Jun 12, 2013

ဖခင်များနေ့မှာ ဖခင်များကို ဂုဏ်ပြုပါ။

ဖခင်ဆိုသည်မှာ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် အရေးကြီးသော နေရာ အစိတ်အပိုင်းတွင် ရှိနေပါသည်။ ဖခင်က ကျွန်ုပ်တို့ကို လောကကြီးထဲတွင် ကောင်းစွာ အသက်ရှင်ရန် လမ်းပြသွန်သင်ပေးခဲ့သော ပထမဦးဆုံးသော လက်ဦးဆရာ တစ်ဦးဖြစ်ပါသည်။ ဖခင်များသည် သားသမီးများအတွက် အမြဲတမ်း အနုတ်လက္ခဏာ ဘက်မှ နေကာ စဉ်းစားပေးတတ်သူမဟုတ်။ အပေါင်းလက္ခဏာ ဘက်မှ နေကာ စဉ်းစားပေးတတ်သူ ဖြစ်သည်။

ဖခင်များသည် ကျွန်တော်တို့၏ နှလုံးသားမှ တောင့်တမှုများကို အမြဲတမ်း ဖြည့်ဆည်းပေးတတ်သူဖြစ်သည်။ ဖခင်သည် ကျွန်တော်တို့ ဘဝတွင် အကောင်ဆုံးသော အဖော်မွန် ဖြစ်ပါသည်။ ဖခင်များသည် သားသမီးများ၏ ဘဝတွင် အများဆုံး လွှမ်းမိုးနိုင်သူဖြစ်သည်။ သူ၏ အစီအစဉ်နှင့် ရည်မှန်းချက်များကို တစ်ခါတစ်ရံ တိုက်ရိုက်သော်လည်းကောင်း၊ တစ်ခါ တစ်ရံ မိခင်ဖြစ်သူမှ တစ်ဆင့်သော်လည်းကောင်း ကလေးများအတွက် အမြဲ ဆောင်ရွက်တတ်သူ ဖြစ်ပါသည်။

လောကတွင် ဖခင်မရှိဘဲ ကြီးပြင်းလာသူတွေ အများအပြား ရှိပါသည်။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ ဖခင်များ နှင့် ကြီးပြင်ခွင့် သူတို့၏ ထိန်းသိမ်း စောင့်ရှောက်မှုအောက်တွင် အသက်ရှင်ခွင့် ရသောသူတို့သည် ဘုရားသခင်၏ ကြီးမားသော ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်ကြောင်း နားလည် သင့်ပေသည်။ အချို့သောသူတို့သည် ဖခင် မရှိဘဲ လောကတွင် နေထိုင်ရသော်လည်း သူတို့သည် အမြဲတမ်း ဖခင်ကို တောင့်တ အသက်ရှင် နေတတ်ပါသည်။

ကျွန်တော်တို့သည် အမြဲတမ်း ဖခင်များကို ရိုသေလေးစားသင့်ပါသည်။ ကျွန်တော်တို့၏ ဘဝတွင် အကောင်းဆုံး နေရာများကို သူတို့အား ပေးသင့်ပါသည်။ သူတို့သည် ကျွန်တော်တို့ ဘဝထဲမှ အရာအားလုံးနှင့် ထိုက်တန်ပါသည်။ ထို့ကြောင့် ဖခင်များကို ဂုဏ်ပြုပေးရန် ဖခင်များနေ့ ဆိုသည်မှာ မဖြစ်မနေ ရှိသင့်သော နေ့ရက် တစ်ခုဖြစ်ပါသည်။

ဤနေ့သည် ကျွန်တော်တို့ ခံစားရသည့် နေ့ရက်များတွင် အလှပဆုံးသော နေ့တစ်ရက် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့၏ ဖခင်အပေါ်တွင် ထားရှိသော နှလုံးသားနှင့် မေတ္တာ တရားကို ဖော်ကျူးခွင့်ရသည့် နေ့တစ်နေ့ ဖြစ်သောကြောင့် ဖြစ်ပါသည်။ သင့်ဖခင် အသက်ရှင် ထင်ရှား ရှိနေပါလျှင် ပြောခွင့်ရ နိုင်သေးသည်မှာ “အဖေဟာ ကျွန်တော်တို့ရဲ့ ဘဝမှာ အလွန် အရေးကြီးသောသူ တစ်ယောက် ဖြစ်ပါတယ်။” ဟူ၍ ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်ကတော့ ထိုအခွင့်အရေး မရှိတော့ပါ။ ကျွန်တော့်ဖခင်မှာ ကျွန်တော် အသက် (၂၀) အရွယ်တွင် ဆုံးပါးသွား သောကြောင့် ဖြစ်ပါသည်။ ထိုအချိန်က ဖခင်ဆိုသည်မှာ အဘယ်လောက် အရေးပါကြောင်း ကျွန်တော် မသိသေးသည့် အချိန်ဖြစ်ပါသည်။ ကျွန်တော်သည် ထိုကိစ္စအတွက် ဖခင်များနေ့ရောက်တိုင်း ဝမ်းနည်း စိတ်မကောင်းစရာ အဖြစ်မျိုးအဖြစ် ခံစားနေရပါသည်။

ကျွန်တော်ကိုယ်တိုင် ဖခင်ကို ဂုဏ်မပြုနိုင်သော်ငြားလည်း မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ယုံကြည်သူ ဓမ္မ မိတ်ဆွေများကိုမူကား ဖခင်ကို ဂုဏ်ပြုစကား ပြောစေချင်ပါသည်။ ဖခင်များနေ့သည် သင့်အတွက် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ယခုပင် ဖခင်များနေ့အတွက် ကြိုတင် ပြင်ဆင်၍ မိမိ ဖခင်ကို ဂုဏ်ပြုဖြစ်အောင် ဂုဏ်ပြုလိုက်ပါ ဟု တိုက်တွန်းလိုက်ပါသည်။