Dec 4, 2018

ခရစ္စမတ်ကို ဘယ်လိုပြင်ဆင် ကြိုဆိုမလဲ

မာကု ၁း၁-၈
၁ဘုရားသခင် သားတော် ယေရှုခရစ်၏  အစကိုဆိုပေအံ့။ အနာဂတ္တိ ကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ တော၌ဟစ် ကြော်သောသူ၏ အသံမှာ၊ ထာဝရ ဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေ ကြလော့ဟု လာသည်နှင့် အညီ၊ ယောဟန်သည် တော၌ ဗတ္တိဇံ ကိုပေးလျှက်၊ အပြစ်လွှတ်ခြင်း အဘို့အလိုငှါ နောင်တ နှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောလျက်ပေါ်ထွန်း၏။ ယေရှုရှလင်မြို့သားများမှ စ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည်၊ ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကို ဘော်ပြလျှက် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကိုခံကြ၏။ ယောဟန်သည် ကုလားအုတ် အမွှေးနှင့်ရက်သော အဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေ ခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ ဖြစ်သော ပျားရည်ကို စားလျက်နေ၏။ ဟောချက် စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သော သူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော် ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှါ ငါမထိုက်။ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံ ကိုပေး၏။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ် တော်၌ သင်တို့ကို ဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။ (မာကု ၁း၁-၈)

ကယ်တင်ရှင် မလာမီ ကြိုတင်ပြင်ဆင်ရသော ဗတ္တိဇံဆရာ ယောဟန်
ခရစ္စမတ် အတွက် အသက်တာကို ပြင်ဆင်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ဟောပြောလိုပါသည်။ ဤဝေငှချက်သည် သင့်အတွက် အကြံပြုချက်လည်း ဖြစ်ပါသည်။ ယခုအခါ သင်သည် ခရစ္စမတ်အတွက် ပြင်ဆင်မှုများကို ပြုလုပ်ကောင်း ပြုလုပ်နေပါလိမ့်မည်။ အိမ်ကို အလှဆင်ခြင်း၊ မီးလုံးလေးများကို ချိတ်ဆွဲခြင်း၊ လက်ဆောင် ပစ္စည်များကို စုဆောင်ခြင်း၊ အဝတ်အစားများ ဝယ်ယူခြင်း၊ စသည့် ပြင်ဆင်မှု ပေါင်းမြောက်များစွာကို ပြုလုပ်နေပါလိမ့်မည်။

သို့သော် ကောင်းကင်ဘုံရှင် ဘုရားသခင်က ထိုပြင်ဆင်မှုများကို အားရကျေနပ်နေ လိမ့်မည်ဟု သင်ထင်ပါသလား။ ကယ်တင်ရှင် ခရစ်တော်၏ လူ့ဇာတိခံယူရန် ကောင်းကင်ဘုံ စည်းစိမ်ကို စွန့်လွှတ်၍ ဤလောကသို့ ကြွလာရာတွင် ထိုကဲ့သို့ ပြင်ဆင်မှုများက အမှန်တကယ် လုံလောက် ပါပြီလား။ ယနေ့ ကျွန်တော် ပြောလိုသည့်အရာမှာ ထိုကဲ့သို့သော ပြင်ဆင် မှုမျိုး မဟုတ်ပါ။ 

 ရှင်မာကု ခရစ်ဝင်ကျမ်းကို လေ့လာကြည့်ပါက အံ့သြဘွယ်ဖြစ်သော မယ်တော် မာရိ၏ ပဋိသန္ဓေ ယူဆောင်ခြင်းကို မဖေါ်ပြ သလို မွေးဖွားခြင်း အကြောင်းအရာများကို မ တွေ့ရချေ။ သင်နှင့် ကျွနု်ပ်တို့ ကဲ့သို့ သာမန် လူသားတစ်ဦးက လူ့ဇာတိ ခံယူမည့် သခင်ခရစ် တော်ကို ထူးခြားစွာ ပြင်ဆင် ကြိုဆိုခဲ့သော ဗတ္တိဇံဆရာ ယောဟန် အကြောင်းကိုသာ ရှင်မာကုက ဖေါ်ပြခဲ့ပါသည်။


ကယ်တင်ရှင် ခရစ်တော်နှင့် ပတ်သတ်ပြီး မမွေးဖွားမီ နှစ်ပေါင်း ရာနှင့်ချီ၍ ကြိုတင် ပရောဖတ် ပြုချက်ပေါင်း မြောက်များစွာ ရှိနေခဲ့ပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်က ထို သခင်မလာခင် ပြင်ဆင်မှုများ ပြုလုပ်ရန် ဗတ္တိဇံ ဆရာ ယောဟန်ကို စေလွှတ် ခဲ့ကြောင်း ယခု လေ့လာ ဖေါ်ပြလိုပါသည်။

မာကုကျမ်းစာ၏အစတွင် ဤကဲ့သို့ ဖေါ်ပြစတင်ထားပါသည်။ 

၁ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကိုဆိုပေအံ့။ ၂အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ ၃တော၌ဟစ် ကြော်သောသူ၏ အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေ ကြလော့ဟု လာသည်နှင့်အညီ၊ (မာကု ၁း၁-၃)

မာကုက ခရစ္စမတ် အကြောင်းအရာနှင့် အစပြုမထားပါ။ မာကုကျမ်းကို စတင်ဖွင့်လှစ်လိုက်သည်နှင့် ခရစ္စမတ်အတွက် လိုအပ်သည့် အခြေခံ အကြောင်းအရာနှင့် အစပြုထားသည်ကို တွေ့ရပါလိမ့်မည်။ ယခုဖော်ပြလိုသည်မှာ ခရစ္စမတ် သစ်ပင် လှလှလေးများ၊ ကလေးလက်ဆောင်များ၊ အစားအသောက် ပြင်ဆင်မှုများ၊ ကျိုးစား အားထုပ်မှုများကို မလိုအပ်ပါဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုအရာများသည်လည်း အထူးပြုလုပ်သော အရာများ ဖြစ်သောကြောင်း ကောင်းမွန်ပါလိမ့်မည်။ လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။

သို့သော် ရှင်မာကုက အစပြုသည်မှာ “ဧဝံဂေလိတရား၏အစ” ဟုဆိုထားပါသည်။ “ဧဝံဂေလိ” ၏ အဓိပ္ပါယ်မှာ “သတင်းကောင်း” ဖြစ်ပါသည်။ “သတင်းကောင်း၏အစ” ကို ခရစ္စမတ် သစ်ပင်နှင့် အစပြုမထားပါ။ သတင်းကောင်း ဆိုသည်မှာ အဘယ်နည်း။ သတင်း ကောင်းဆိုသည်မှာ “ကယ်တင်ရှင် ခရစ်တော်၏ အကြောင်း” ပင်ဖြစ်ပါသည်။

မာကုကျမ်းတွင် မွေးဖွားခြင်းနှင့်အစပြု ရမည့်အစား ထူးခြားစွာဖြင့် ဗတ္တိဇံဆရာ ယောဟန်အကြောင်းကို ဖေါ်ပြ အစပြု ထားပါသည်။ ယနေ့မနက် ဗတ္တိဇံဆရာ ယောဟန် ထံမှ အကြောင်းအရာ သုံးခုကို လေ့လာလိုပါသည်။ 


၁။ သူသည် ထူးခြားသော စေတမန်တစ်ဦး ဖြစ်ပါသည်။
 အငယ် (၆) တွင် ယောဟန်သည် 
“ယောဟန်သည် ကုလားအုတ်အမွှေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကိုစားလျက်နေ၏။” (မာကု ၁း၆)
 သခင်ယေရှုနှင့် ဝမ်းကွဲတော်စပ်သူ ယောဟန်သည် ခြားနားမှုများ ရှိနေပါသည်။ သင်လေ့လာကြည့်ပါ။ မိသားစုဝင်များ နှင့် နီးစပ်သော ဝမ်းကွဲမောင်နှမများသည် အနည်းငယ် တူညီသော အကြောင်းအရာများ ၊ရှိနေတတ်သည်။ ယခု ယောဟန်ကို လေ့လာကြည့်ပါက သိတ် အဆင် မပြေသော အခြေအနေ များထဲတွင် ရှိနေသည်။ ကုလားအုပ်မွေးနှင့် ယက်သော အင်္ကျီကိုသာ ဝတ်သည်။ သားရေ ခါးပန်းကိုစီးပြီး ကျိုင်းကောင်နှင့် ပျားရည်ကိုသာ စား သောက်သည်။ နေသည်မှာ ကန္တာရတွင်နေသည်။ ကန္တာရမှရသော အင်္ဂျီကိုသာ ဝတ်ပြီး ထိုနေရာ မှ အစားအစာကိုသာ စားသောက်သည်။

ဘုရားသခင်ဘက်တွင် စိတ်အားထက်သန်သော ယဇ်ပရောဟိတ်ဖြစ်သူ အဖ ဇာခရိနှင့် အမိ ဧလိရှဗတ် တို့မှ မွေးဖုွားလာသောသူ ဖြစ်သောကြောင့် ယောဟန်သည် ဘုရား ဝတ်တွင် မွေ့လျော်သူ တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် အသက်တာကို ဆက်ကပ်အပ်နှံထား သူဖြစ်ပြီး စုံစမ်းသွေးဆောင်ခြင်းများ ကင်းဝေးရာ တောကန္တာတွင် သွားရောက်နေ ထိုင်ခဲ့ပြီး ရနိုင်သည့် အစားအစာများနှင့်သာ ရောင့်ရဲ တင်တိမ်ပြီး အသက်ရှင်ခဲ့သူဖြစ်သည်။ 

ခရစ်တော်၏ လမ်းခရီးတော်ကို ကြိုတင်ပြင်ဆင်ပေးရမည့် ဗတ္တိဇံဆရာ ယောဟန် ၏ အသက်တာ ပြင်ဆင်မှုမှာ ထူးခြားပါသည်။ မည်သူမျှ တုနှိုင်း မမှီနိုင်သည့် အသက်ရှင်မှုပုံစံ ဖြင့် အကောင်းဆုံး အသက်ရှင်လျက် ကိုယ်တော်ကို စောင့်ကြိုနေခဲ့ပါသည်။ ခရစ်တော် ၏ လူဇာတိခံယူပြီး လူ့လောကသို့ ကြွတော်မူရာ ခရီးလမ်းကို ကြိုဆိုနေပါသည် ဟူသော သင့်၏ အသက်ရှင်မှု မည်ကဲ့သို့ ဖြစ်နေပါသနည်း။ ခရစ္စမတ်ကို ကြိုဆိုသော သင်၏အသက် တာ အသက်ရှင်မှုကို ပြန်လည်ဆင်ခြင်ပါ။ 

သူသည် ထူးခြားသော တမန်တော် ဖြစ်ရုံမျှသာမက

၂။ ထူးခြားသော တရားစကားကို ဟောပြောသူ ဖြစ်သည်။

ဟေရှာယ ၄၀း၃-၅ မှဖော်ပြထားသော အကြောင်းအရာနှင့် မာလခိ ၃း၁ တွင်ဖော်ပြ ထားသော အကြောင်းအရာ အမှန်တကယ် ဖြစ်လာပြီး ပြည့်စုံတော့မည်ဖြစ်ကြောင်း နိမိတ်ဖတ် ဖော်ပြခဲ့သည်။

တော၌ ဟစ်ကြော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်း ကို ပြင်ကြလော့၊၊ ငါတို့ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေ ကြလော့၊၊ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးး တောင်ငယ်ရှိ သမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်း များကိုလည်း သုတ်သင် ပြင်ဆင်ရမည်။ (ဟေရှာ ၄၀း၃-၄)
ကြည့်ရှုလော့။ ငါသွားရာလမ်းကိုပြင်ရသောငါ၏တမန်ကို ငါစေလွှတ်မည်။ (မာလခိ ၃း၁)
ဗတ္တိဇံဆရာ ယောဟန်ပြောသည်မှာ ကယ်တင်ရှင်လာမည့်အကြောင်းကို ကြော်ငြာသည်။ လမ်းတော်ကို ပြင်ဆင်ကြဟု ပြောသည်။ “ပြင်ဆင်” ဟူသောစကားသည် “အဆင် သင့်ဖြစ်နေရမည်” ဟု ပြောနေခြင်း ဖြစ်သည်။ ယောဟန် ဆိုလိုသည်မှာ ယခု လမ်းမကြီးများကို ပြင်ဆင်ရန် ဆိုလိုခြင်းမဟုတ်။ သခင်ယေရှု လူ့ဇာတိခံ ကြွရောက်လာမည့် အချိန်အတွက် အဆင်သင့် ဖြစ်နေရန် ပြောခြင်းဖြစ်ပါသည်။

ယနေ့ခေတ် သခင်ခရစ်တော် ကြွလာမည့် အခန်းအနားပြင်ဆင်မှုများသည် အရေး ကြီးသော လုပ်ဆောင်မှုများ၊ အချက်အလက်များ၊ ပျောက်ဆုံးနေသည်ဟု ထင်ပါသည်။ ကျွန် တော်တို့က ပြင်ဆင်ရာတွင် သခင်ယေရှု ခရစ်တော် အရုပ်ကလေးကို အဝတ်ကလေး နှင့်ပတ်၊ နွားစားခွက်တွင်ထား၊ မီးလုံးလေးတွေ ထွန်းထား ထိုကလေးသည် ဘယ်သော အခါမှ ကြီးထွားခွင့်မရ။ ခရစ္စမတ် ကယ်ရယ် သီချင်းများဆိုပြီး ပျော်ရွှင်နေကြသည်။ ထိုအရာသည် ဟေရုတ်ဘုရင် က သတ်ဖြတ်ရန် သတိပေးနေသလို၊ အသိပေးကာ ခရစ်တော်ကို ဒုက္ခပေးရန် ပြင်ဆင်နေ သလိုဖြစ်သည်။ ထိုအရာများထက် ထူးခြားသော ပြင်ဆင်မှုများကို သင်လုပ်ဆောင်ဘို့ လို အပ်ပါသည်။
ဗတ္တိဇံဆရာယောဟန်က ပြောသည်မှာ
“ငါ့ထက် တတ်စွမ်းနိုင်သော သူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော် ကြိုးကိုမျှ ငုံ့၍ဖြည် ခြင်းငှါ ငါမထိုက်။” (မာကု ၁း၇)
ဟုဆိုခဲ့သည်။ အများတကာ လေးစားသော၊ အထင်ကြီးသော ဗတ္တိဇံဆရာ ယော ဟန် က “ကြွလာမည့် အရှင်သည် မည်မျှ ကြီးကျယ် မြင့်မြတ်ကြောင်း ဟောပြောခဲ့သည်။” ထို အရှင် ကြွရောက် လာမည့် အချိန်တွင် တကမ္ဘာလုံးကို အဆင်သင့်ဖြစ်နေစေရန် ဟော ပြောခဲ့သည်။ သူဟောပြောရသည့် အကြောင်းမှာ ထိုအချိန်က ယုံကြည်သူဟု ဆိုသောသူ များပင်လျှင် ဖြစ်ချင်သလို ဖြစ်နေသော ကာလဖြစ်သည်။ ဘုရားမဲ့၊ တရားမဲ့ မိမိ စိတ်တိုင်းကြ အသက်ရှင်နေခဲ့ကြသည်။ သူတို့ လုပ်ဆောင်သော အပြစ် တရားများမှာ ယနေ့ခေတ် အခါ ကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ခရစ်တော်ကို မလိုချင်ခဲ့ကြ။ ခရစ်တော် မလိုဟု ထင်မြင်သူများရှိခဲ့သည်။ ထို့ကြောင့် ထိုအချိန်က ခရစ်တော်ကို သတ်ဖြတ်ရန် ဝန်မလေး ခဲ့ကြချေ။ ယနေ့ခေတ် အဆင်သင့်မဖြစ်သလို သူတို့လည်း အဆင်သင့် မဖြစ် ခဲ့ကြချေ။

သင်အသက်တာရော အဆင်သင့်ဖြစ်ပါပြီလား။ လူတိုင်း ခရစ္စမတ်ကို ကြိုဆိုကြ သော်လည်း အဆင်သင့် မဖြစ်ကြချေ။ ဗတ္တိဇံဆရာ ယောဟန် က ဟောပြောခဲ့သည်မှာလည်း ထိုလူမျိုး အတွက် ဖြစ်သည်။ ယနေ့ သင့်အသက်တာကိုလည်း ထိုကဲ့သို့ ပြောလိုပါသည်။
ကျွန်တော်တို့ ဘယ်လို အဆင်သင့်ဖြစ်ရမလဲ။ ယောဟန်ကတော့ ပြောခဲ့ပါသည်။ နောင်တရရန် ပြောခဲ့ပါသည်။ အပြစ်တရားမှ နောင်တရ သည့် အနေဖြင့် ဗတ္တိဇံခံရန်ပြောခဲ့ ပါသည်။ ယောဟန်ပြောသည့် ပြင်ဆင်ခြင်းဆိုသည်မှာ နောင်တရရန် ဖြစ်သည်။ ဂရိဘာသာ စကားဖြင့် နောင်တဆိုသည်မှာ “metanoia” ဟု ခေါ်ပြီး “စိတ်နှလုံး ပြောင်းလဲခြင်း” ဟု အဓိပ္ပါယ်ရှိပါသည်။ ၂ကော ရး၁၀ တွင် နောင်ဆိုသည်မှာ ဝမ်းနည်းခြင်းမှ လာကြောင်း ဖော်ပြထားပါသည်။
အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင်ခြင်းနှင့် ယှဉ်သော နောင်တစိတ်တည်းဟူသော၊ မပြောင်း လဲနိုင်သော နောင်တ စိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေ ခြင်းကို ပြုပြင်တတ်၏။ (၂ကော ရး၁၀)
အထက်ပါ ကျမ်းပိုဒ်အရ နောင်တကို ဖြစ်စေသော ဝမ်းနည်းခြင်း (၂) မျိုးရှိသည်။

ပထမတစ်ခုက လောကီ ဝမ်းနည်းခြင်း
ဤဝမ်းနည်းခြင်းမှာ ကြောက်ရွံ့ခြင်းများ၊ စိုးရိမ်ခြင်းများဖြင့် လုံးထွေးနေပါသည်။ လူအချို့သည် သူတို့၏ အပြစ်များ အတွက် မနှစ်သက်ဘွယ် အခြေအနေများကို ကြုံတွေ့လာ ချိန်များတွင် ထိုဝမ်းနည်းခြင်းကို ဖြစ်ပေါ် လာစေပါသည်။ ကောင်းသော ယာယီအကျိုးတရားများ ဖြစ်လာနိုင်ပါသည်။ ခေတ္တခဏမျှသာ ပြောင်းလဲစိတ် ဖြစ်သည်။ အပြစ်များထဲတွင် ကျင်လည်ပြီး ရဲစခန်းရောက်၊ အချုပ်ခန်းရောက်၊ ပြဿနာ တတ်သော အချိန် များတွင် “တော်ပါပြီ၊ နောက်မလုပ်တော့ပါ” ဟု ပြောတတ်သော်လည်း အချိန် ကြာလာလျှင် ခွေးမြီးကောက် ကျီတောက်စွတ် သကဲ့သို့ ဒုံရင်း ပြန်လည် ဖြစ်လာတတ်ပါသည်။ လောကီ ဝမ်းနည်းခြင်းမှာ ထိုသို့ဖြစ်သည်။
ဒုတိယတစ်ခုက ဘုရားသခင်နှင့်ဆိုင်သော ဝမ်းနည်းခြင်း
ဤဝမ်းနည်းမှုမှာ အမှန်တကယ် ပြောင်းလဲမှု အစစ်အမှန်ဖြစ်စေပါသည်။ ထာဝရ အပြစ်ခွင့်လွှတ်ခြင်း တရားကိုလည်း ခံစားရပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် နှုတ် ကပတ်တော်အားဖြင့် လူ တစ်ယောက်၏ နှလုံးသားထဲ အထိ ပြင်းထန်သော ရိုက်ခတ်မှုကို ဖြစ်ခဲ့ပြီး ထာဝရ ကာလအတွက် အရေးကြီးသော နောင်တ တရားကို ရရှိခံစားစေ နိုင်သည်။ တမန်တော် ၂း၃၇ တွင်
ထိုသူတို့သည် ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသော တမန်တော်တို့အား မေးမြန်းကြ၏။ (တမန် ၂း၃၇)
သင်ဝမ်းနည်းတတ်ပြီးလား။
နှုတ်ကပတ်တော်ကို ကြားသိလျှင် သင်သည် နောင်တကိုဖြစ်စေသော ဝမ်းနည်းမှု များ ဖြစ်ပေါ်ဘို့ လိုအပ်ပါသည်။ သင့်အသက်တာကို ပြန်လည်ဆန်းစစ်ပါ။ သင်သည် ယေရှု ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံပြီး အသက်တာ ပြောင်းလဲသူ ဖြစ်သော်လည်း ကျမ်းစာမဖတ်သေးလျှင် ဝမ်းနည်းပါ။ ဆုမတောင်းသေးလျှင် ဝမ်းနည်းပါ။ ဘုရားကျောင်း မတတ်ခဲ့သော နေ့ရက်များအတွက် ဝမ်းနည်းပါ။ မိတ်သဟာယ မသွားခဲ့ သော နေ့ရက်များအတွက် ဝမ်းနည်းပါ။ ဆယ်ဘို့တစ်ဘို့ မျက်ကွယ်ပြုခဲ့သော နေ့ရက်များ အတွက် ဝမ်းနည်းပါ။ ဆင်းရဲသားများကို မျက်ကွယ်ပြုခဲ့သော အရာများအတွက် ဝမ်းနည်း ပါ။ မရင့်ကျက်သော အသက်တာ အတွက် ဝမ်းနည်းပါ။ ဧဝံဂေလိ မဟောခဲ့သော နေ့ရက် များ အတွက် ဝမ်းနည်းပါ။ ဘုရားသခင်၏ အမှုတော်မြတ်ကို ရှောင်ဖယ်ခဲ့သော နေ့ရက်များ အတွက် ဝမ်းနည်းပါ။

ထိုသို့ ဝမ်းနည်းပြီး အသက်တာကို ပြုပြင်ခြင်းဖြင့် ခရစ်တော် လူ့ဇာတိခံယူခြင်း နေ့ရက်များကို ကြိုဆိုနိုင် ပါသည်။ ဗတ္တိဇံဆရာ ယောဟန်ကဲ့သို့ သင်သည် ခွန်အားယူ ကြိုဆို ရပါမည်။
ယောဟန်သည် ထူးခြားသော တမန်တော် ဖြစ်ရုံမျှမက
ယောဟန်သည် ထူးခြားသော တရားစကားကို ဟောပြောရုံမျှမက

၃။ ထူးခြားသော အမှုတော်လုပ်ငန်းကို လုပ်ဆောင်သည်။
ယောဟန်သည် တော၌ ဗတ္တိဇံ ကိုပေးလျှက်၊ အပြစ်လွှတ်ခြင်း အဘို့အလိုငှါ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။ ယေရှုရှ လင်မြို့သားများမှ စ၍ ယုဒပြည်သူ ပြည်သား အပေါင်းတို့သည်၊ ယောဟန်ထံ သို့ထွက်သွား၍ မိမိတို့ အပြစ်များကို ဘော်ပြလျှက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံ ကြ၏။ (မာကု ၁း၄-၅)

ဗတ္တိဇံဆရာ ယောဟန်သည် မိမိ၏အသက်တာကို ပြုပြင်သည်သာမက မိမိ ပတ်ဝန်ကျင် အသိုင်းအဝိုင်း အတွက်လည်း ကြီးသော အမှုတော် လုပ်ငန်း လုပ်ဆောင်ခြင်းဖြင့် နိုးဆော်မှု ပြုလုပ်ခဲ့သည်။ ခရစ်တော်သည် သုံးနှစ်ကြာမျှ အမှုတော် လုပ်ငန်းများကို လုပ်ဆောင်နေသော အချိန်တွင် ကြီးမားသော လူအုပ်ကြီးက ခရစ်တော်နောက်တော်သို့လိုက်ကာ နှုတ်ကပတ် တော်များကို ခံယူနေကြပြီ ဖြစ်သည်။ ထိုသို့ ဖြစ်လာရသည့် အကြောင်းရင်းမှာ ယောဟန်၏ အမှုတော် လုပ်ငန်အားဖြင့် ပြင်ဆင် လုပ် ဆောင်မှုများကြောင့် သခင် ခရစ်တော်အတွက် အဆင်သင့် ဖြစ်နေခဲ့သည်။

အခွန်ခံများကိုလည်းကောင်း၊ ရောမစစ်သားများကိုလည်းကောင်း လူတန်းစားအ မျိုးမျိုးကို နောင်တရစေရန် ဟောပြောခဲ့ပြီး သူတို့ကို နှစ်ခြင်းပေးကာ တည်ဆောက်မှု ပြု ခဲ့သည်။ ထို့ကြောင့် ခရစ်တော်၏ အမှုတော် စတင်သောအခါ အခွန်ခံများ၊ ပြည့်တန်ဆာများမှ စပြီး လူအသီးသီးက ကိုယ်တော်နောက်သို့ လိုက်ခဲ့ကြသည်။ ကိုယ်တော်ကို ထူးခြားစွာ ကြိုဆို ခဲ့သော ယောဟန်၏ ပြင်ဆင်လုပ်ဆောင်မှုများ ၏ အသီးအပွင့်များ ဖြစ်သည်။

ထိုကဲ့သို့ ပင် ယနေ့ခေတ်အခါတွင်လည်း သင့်၏အသက်တာနှင့် အမှုတော်လုပ်ငန်း များအားဖြင့် ကြီးသော အောင်မြင်မှုကို ခရစ်တော် ရရှိခံစားစေပါ။

နိဂုံး
မွေးနေ့တော်ကို သင်ကြိုဆိုမည်ဆိုပါက ခရစ္စမတ် အလှဆင် သစ်ပင်လေးများ၊ မီးလုံး အလှဆင်မီးများ၊ လက်ဆောင် လှလှလေးများ၊ ခရစ္စမတ် ကဒ်လေးများဖြင့်သာ ကြို ဆို နေသော သင့်အသက်တာကို ပြန်လည် စစ်ဆေးပါ။ ကယ်ရယ်သီချင်းလေးတွေ အပျော် လိုက်ဆိုသော ကြိုဆိုမှု ထက်ထူးခြားသော ကြိုဆိုမှုဖြစ်စေရန် တိုက်တွန်းပါသည်။ အထက် ပါ ခေါင်းစဉ် သုံးခုကို ပြန်ပြောပါရစေ။

၁။ ခရစ်တော်ကို ညွှန်ပြနိုင်သော ထူးခြားသော တမန်တော်အဖြစ် မိမိအသက်တာကို ပြင်ဆင်ပါ။
၂။ လူများကို နောင်တသို့ဖြစ်စေသော ထူးခြားသော သတင်းစကားဖြင့် ကိုယ်တော်ကို ကြိုဆိုပါ။
၃။ လူတို့ကို ပြောင်းလဲစေသော အမှုတော်လုပ်ငန်းများကို ဆောင်ရွက်ရင်း ကိုယ်တော်ကို ကြိုဆိုပါ။

https://www.4shared.com/office/Uo8Yj-Kdfi/preparation_for_Christmas.html



နာမတော်မြတ်၌
Rev. ဦးမင်းလွင်
ကိုးမိုင်ခရစ်ယာန် အသင်းတော်