ တစ်ဆင့်ပြီး တစ်ဆင့် ရင့်ကျက်တိုးတက်လာကြသည်ကို အောက်ပါ ကျမ်းပိုဒ်က ဖော်ပြနေပါသည်။
ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာ ပြုခြင်း တို့ ကို အမြဲဆောင်ရွက်၍ နေကြ၏၊ လူအပေါင်း တို့သည် ကြောက်လန့်ခြင်း ရှိသည်ဖြစ်၍ တမန် တော် တို့သည် များစွာသော နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ ယုံကြည်သော သူ အပေါင်း တို့သည် တစုတဝေး တည်း နေသဖြင့်၊ မိမိတို့၌ ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ဥစ္စာ ပစ္စည်းများကို ရောင်းပြီးလျှင်၊ လူ များ ဆင်းရဲသည် အတိုင်း အသီးသီး တို့အား ဝေငှခြင်းကို ပြုကြ၏။ ထိုသူတို့ သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဉ် တညီ အညွတ်တည်း နေ၍၊ ကိုယ်အိမ်၌ မုန့်ကို ဖဲ့ လျက် ကြည်ဖြူ ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာ အာဟာရကိုသုံးဆောင်ကြ၏။ (တမန် ၂း၄၂-၄၆)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်း သည် ကိုယ်တော်နှင့် ရင်းနှီးကြွမ်းဝင်မှုကို ဝေငှခြင်းဖြစ်သည်။
ဘုရားသခင်နှင့် လျှောက်လှမ်းရန် ဘုရားသခင်နှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိရပါမည်။ အမှန်တကယ်တွင် ဘုရားသခင်က လူသား များနှင့် ရင်နှီး ကျွမ်းဝင်လိုသောကြောင့် ဘုရားသခင်ကပင် စတင်ကာ လူသားတို့နှင့် ရင်နှီး အကျွမ်းဝင်ရန် စတင်ခဲ့သည်ကို တွေ့ရပါသည်။
အဘယ်ကြောင့်ဆိုသော် မေတ္တာကြီးမားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ရင်နှီးလိုသူများကို ရှာဖွေလျက် ရှိသည်။
ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သော သဘောကို သွင်းပေးမည်။ သူတို့ခန္ဓာ ကိုယ်ထဲက ကျောက် နှလုံးကိုနှုတ်၍၊ အသားနှလုံးကို ပေးသောကြော့င်၊ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ် တရားလမ်းသို့ လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင် ဖြစ်မည်။ (ယေဇကျေလ ၁၁း၁၉-၂၀)
ဘုရားသခင်သည် သူ၏ သားသမီးများကို သူနှင့်ရင်းနှီး ကျွမ်းဝင်ခြင်းအားဖြင့် အသက်တာတွင် သိရှိ ခံစားလာ ရသည့် နှုတ်ကပတ်တော်များ၊ ကောင်းကြီးမင်္ဂလာများ၊ တန်ခိုးတော်များ အစရှိသည် တို့ကို သူတစ်ပါးအား ဝေငှ သက်သေခံ ရန် ခွင့်ပြုထားပါသည်။
ဘုရားသခင်သည် ကျွန်တော်တို့၏ မျှော်လင့်ခြင်း၊ အိပ်မက်နှင့် ပြင်းပြသော ဆန္ဒကို အဆင်ပြေခြင်း၊ မပြေခြင်းနှင့် ပြဿနာ တို့ကို ကိုယ်တော့်ထံတွင် တောင်းလျှောက်ရန် မိန့်တော်မူထားပါသည်။ အဘယ်ကြောင့် ဆိုသော် အခြား ကိုယ်တော်ကို မသိကျွမ်းသေးသူများလည်း ကိုယ်တော်နှင့် သိကျွမ်းရင်းနှီးလာစေရန်ဖြစ်သည်။
ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ (ယေရမိ ၃၃း၃)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ မျှော်လင့်ချက် ရှိသည့်နေရာသို့ သွားရောက်နေခြင်းဖြစ်သည်။
ဧ၀ဂေလိတရားကို ယုံကြည်ပြီး ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည် လက်ခံသော သူတိုင်း သည် ကောင်းကင် ရွှေပြည်သို့ ၀င်စားရမည်မှာ သေချာပါသည်။ ထိုအရာသည် ဘုရားသခင် ကိုယ်တော်တိုင် မျှော်လင့် နေသော အရာဖြစ်ပြီး ယုံကြည်သူတိုင်း အတွက်လည်း မျှော်လင့်ချက်ဖြစ်ပါသည်။ ထိုမျှော်လင့်ချက် အဘို့အလို့ ငှါ အသင်းတော် ဆိုသည်မှာ ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။
အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏ (ဧဖက် ၂း၂၀)
ဘုရားသခင် ရောက်စေချင်သော နောက်ဆုံးပန်းတိုင်မှာ ကောင်းကင်ဘုံဖြစ်သည်။
ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန်မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။ (ဟေဗြဲ ၁၁း၅)
ဧနောက်သည် ဘုရားသခင်နှင့် အတူလျှောက်လှမ်းသည်ဆိုရာတွင် မျှော်လင့်ထားသည့် ကောင်းကင်ဘုံသို့ သွားရောက်ရန် ဘုရားသခင်ကို စတင်သိကျွမ်းကတည်းက ထားရှိခဲ့သော ပန်းတိုင်းဖြစ်သည်။ ထိုကဲ့သို့ ထားရှိသည့် ပန်းတိုင်ကြောင့် မည်သည့် ပြဿနာ အခက်အခဲ ရှိနေစေကာမူ ကိုယ်တော်ကို မလွှတ်တမ်း ကိုင်ဆွဲ အသက်ရှင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်နှင့် မဝေးချင်သောကြောင့်ဖြစ်ပါသည်။
နိဂုံးချုပ်
ယနေ့ ဤနှုတ်ကပတ်တော်ကို ဖတ်ရှုကြသော ယုံကြည်သူအပေါင်းကို တိုက်တွန်းနိုးဆော်လိုက်ပါရစေ။ သင့်အသက်တာတွင် ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားသည် ဆိုပါက
၁။ ကျမ်းစာကိုဖတ်၍ သွန်သင်ချက်အတိုင်း လိုက်လျှောက် အသက်ရှင်ပါ။
၂။ ကိုယ်တော်၏ အကြံအစည်တော်ထဲတွင် အသက်ရှင်ပါ။
၃။ ကယ်တင်ခြင်းရရင် လုံလောက်ပြီဟု စိတ်တွင်မထားဘဲ ရင့်ကျက်သော အသက်တာသို့ တက်လှမ်းပါ။
၎။ ကိုယ်တော်နှင့် ရင်နှီးကျွမ်းဝင်မှု ရှိစေရန် တည်ဆောက်ပြီး ထိုရင်းနှီးမှုကိုလည်း သူတစ်ပါးကို ဝေငှပါ။
၅။ မျှော်လင့်ချက်ရှိသည့် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရမည်ကို အစဉ်ဝမ်းမြောက်လျက် အသက်ရှင်ပါ။
နာမတော်မြတ်၌
ဦးမင်းလွင်