Dec 9, 2018

ခရစ္စမတ်ဇတ်ကောင် ယောသပ်ထံမှ သင်ယူခြင်း

ဖတ်ရန်ကျမ်းပိုဒ် - မဿဲ ၁း၁၈-၂၅ 

နိဒါန်း
ခရစ္စမတ် မတိုင်ခင် ယခု ကာလများအတွင် မကြာခဏ အမေးခံရသည်မှာ "ခရစ္စမတ် အတွက် အဆင်သင့် ဖြစ်ပြီလား" ဟူ၍ ဖြစ်သည်။  သင်ကိုယ်တိုင်လည်း အမေးခံရမည်ဟု ထင်ပါသည်။ 

ထိုကဲ့သို့ ကျွန်တော် မေးမြန်လာသော် "ခရစ္စမတ်အလှဆင်ပြီးပြီလား" "ခရစ္စမတ်အတွက် ပစ္စည်းတွေ ဝယ်ပြီးပြီလား" "ခရစ္စ မတ်ကဒ်လေးတွေ ပြင်ဆင်ပြီးပြီလား" ခရစ္စမတ်အတွက် သင်သွားရမည့် ခရီးစဉ်တွေ အစီအစဉ်ဆွဲပြီးပြီလား" ဟု သဘော ပေါက်ကြပေလိမ့်မည်။

 "သင် ခရစ္စမတ်အတွက် အဆင်သင့်ဖြစ်နေပါပြီလား။" 
ကျွနု်ပ်တို့သည် ခရစ္စမတ်အတွက် သွားရင်း လာရင်း လုပ်ဆောင်းရင်း "ခရစ္စမတ် ပြာယာခတ်ခြင်း" ဖြစ်လာသည်။ ခရစ္စမတ်ရာသီပြီးသောအခါ မောပန်းနေပြီး နှာစီးချောင်းဆိုး ဖျားနာမှုများ ဖြစ်လာခဲ့သည်။ သင်လည်း ထိုကဲ့သို့ ဖြစ်နေပါပြီလား။ 

ကျွန်တော်က "ခရစ္စမတ်အတွက် အဆင်သင့်ဖြစ်ပြီလား" ဟု မေးမြန်းခဲ့သည့် မေးခွန်းကို သင် သဘောပေါက် ပါသလား။ ကျွန်တော် မေးမြန်သည်မှာ သင်၏ ခရစ္စမတ် လှုပ်ရှားမှု အစီအစဉ်များထက် ပိုပါသည်။ ကျွန်တော် သိလိုသည်မှာ သင်၏ စိတ်နှလုံးအခြေအနေနှင့် သင်၏အသက်ရှင်သည့် ပုံစံ အနေအထားကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဘုရားသခင် နှစ်သက်သော ခရစ္စမတ် အသက်ရှင်မှု ပုံစံကို ဘုရားသခင်က သင့်ကို ဖွင့်ပြပါပြီလား။ 

ခရစ္စမတ် အကြောင်းကို အနည်းငယ် စဉ်းစား ကြည့်ကြပါစို့။ စစ်မှန်သော ခရစ္စမတ်ဆိုသည်မှာ အဘယ်နည်း။ ခရစ္စမတ် ဆိုသည်မှာ ကောင်းကင်ဘုံတွင် စံမြန်သော ဖန်ဆင်းရှင် သခင်ယေရှု ခရစ်တော်သည် လူတို့တွင် လူ့ဇာတိ ခံယူရန် ဆင်းသက်ကြွလာခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် ကျွန်တော်တို့အကြားတွင် ထင်ရှားတော်မူသော သူ၏မေတ္တာဖြစ်သည်။ (ဤနေရာတွင် ကယ်တင်ခြင်းအကြောင်း ထည့်ပြီး ဟောနိုင်ပါသည်။) ကျွနု်ပ်တို့၏ နှလုံးသားတွင် ကျိန်းဝပ်လိုသော အရှင်ဖြစ်သည်။ ထိုအရှင်ကို သင့် အသက်တာထဲတွင် ထင်ရှား ဖော်ပြနိုင် ပါပြီလား။ 

သမ္မာကျမ်းစာထဲတွင် ခရစ္စမတ်အကြောင်း မှတ်တမ်းတင်ထားသည်များ ရှိနေပါသည်။ မဿဲ ၁း၁၈-၂၅ တွင် သင်ဖတ် ကြည့်ပါ။ 

ယေရှုခရစ်သည် ဘွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓွေစွဲနေ၏။ သူ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကိုမပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ် မည်ဟုအကြံရှိ၏။ ထိုသို့ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်း ရမည်အခွင့်ကိုမစိုးရိမ်နှင့်။ ဤပဋိသန္ဓွေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ (မဿဲ ၁း၁၈-၂၁) 

ယောသပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကိုထိန်းသိမ်းလေ၏။ သို့သော်လည်း၊ သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်းယေရှုဟူသောအမည်ဖြင့်မှည့်လေ၏။ (မဿဲ ၁း၁၈-၂၄-၂၅)

ကျွန်တော် ယောသပ်ကို သဘောကျပါသည်။ သူသည် ပေးဆပ်မှု များစွာ လုပ်ဆောင် ခဲ့သော်လည်း ခေတ် အဆက်ဆက်တွင် မီးမောင်းထိုး မခံခဲ့ရပါ။ သူ့အကြောင်းကို ကျွနု်ပ်တို့ သိခွင့် များများ မရခဲ့ပါ။ သူ့ထံမှ ခရစ္စမတ် သဘောထားများကို ကျွနု်ပ်တို့ လေ့လာသင် ယူနိုင်ပါသည်။ 

၁။ ဘုရားသခင်၏ အလိုတော်ကို လက်ခံသော သဘောကို သင်ယူရမည်။
ပထမဦးစွာ ယောသပ်က ကျွန်တော်တို့ကို သင်ပေးသည်မှာ "ဘယ်လို အကြောင်းတရားတွေ ရှိနေပါစေ ဘုရားသင်၏ အလိုတော်ကို လက်ခံရန်" ဖြစ်ပါသည်။ ယောသပ်သည် ဘုရားသခင်၏ အလိုတော်ကို လက်ခံခဲ့သည်။ 

ယောသပ်သည် သူ့ဘ၀ အတွက် ကောင်းမွန်သောအစီအစဉ်များ ထားရှိခဲ့သည်။ မာရိကို လက်ထပ် ယူမည်။ လိုအပ်သော အစီအစဉ် များကိုလည်း ပြင်ဆင်နေသည်။ မင်္ဂလာ အခန်းအနားကို မည်သည့်ပုံစံ၊ မည်သည့် နေရာ၊ မည်သည့် အဝတ်အ စားများဖြင့် မည်သည့် အစားအစာကို ကျွေးမည် အစရှိသဖြင့် ပြင်ဆင်မှုပေါင်း မြောက်များစွာဖြင့် ပြင်ဆင်နေသည်။ 

သို့သော်လည်း မာရိထံတွင် ပဋိသန္ဓေ စွဲယူ၍ ကလေးရှိနေပြီ ဖြစ်ကြောင်း သိခဲ့သည်။ 

သူကြားခဲ့ရသော အသံသည် နားထဲတွင် ဗုံးပေါက်ကွဲ သကဲ့သို့ ဖြစ်သွားလိမ့်မည်။ သူသည် မာရိကို ချစ်ပါသည်။ မာရိလည်း သူ့ကို ချစ်ပါသည်။ သို့သော် ယခု မာရိက သူ့ကို သစ္စာမရှိလေရော့သလား။ သူ နားမလည်နိုင်ပါ။ ယခုအခါ သစ္စာမရှိသောသူမကို ဖြတ်လိုက် ရတော့မည်လား။ သူတို့အကြားမှ မေတ္တာ သံယောဇဉ်ကို ဖြတ်လိုက်တော့ မည်လား။ 

ပညတ်တော် အရ မာရိကို သတ်ရပါမည်။ သို့သော် ယောသပ်သည် သူမကို ချစ်သောကြောင့် ထိုသို့ မဖြစ်စေချင်။ ထို့ကြောင့် လက်ထက်ယူပြီး တိတ်တဆိတ် ကွာရန်သာ ဆုံးဖြတ်လိုက် တော့သည်။ 

သို့သော် ကောင်းကင်တမန်က အိပ်မက်တွင် လာရောက်ပြီး ယောသပ် ဘုရားသခင်ကို ယုံကြည်ပါ။ သင် နားမလည်နိုင် ပါဘူး။ ဒါတွေက ဘုရားသခင် လုပ်တာပါ။ အားလုံးဟာ အမှန်တွေပါ။ ဟု ဖော်ပြ ပြေဆိုခဲ့သည်။ 

ယောသပ်က အလိုတော်ကို ဝန်ခံသောသူအဖြစ် သက်သေထူသည်။ တစ်ခါတစ်ရံ အလိုတော်ကို ဝန်ခံ အသက်ရှင်ရန် ခက်ပါသည်။ ယောသပ်သည် ဘုရားသခင်ကို ကိုးစားခဲ့သည်။ သူ့ထံတွင် မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေပါမည်။ သို့သော် သူသည် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံခဲ့သည်။ ဘုရားသခင်သည် သူတို့အတွက် အကောင်းဆုံး တွေကိုသာ လုပ်ဆောင် ပါလိမ့်မည်။ 

ကျွနု်ပ်တို့သည် တခါတစ်ရံ အလားတူ အခြေအနေများ ကြုံတွေ့ရပါလိမ့်မည်။ ခရစ္စမတ်သည် ငြိမ်သက်ခြင်းဖြင့် လာသလို ပြဿနာ များဖြင့်လည်း ရောက်ရှိ လာပါလိမ့်မည်။ ပျော်ရွှင်စရာ ခရစ္စမတ် ဖြစ်နိုင်သလို ဝမ်းနည်းခြင်းတွေနှင့် ခရစ္စမတ်လည်း ဖြစ်ပါလိမ့်မည်။ ခရစ္စမတ်သည် တစ်ခါတစ်ရံ ချစ်ခြင်း မေတ္တာတွေနှင့် လာသလို အမုန်းတွေနှင့်လည်း လာပါလိမ့်မည်။ ကျွန်တော်တို့ကိုယ်တိုင် ခရစ္စမတ်ကာလ များတွင် ထမင်းငတ်ဘူးသည်။ ငိုကြွေး၍ ပြဿနာတွေ ရင်ဆိုင်ဘူးသည်။ ထိုအချိန်က ယောသပ်၏ အသက်တာများကို ဆင်ခြင်ပြီး ခွန်အားယူ ဖြတ်သန်း ခဲ့ရသည်။  

ယောသပ်သည် စိတ်ပင်ပန်းကြီးစွာ ခံစားရသကဲ့သို့ ကျွနု်ပ်တို့လည်း ခံစားရ ပါလိမ့်မည်။ ကျွနု်ပ်တို့က "ဘုရားသခင် ဒါဘာကြောင့် ဖြစ်ရတာလဲ" ဟု ဝမ်းနည်းစိတ်နှင့် အော်ဟစ်ချိန်တွင် ဘုရားသခင်က တိုးညှင်းသော အသံလေးဖြင့် "ငါ့ကို ယုံကြည်ပါ" ဟု ပြောနေ သကဲ့သို့ပင်။ 

ဘုရားသခင်၏ လမ်းတော်သည် ကျွန်တော်တို့၏ လမ်းနှင့်ကွာခြားပါသည်။ သူ၏အတွေးအကြံသည် ကျွနု်ပ်တို့၏ အတွေးများထက် သာလွန်ကောင်းမွန်ပါသည်။ ကျွန်တော်တို့သည် ဘယ်သောအခါမှ နားမလည်နိုင်ခဲ့ပါ။ ထိုအချိန်များတွင် ဘုရားသခင်က "ငါကို ကိုးစားပါ" ဟု သင့်ကို ပြောနေပါလိမ့်မည်။
ဘုရားသခင်ကို ချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။ (ရောမ ၈း၂၈)


ယောသပ်၏ အလိုတော်ကို နာခံမှုကြောင့် ခရစ္စမတ် ဖြစ်လာခဲ့သည်။ ကျွန်တော်တို့သည် ယောသပ်ထံမှ အလိုတော်ကို ဝန်ခံခြင်းနှင့် ကိုးစားခြင်းကို သင်ယူရန် လိုအပ်ပါသည်။ 

၂။ လူတွေကို ကူညီတတ်ရန် သင်ယူပါ။

ဒုတိယအချက်မှာ ယောသပ်က ကျွန်တော်တို့အား အခြားလူများကို ဂရုစိုက်ရန် သင်ပေးနေပါသည်။ 

ယောသပ်သည် အလွန် ရိုးသားသူ တစ်ဦး ဖြစ်သည်။ ခရစ္စမတ် ဇတ်လမ်းတွေကို ကြည့်လိုက်တိုင်း မာရိနှင့် ကောင်းကင်တမန်များ၊ သိုးထိန်းများ၊ ပညာရှိများ၊ ရွှေတုံးကြီးများ၊ မုရန်၊ လောဗန်များ၊ အစရှိသဖြင့် ဖော်ပြကြသည်။ ယော သပ်က တုတ်ချောင်းလေးကို ကိုင်ပြီး အနားမှာ ရပ်နေမည်။ အခြားသော အရာများထက် ပို၍ အရေးကြီးသော ယောသပ်ကို မထင်မရှားလေးမျှသာ ပြသကြသည်။ ယောသပ်သည် အလွန် အရေးကြီးပါသည်။ သူသည် ခရစ်တေ်ာနှင့် မာရိကို ဂရုစိုက် ရသူ၊ ကူညီရသူတစ်ဦး ဖြစ်နေသည်။ 

တကယ်တော့ ခရစ္စမတ်သည် တစ်နှစ်တွင် တစ်ခါသာဖြစ်သည်။ ဤအချိန်လေးတွင် သူတပါးကို စိတ်မပျက်စေဘို့ လိုအပ်ပါသည်။ သူတစ်ပါးကို ဂရိုစိုက်ရမည်။ ကျွန်တော်တို့သည် အသင်းတော်ထဲတွင် ရှိသူများကို တန်ဘိုးထားရမည်။ အချို့သော သူတို့သည် မိမိကိုသာ ဂရုစိုက်စေချင်သည်။ လူအတော် များများသည် အသင်းတော်က သူတို့ကို ဂရုစိုက်စေချင်သည်။ မိမိက ခရစ်တော်၏ အသွေးတော်နှင့် ရွေးဝယ်သော အသင်းတော်ကို ဂရိုစိုက်ရမည်ကို မေ့လျော့နေကြသည်။ ကိုယ်နှင့် စပ်ဆိုင်သူများကို ဂရုစိုက်ပါ။ ကျမ်းစာက ဖော်ပြသော မိဘမဲ့များ၊ မုဆိုးမများ၊ အားနည်းသူများ၊ ငိုကြွေးနေသူများ ဖြစ်သော အငယ်ဆုံးသောသူများကို ဂရုစိုက်ပါ။ 

၃။ မည်သည့်အရာဖြစ်စေ ပေးတတ်သောသူူဖြစ်ရန် သင်ယူရမည်။

တတိယ အချက်ကတော့ ခရစ္စမတ်သည် ယောသပ်ထံ ရောက်ရှိလာသည်။ အဘယ်ကြောင့် ဆိုသော် ယောသပ်၏ ပေးတတ်သော သဘာ သဘာဝကြောင့် ဖြစ်သည်။ 

ယောသပ်သည် ကြိုတင်၍ ဘာမျှ မသိခဲ့။ မာရိနှင့် ကလေးကို ခေါ်ပြီး ဗတ်လင်မြို့သို့ သွားရမည်။ ထို့နောက် အဲဂုတ္တုသို့ ပြေးရဦးမည်။ သူချစ်သောမြို့မှ ခွဲခွာရမည်။ ဟေရုတ်ထံမှ ဝရမ်းပြေး တစ်ဦးအဖြစ် ပြေးရမည်. . . စသည်ဖြင့် ဘာမျှ မသိခဲ့ပါ။ 

သို့သော် ဘုရားသခင်က သူ့ဘဝထဲက တောင်းဆိုသမျှအရာအားလုံးကို သူကတော့ ပေးရန် အသင့်ပါ။ 

သင့်ရဲ့ ခရစ္စမတ် ခံယူချက်က မည်သို့နည်း။ ဘုရားသခင်သည် သားတော်ကို ပေးသည်။ ခရစ်တော်သည် သူ့ကိုယ်သူ ပေးသည်။ ယောသပ်သည် သူ့ဘဝနှင့် အချိန်များကို ပေးသည်။ ပေးသမျှ မှားသည်ဟု မရှိပါ။ အကြီးမားဆုံး ပေးသည်မှာ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ 

ကြားဘူးသော ဝေလီ ဆိုသော ကောင်းလေး၏အကြောင်းကို ပြောပြပါရစေ။ 

တစ်ခါတုန်းက ၇ တန်းကျောင်းသားလေးတစ်ဦးရှိပြီး သူသည် အတန်းထဲတွင် ခန္ဓာအကြီးဆုံးဖြစ်သည်။။ သူ၏မိခင်မှာ ကက်သလစ်တစ်ဦးဖြစ်ပြီး အရက်သောက်သည်။ အကျိုးရလဒ်အနေဖြင့် သူသည် ညဏ်ရည် အနည်းငယ် အားနည်းပြီး မွေးဖွားလာသည်။ ထို့ကြောင့် အတန်းဖေါ်များထဲတွင် စိတ်ပိုင်းစွမ်းရည် အားနည်းခဲ့သည်။ သို့သော်လည်း သူက သူတစ်ပါးထံမှ အမြဲတမ်း ရအောင် ယူတတ်လေ့ရှိသည်။ သူ၏နာမည်မှာ ဝေလီ ဖြစ်သည်။ 

ခရစ္စမတ်အချိန် ရောက်လာပါပြီ။ သူတို့ အတန်းက ပြဇတ်ကပြရန် ဆုံးဖြတ်ခဲ့သည်။ ခန္ဓာကိုယ် ကြီးမားသော ဝေလီ ကို တည်းခိုခန်းပိုင်ရှင်အဖြစ် သရုပ်ဆောင်ရန် ပြောကြသည်။ နည်းပြ ဒါရိုက်တာ ပြောသည့်အတိုင်း လက်ခံလိုက်သည်။ 

ပြဇတ်စပါပြီ။ မာရိနှင့်ယောသပ် ဗတ်လင်မြို့သို့ ဝင်လာပါပြီ။ တည်းခိုခန်းတံခါးကို ခေါက်ပါသည်။ သူက ထွက်ရသည်။ ဘာလိုအပ်ပါသလဲခင်ဗျာ။ အခန်းရနိုင်မလားခင်ဗျာ ယောသပ်မေးသည့်အခါ သူက "မရှိဘူး၊ မရဘူး" ပြောရသည်။ ထပ်ပြောသည် ကလေးမွေးဖွားတော့မည် ပြောသော ယောသပ်ကို  "မရှိဘူး၊ မရဘူး" ထပ်ပြောရသည်။ အခြားနေရာလေး တစ်ချက်ကြည့်ပေးပါဗျာ ပြောသောအခါ  "မရှိဘူး၊ မရဘူး" ပြောရသည်။ တောင်းသမျှကို "မရှိဘူး၊ မရဘူး"  ပြောရသည်။ ဘာဘဲဖြစ်ဖြစ် ပေးရမှာ နှမြောပြီး ရအောင်ယူတတ်သော သူ၏စရိုက်နှင့် ကိုက်ညီလှပေသည်။ ထိုအကြောင်းကြောင့် ထိုနေရာကို ဝေလီ အား သရုပ်ဆောင်ခိုင်းလိုက်ခြင်းဖြစ်သည်။ 

ဇက်စင်ပေါ်တွင် တိတ်ဆိတ်နေသည်။ မာရိနှင့် ယောသပ်မှာ "မရှိဘူး၊ မရဘူး" အပြောခံနေရသည်။ ဝေလီသည် မာရိနှင့် ယောသပ်ကိုယ်စား နာကျင်နေသည်။ "မရှိတော့ဘူး၊ မရှိတော့ဘူး၊ မရှိတော့ဘူး" ပြောရသည်ကို စိတ်နာနေသည်။ နည်းပြ ဒါရိုက်တာက ထိုအခန်းကို သေချာ ဇတ်နာအောင် လုပ်ခိုင်းခြင်း ဖြစ်သည်။ ဇတ်တိုက်စဉ်က ပေါ့ပေါ့တန်တန်လုပ်ခဲ့သော်လည်း ယခု အမှန်တကယ် စိတ်ခံစားပြီး သရုပ်ဆောင်ရသောအခါ ဝေလီလည်း နာကျင်နေပါသည်။ သူသည် မျက်ရည်များ စီးဆင်းနေပြီး နောက်ဆုံး သူက "အခန်းရှိပါတယ်" ဟု ပြောချင်နေသည်။ ဘဝတွင် အမြဲတမ်း ရယူဘို့သာ သိခဲ့သော ဝေလီ သည် ယခုအခါ ယောသပ်၏ ပေးဆပ်မှုများကြောင့် သူ့ရင်မှာ တကယ်နာကျင်လာခဲ့ပြီး ပေးတတ်သူအဖြစ် ပြောင်းလဲသွားလေတော့သည်။ 

အခန်းမရဘဲ နာကျင်မှုဖြင့် ပေးဆပ်ခဲ့ရသော ယောသပ်ထံမှ သင်ယူပါ။ တချိန်က တည်းခိုခန်းမရခဲ့သော ယောသပ်နှင့် မာရိကို သင့်၏ နှလုံးသား နေရာကို ပေးလိုက်ပါ။ နောက်ဆုံးမှာ ကိုယ်တော် ကျွန်တော့်ရဲ့ နှလုံးသား အခန်းဟာ ကိုယ်တော်အတွက် ဖြစ်ကြောင်း ပြောလိုက်ပါ။ ထို့ထက်မက ကျွန်တော့်် ဘဝကြီးဟာ ကိုယ်တော့်အတွက်ပါ။ ကျွန်တော့် ပိုင်ဆိုင်မှုဟာ ကိုယ်တော့်အတွက်ပါ။ ကျွန်တော့်ရဲ့ ပညာတွေဟာ ကိုယ်တော်အတွက်ပါ။ ကျွန်တေ်ာ့ရဲ့ အသက်ရှင်မှုဟာ ကိုယ်တော်အတွက်ပါ စသည်ဖြင့် ပေးလိုက်ပါ။ 

နိဂုံး

သင်ခရစ္စမတ်အတွက် အဆင်သင့်ဖြစ်နေပါပြီလား။ 

(၁) အလိုတော်ကို ဝန်ခံရန် အဆင်သင့်ဖြစ်နေပါပြီလား။ 

(၂) သူတစ်ပါးကို ကူညီရန် အဆင်သင့်ဖြစ်နေပါပြီလား။ 

(၃) မိမိအသက်တာကို ကိုယ်တော်အား ပေးရန် အဆင်သင့်ဖြစ်နေပါပြီလား။ 



ဘုရားသခင် ကောင်းကြီးပေးပါစေ။ 

နာမတော်မြတ်၌ 

Rev. ဦးမင်းလွင် 

ကိုးမိုင်ခရစ်ယာန်အသင်းတော်