Sep 2, 2018

အလိုတော်နှင့်ညီသော ကိုးကွယ်ခြင်း

ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ် ဖြင့်လည်း ကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်ရမည်။ (ယောဟန် ၄း၂၄)

အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေကြသည်ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိ လုပ်ဆောင် ပြုမူနေကြသည်ကို မြင်တွေ့နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေးဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရားဆိုသည်ကို လည်း နားမလည်၊ ဝိညာဉ်ဖြင့် မည်သို့ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။
ယုံကြည်ခြင်းဖြင့် ကိုးကွယ်မှုပြုခဲ့သူ

သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သော သူအချို့ကို ဖော်ထုပ်လေ့လာခွန်အားယူလိုပါသည်။ ပထမဦးစွာ ကမ္ဘာဦး ကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည်ညီအကို နှစ်ဦးအကြောင်းကို ဖော်ပြလို ပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အတူတကွ ပြုကြ သော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်း ကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။
ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်း အားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ရာတွင် ယုံကြည်ခြင်း သည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ဦး၏ နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ် မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မဿဲ ၁၈း၂၀)

ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့လာရောက်သောသူတို့သည်။ အပြောအဆိုဝတ်စားဆင်ရင်ပုံကိုဂရုစိုက်ရ မည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိသဘောတို့ကိုယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာ ခြင်းဖြင့် သစ္စာဝတ်ကို ပြုကြသော်လည်း မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင် လာသောကြောင့် ဝိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟုတ်မဆိုနိုင်ပေ ဟေဗြဲ ကျမ်းကိုရေသောသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့်ကျင့်ဆောင်သည်ဟုတ်ဖော်ပြခဲ့ ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မ တွေ့မမြင်သော် လည်း မိမိ၏ စိတ်ဝိညာဉ်အလင်းက ဖော်ပြသည့်အ တိုင် ယုံကြည်သောစိတ်ဖြင့် ပြုမူဆောင်ရွက်သည် ဟုဆိုလို ပါသည်။ ရောမသြဝါဒ စာထဲတွင် အာဗြဟံ ကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည်ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့် အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်းယုံကြည်သည် ဆိုပါက အဘယ် ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ရာ တွင် မိမိတို့၏ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ်သကဲ့သို့ ပြုမူဆောင်ရွက်နေသော သူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။
ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း ကိုးကွယ်ခဲ့သူများ

တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာ ကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့နိုင်ပါသည်။ ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ် ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရား သခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်း အပြည့်ဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ် ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွှဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြု ကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။ ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါ က နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက်ပို နက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်းဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရား ကိုလည်း ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။
ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက်လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန်တစ်ဦး ဖြစ်သော ကြောင့် အသက်ရှင်သော ဘုရားကို သိကြွမ်းသူဖြစ်သဖြင့် ဆုတောင်းရမည်ဟူသော အချက်ကို သစ္စာ ရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည် ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရလျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာ တော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံ တိုးဝင် ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွားမည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ်ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာနှင့် မိမိအသက် တာကို နိုင်ယှဉ်ကြည့် ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။
အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသော သူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။
ကိုးကွယ်မှုပြုလျှက်ပင် ဘုရားနှင့် ဝေးသွားခဲ့သူ

တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန်ဖော်ပြ လိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော်လည်း နူနာစွဲကပ်နေ သောအခါ ဣသရေလ တိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ် တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင် သော ဘုရားကို ဝိညာဉ်ထဲက သိကြွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော် သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။ အထိုအခြေအနေကို ဧလိရှဲ သဘောက်ပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆို မှုမလုပ်ခဲ့ပါ။
ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ ဂေဟာဇိ ဆိုသူ အကြောင်းဖြစ်သည်။ သူသည် နှုတ်ခပတ်တော်များကို ဧလိရှဲထံမှ သိကြွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာ တွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည် ပြီးသူတစ်ဦးဖြစ်သည်။ သို့သော် နှုတ်ခပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမန်သည် နူနာပျောက်ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ် ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ဆရာ ဧလိရှဲမသိမှီ နေမန် ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲသိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွားလေတော့သည်။
ဘုရားသခင်ထံသည် ရုဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည် ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက်ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်း ကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း။ ကိုးကွယ်နေသူဖြစ်ပါသလား။ အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။ (အာမင်)