Jun 14, 2013

ဘခင်ကြီး နောဧ


“နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ ယုံကြည်ခြင်းအားဖြင့် လောကီ သားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်း ကိုလည်း အမွေခံရ၏။”  (ဟေဗြဲ ၁၁း၇)


ယနေ့ ဤကမ္ဘာလောကကြီးထဲတွင် စွမ်းဆောင်ရည် ထက်မျက်သော လူများစွာ ရှိပါသည်။ အချို့ သည် ငွေကြေး ပြည့်စုံပြီး၊ အချို့ကမူ အရာရှိ၊ အရာခံများဖြစ်သောကြောင့် သြဇာအာဏာလည်း ထက်မြက်ကြ ပါသည်။ ထိုသူတို့၏ သားသမီးများသည် သူတို့၏ ဖခင်များအတွက် နေရာတိုင်းတွင် မျက်နှာရပြီူး ဂုဏ်ယူစရာ ကောင်းတတ်ကြပါသည်။


သို့သော် အချို့မှာမူ ဆန့်ကျင်ဘက် အနေအထားဖြစ်သည်။ ဘခင်ဖြစ်သူက ရိုးသားဖြောင့်မက်မှုဖြင့် ကောင်းစွာ အသက်ရှင်သည်။ သူ၏ ရိုးသားဖြောင့်မက်မှုကို လူအချို့ အသိအမှတ်မပြုကြ။ “ဒီလူက စာအုပ်ကြီးအတိုင်း လုပ်နေတာ” “လူရိုး” “လူအ” စသည်ဖြင့် ပြောဆိုနေကြသည်။ သူတို့၏ သားသမီးများမှာ ဘခင်ဖြစ်သူ၏ ရိုးသားမှု သည် သူတို့အတွက် ရှက်စရာ ဖြစ်နေတတ်ကြသည်။

နောဧ၏ အသက်တာမှ အနည်းငယ် ဖော်ပြလိုပါသည်။ ဤကမ္ဘာကြီး တစ်ခုလုံးတွင် ရှိသမျှသည် ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်လျက် ရှိသည်။ ထိုအခြေအနေကို ကျမ်းစာက ဘုရားသခင်ရှေ့တွင် “ပုပ်စပ်လျက် ရှိသည်” ဟုဖေါ်ပြပါသည်။ ထိုအခြေအနေတွင် ဘုရားသခင်ရှေ့တွင် ထူးခြားသောသူ တစ်ယောက်ရှိသည်။ သူသည် နောဧပင်ဖြစ်သည်။ ကျမ်းစာက ဖော်ပြသည်မှာ


နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင် နှင့်အတူ သွားလာ၏။ (ကမ္ဘာ ၆း၉)


ဘုရားသခင်သည် နောဧကို တွေ့မြင်ပြီးနောက် ဘုရားသခင်က ဆိုးညစ်နေသော ဤကမ္ဘာလောကကြီးကို စီရင်မည်။ ထိုသို့ စီရင်ရာတွင် ဘုရားသခင်ကို ယုံကြည်ပြီး နောင်တရသောသူများကို ကယ်တင်ရန် ဘုရားသခင်က ပြင်ဆင်ခဲ့သည်။ ထို့အစီအစဉ်အတွက် နောဧကို ဘုရားသခင်က ရွေးချယ်ကာ သင်္ဘောကြီးတစ်စီးကို တည်ဆောက် ရန် နောဧကို တာဝန်ပေးခဲ့သည်။ ထိုသဘောင်္ပေါ်တွင် တိရစ္ဆာန်များကို ဘုရားသခင် သတ်မှတ်ပေးသော အရေ အတွက်အတိုင်း တင်ဆောင်ရန် စီစဉ်ရသည်။ (ကမ္ဘာဦး ၆း၁၃-၂၂)

ဘုရားသခင်၏ အစီအစဉ်အတိုင်း နောဧ ပြုလုပ်ခဲ့သည်။ လူတွေက မည်သို့ထင်သည် မြင်သည် မည်သို့ ဝေဖန်သည်ကို ဂရုမစိုက်။ အမျိုးမျိုး ဝေဖန်ပြစ်တင်မှုများ ရှိကောင်းရှိနိုင်သော်လည်း နောဧ၏ မိသားစုသည် နောဧ ၏ နောက်သို့ တစ်စိုက်မတ်မတ် လိုက်ခဲ့သည်။ ဘခင်ကြီး၏ မားမားမက်မက် ရပ်တည်မှုအပေါ်တွင် မိသားစုက အပြည့်အဝ ယုံကြည်မှုဖြင့် လိုက်ခဲ့သည်။ ထိုမျှမက ဘခင်ကြီးကို ကူညီမှုအပြည်အဝ ပေးခဲ့သည်။

ယခုကဲ့သို့ ဘခင်ကြီးနောဧ၏ ဦးဆောင်မှုကို အပြည့်အဝ ယုံကြည်ခြင်းသည် ဘခင်ဖြစ်သူ၏ တည်ကြည်မှု၊ ဖြောင့်မက်မှုနှင့် ဘုရားဝတ်၌ မွေ့လျော်မှု တို့ကြောင့် ဖြစ်သည်။ ပတ်ဝန်းကျင်က မိမိ၏ ဘခင်ကို မည်သို့ မြင်နေသည်ဖြစ်စေ၊ ဝေဖန်သည်ဖြစ်စေ၊ ဘခင်၏ စကားနှင့် ဘခင်၏ လုပ်ရပ်များကိုသာ ယုံကြည်ခဲ့ခြင်းကြောင့် တစ်အိမ်သားလုံး ကောင်းကြီး မင်္ဂလာဖြစ်ခဲ့သည်။ မည်မျှ ကောင်းကြီး မင်္ဂလာ ဖြစ်ခဲ့ပါသည်။ သူတို့ မိသားစုသည် ကမ္ဘာကြီး တစ်ခု လုံးတွင် သူတို့ မိသားစုသာ ရှိသဖြင့် ဤလောက ကမ္ဘာကြီး တစ်ခုလုံးကို ပိုင်ဆိုင်ရသည်အထိ ကောင်းကြီး ဖြစ်ခဲ့ကြ သည်။

ဆင်ခြင်စဉ်းစားရန်


ဖခင်များ စဉ်းစားရန်


မိမိတို့၏ သားသမီးများ ဆိုးသွမ်းနေခြင်းကို ပတ်ဝန်ကျင်ကြောင့် ဖြစ်ရသည်ဟု အပြစ်ပုံချတတ်သော ဘခင်များ ရှိကြသည်။ နောဧ၏ ခေတ်ကာလတွင် တစ်ကမ္ဘာလုံး ဆိုးညစ်နေသည့်အချိန်တွင် မိမိ၏ မိသားစုကို နိုင်နင်းစွာ ဆုံးမသွန်သင်နိုင်သော ဘခင်ကြီးကို နောဧကို လေးစားမိသည်။ ယနေ့ ဘခင်များ သည် နောဧ၏ စွမ်းဆောင်ရည် ကို အတုယူရမည် ဖြစ်သည်။  ဘခင်တို့၏ အားနည်းချက်များကြောင့် မိသားစုများ မပျက်စီးပါစေနှင့်။ မိသားစုအတွက် ကောင်းကြီးမင်္ဂလာ သယ်ဆောင်နိုင်သော ဘခင်ကောင်း များ ဖြစ်စေရန် မိမိကိုယ်ကို ပြန်လည် တည်ဆောက်ပါ။ ဘခင်များ၏ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် သားသမီးများကို ကောင်းကြီး ဖြစ်စေနိုင်ပါသည်။


သားသမီးများ စဉ်းစားရန်


နောဧ သင်္ဘော ဆောက်လုပ်စဉ်က ပတ်ဝန်းကျင်က ဟားတိုက်ရယ်မော လှောင်ပြောင်ခဲ့ကြပေမည်။ ထိုအခြေအနေမျိုးကို ယနေ့ခေတ်တွင် ကြုံတွေ့ရသည် ဆိုပါက မိမိတို့၏ ဘခင်ကို အမှန်တကယ် ယုံကြည်ကာ ကိုယ့်ဘခင်နောက်သို့ လုံးဝ လိုက်နိုင်ပါမည်လား။ ကိုယ့်ဘခင်ကို ရှေ့တွင် မပြောရဲ သည့်တိုင် နောက် ကွယ်တွင် အကောင်းမမြင်၊ အပြစ်တာကာ “အဖိုးကြီး ကတော့ကွာ” “အဖေဖြစ်နေလို့ ပြောမရလို့သာ လိုက်နေရတာ၊ မလွယ်ပါဘူးကွာ” ... စသည်ဖြင့် သင် ပြောနေပါသလား။ ထိုအခြေအနေ မျိုးတွင် ကိုယ့်ဘ ခင်ကို အော်ဟစ်ကာ ပြန်လည် တုန့်ပြန်သူ ဖြစ်နေမလား။ စသည်ဖြင့် မိမိကိုယ်ကို ပြန်လည် စဉ်းစားပါ။


အထက်ပါ စဉ်းစားစရာ အချက်များကို ကိုယ့်အသက်တာတွင် အမှန်တကယ် ကြုံတွေ့နေရပါက မိမိကိုယ်ကို ပြန်လည် သုံးသပ်ကာ ယနေ့ပင် ဘုရားသခင်၏ ရှေ့တွင် အော်ဟစ်လိုက်ပါ။ ကိုယ်ကိုကိုယ် ပြန်လည် တည်ဆောက် ပြီး ဘုရားသခင်ကို ယုံကြည်သော ခရစ်ယာန် အိမ်ထောင် မိသားစု အဖြစ် ပြန်လည် တည်ဆောက်ပါ။ ဘုရားသခင် ထံက ကြီးမားသည့် ကောင်းကြီး မင်္ဂလာများ ရယူ ခံစားနိုင်သော ဘခင်နှင့် သားသမီးများ ဖြစ်ကြပါစေ။

နာမတော်မြတ်၌

ဦးမင်းလွင်