Jun 23, 2012

Amazing Grace "အံ့ဖွယ်ကျေးဇုးတော်" သီချင်း၏ ရာဇ၀င်

သီချင်းစာသား   - ဂျွန်နယူးတန် (၁၇၂၅-၁၈၀၇)
တေးရေး         - ကာရယ်နှင့် ကလေတန်တို့၏ ဗာဂျီနီးယား ဟာမိုနီ 1831 မှ
ကျမ်းညွှန်း       - ၅ရာ ၁၇း၁၆-၁၇

အင်္ဂလန်နိုင်ငံ အိုနေမြို့တွင် ရှိသော ဘုန်းတော်ကြီးပိုင် အသင်းတော်ဝင်း တစ်ခု၌ လိပ်သဲကျောက်ဖြင့် ဆောက်ထား သော အုပ်ဂူလေး တစ်ခုအပေါ်တွင် ကဗျည်းထိုး ထားသော စာကြောင်းလေးများ ရှိနေပါသည်။ ထိုစာကြောင်းလေးမှာ “တစ်ချိန်က အာဖရိကမှာ ကျွန်ရောင်းဝယ်ရေး လုပ်သူများ၏ အစေခံကျွန်၊ သစ္စာမဲ့ပြီး ဖောက်ပြန်သော ဂျွန်နယူးတန် အား ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်၏ ကြွယ်ဝ ပြည်စုံတော်မူသော ဂရုဏာတော်သည် ထိန်းသိမ်းစောင့်ရှောက်လျက်၊ ပြန်လည်ရယူကာ အပြစ်လွှတ်လျက်၊ ယုံကြည်ခြင်းတရားကို ဟောပြောရန် ခန့်အပ် တော်မူသည်။” ဟူ၍ ဖြစ်ပါသည်။ ဆယ့်ရှစ်ရာစုနှစ်အတွင်း ထူးခြား ပြောင်မြောက်သော ဧ၀ံဂေလိ ဆရာကြီးများ ထဲတွင် တစ်ယောက်ဖြစ်သော ဤကြီးမြတ်လှသည့် ပုဂ္ဂိုလ်၏ ထူးခြား ဆန်းကြယ်လှသော သက်သေခံချက်ကို အသက်ရှင်စဉ်က ဂျွန်နယူတန်ကိုယ်တိုင် သက်သေခံ ဟောပြောခဲ့သော ကိုယ်တွေ့ သက်သေခံချက်များ ဖြစ်သည်။ ထိုအုပ်ဂူလေးတွင် ဖော်ပြထားချက်မှာ အကျဉ်းချုပ် လေးမျှသာ ဖြစ်သော်လည်း ဘ၀တစ်ခုလုံးကို ခြုံငုံ သက်သေခံ နေသကဲ့သို့ ဖြစ်ပါသည်။
ဂျွန်နယူးတန်၏ မိခင်သည် ဘုရားဝတ်တွင် မွေ့လျော်သောသူ တစ်ဦးဖြစ်ပြီး သူ၏အသက် ခုနှစ်နှစ် မပြည့်မီမှာပင် ခေါ်တော်မူခြင်း ခံရသည်။ မကြာမီမှာပင် သူ၏ ဖခင်မှာ နောက်မိန်းမ ထပ်ယူလိုက်သည်။ သူကိုလည်း ပညာ သင်ကြားရန် တစ်နယ် တစ်ကျေးသို့ ပို့ဆောင်လိုက်သည်။ အသက် (၁၁) နှစ်သို့ ရောက်သောအခါ အိမ်သို့ ပြန်လည် ရောက်ရှိလာပြီး ဘခင် ဖြစ်သူနှင့်အတူ သင်္ဘော လိုက်သည့် အလုပ်ကို လုပ်ကိုင်ခဲ့သည်။ ထိုခေတ် သင်္ဘောသားများ သဘော သဘာဝအတိုင်း ဆိုးသွမ်း ပေတေစွာ အသက်ရှင် နေထိုင် ခဲ့သည်။ သင်္ဘောသား ဘ၀တွင် ဖောက်ပြန်မှု ပျက်စီးမှု များဖြင့်သာ လည်ပတ် နေသည်။ သင်္ဘောများ စွာတွင် လှည့်လည် လုပ်ဆောင်ရင်း ကုန်သည်ကြီးများ ထံသို့ အာဖရိကမှ လူမည်းများကို ဖမ်းဆီးပြီး ပြန်လည် ရောင်းချသော အလုပ်ကို လုပ်ဆောင် ခဲ့သည်။ ထိုလုပ်ငန်းသည် အလွန်ရက်စက်သော လုပ်ငန်း ဖြစ်သည်။
ထိုလုပ်ငန်းကို လုပ်ဆောင်ရင် ၁၇၄၈ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် အာဖရိက မှ အင်္ဂလန်သို့ ပြန်လာသော ခရီးစဉ်တွင် ကြီးမားသော မုန်တိုင်းကြီး တစ်ခုနှင့် ရင်ဆိုင် ခဲ့ရသည်။ ထိုမုန်တိုင်းကြောင့် သင်္ဘောသား အားလုံ အသက်ဘေး နှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်မသေ သော်လည်း ဘ၀ တစ်လျှောက်လုံးတွင် မမေ့နိုင်သော ကြီမားသော ထိပ်လန့်မှုကြီး တစ်ခုအဖြစ် အသက်တာထဲတွင် စွဲထင်နေရစ်သည်။ နောက်ပိုင်းတွင် ဘာသာရေး စာအုပ်များကို စတင်ဖတ်ရှုလာခဲ့သည်။ သူဖတ်ခဲ့သော စာအုပ်များထဲတွင် သောမတ်စ် အေကင်းမ်ပိစ် ရေးသားသော "ခရစ်တော်ကို အတုခိုးခြင်း" (Imitation of Christ) ဟူသော စာအုပ်ကို ဖတ်ဖြစ်သည်။ အေကင်းမ်ပိစ်သည် နယ်သာလန် ဘုန်တော်ကြီး တစ်ပါးဖြစ်သည်။ ထိုစာအုပ်ကို ဂန္ဓ၀င်စာအုပ် တစ်အုပ် အဖြစ် ယနေ့တိုင် ထုပ်ဝေနေဆဲ ဖြစ်သည်။ ဤစာအုပ်ထဲတွင် ၀ိညာဉ်ရေးရာ ဟောပြောချက်များအပြင် ပင်လယ်ပြင်ထဲမှ ကြောက်လန့် ဖွယ်ရာ အတွေ့အကြုံတို့သည် နယူတန်၏ အသက်တာကို ပြောင်းလဲစေကာ ခရစ်တော်ကို ယုံကြည်လက်ခံ လာခဲ့သည်။
ထိုသို့ ပြောင်းလဲလာပြီး နောက်တွင် သူလုပ်ကိုင်သော ကျွန်ရောင်းဝယ်ရေး လုပ်ငန်းမှာ လူမဆန်ကြောင်း ပိုမို သိနား လည်လာ ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်ရောင်းဝယ်ရေး လုပ်ငန်းကို ဆန့်ကျင် တိုက်ဖျက်သော လူတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် အင်္ဂလန် မှာပင်အခြေချ နေထိုင်ရန် စိတ်ဆုံ ဖြတ်ခဲ့ပြီး ငယ်ရီးစား မေရီခက်လက် နှင့် ၁၇၅၀ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အိမ်ထောင်ပြု လိုက်သည်။ သူသည် နောက်ပိုင်းတွင် ရိုးသားစွာ နေထိုင်ပြီး လီဗာပူလ် ဆိပ်ကမ်းတွင် စာရေးလေး တစ်ဦး အဖြစ်သာ လုပ်ဆောင် နေထိုင်ခဲ့လေသည်။ သို့သော် အမှုတော် အတွက် ခေါ်ယူခြင်းခံရပြီး ဓမ္မပညာကို ကြိုးစားပြီး သင်ယူလေ့လာ အမှုတော်ထဲတွင် ပါဝင်ခဲ့သည်။ ထိုခေတ်က သြဇာ အာဏာ ကြီးမားသော အမှုတော်ဆောင်င် ကြီးများဖြစ်သည့် ဂျောစ်ဝှိုက်ဖီလ်း နှင့် ဂျွန်ဝပ်စလီ တို့ မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သော်လည်း မိမိနှင့် အဆင်ပြေ သင့်တော်သည့် အင်္ဂလီကန် အသင်းတော် တွင် ဆက်လက် ပါဝင်ခဲ့သည်။ အသက် (၃၉) နှစ်တွင် အင်္ဂလီကန် အသင်းတော်က ဂျွန်နယူးတန်က လက်တင် ဘိသိတ်ပေးပြီး၊ အင်္ဂလီကန်နိုင်ငံ ကင်းဘရစ်အနီးရှိ အုလ်နေး (Olney) ရွာကလေးတွင် သင်းအုပ်ဆရာ အဖြစ် စတင်လုပ်ဆောင် ခဲ့သည်။ နောက် (၁၅) နှစ်ခန့် ကြာသောအခါ အအောင်မြင် ဆုံးနှင့် အရှိန်အ၀ါ အကြီးဆုံး အသင်းတော် နှင့် သင်းအုပ်ဆရာ ဖြစ်လာခဲ့သည်။
နယူတန်သည် ပင်လယ်ကူး သင်္ဘောသား ဘ၀တွင် ဆိုးပေတေ နေသော ဘ၀မှ အသက် တာ ပြောင်းလဲလာပုံ များကို သက်သေခံ ဟောပြောလေ့ ရှိသည်။ သူ၏ ဟောပြောမှုကို နားထောင်ရန် လူပေါင်းမြောက်များစွာ ရောက်လာလေ့ ရှိသည်။ တနင်္ဂနွေ ၀တ်ပြု ကိုးကွယ် ခြင်းများသာ မက အခြားရက်များတွင်လည်း ၀တ်ပြုကိုးကွယ်မှုများကို အဆင်ပြေ သလို လုပ်ဆောင်ခဲ့သည်။ ထိုခေတ် အင်္ဂလီကန် အသင်းတော်များအတွက် မကြားဘူး၊ မလုပ်ဘူး သော လုပ်ငန်းများ ပင်ဖြစ်သည်။
အခြားလုပ်ဆောင်ချက် တစ်ခုမှာ အင်္ဂလီကန် အသင်းတော်များတွင် ဖတ်ရွတ်လေ့ ရှိသော ဆာလံ သီချင်းများထက် သူ၏ တရားဟောချက်များဖြင့် တံဆာ ဆင်ထားသော ဓမ္မသီချင်းများကို သီဆိုခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် သီချင်းများကို လုံလောက်စွာ မရသောအခါ ကိုယ်တိုင် သီချင်းများကို စပ်ဆိုလေသည်။ ထိုမျှနှင့် မလုံလောက်မှန်း သိသောအခါ အိမ်နီးချင်းလည်းဖြစ်၊ ဂန္ဓ၀င် စာရေးဆရာလည်းဖြစ်သော ၀ီလျံကိုပါ အား ဆက်လက် သိမ်းသွင်းစည်းရုံးပြီး သီချင်းများကို ရေးသားစေခဲ့သည်။ ၁၇၇၉ ခုနှစ်တွင် နာမည်ကြီးသော အုလ်နေ ဓမ္မသီချင်းစာအုပ်ကို ထုပ်ဝေခဲ့ကြသည်။ ထိုစာအုပ်ထဲတွင် သီချင်း အပုဒ်ရေ (၃၄၉) ပုဒ် ပါဝင်ခဲ့ပြီး ၀ီလျံကိုပါ က (၆၇) ပုဒ် ရေးသားထားကာ ကျန်သီချင်းများကို နယူတန်က ရေးသားထားသည်။ ထိုစာအုပ် ထုပ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်များကို နှစ်သိမ့် အားပေးရန်ဟု ဖော်ပြထားသည်။
၁၇၇၉ ခုနှစ်တွင် နယူးတန်သည် အုလ်နေးမြို့တွင် အမှုတော်ဆောင်ခြင်းကို ရပ်နားခဲ့ပြီး မိမိ၏ ကျန်နေသောသော နေ့ရက်များကို စိန့် မေရီဝီလ်နွတ် (St. Mary Woolnoth Church) အသင်းတော်၌ သင်းအုပ် ဆရာအဖြစ် ဆက်လက် လုပ်ဆောင် နေထိုင်ခဲ့သည်။ နယူတန်အားဖြင့် ပြောင်းလဲလာသူများ အထဲတွင် အရှေ့အိန္ဒယမှ သာသနာပြုဆရာ တစ်ဦးဖြစ်သော ကလောဒီးရပ် ဘူချာနန် (Claudius Buchanan) နှင့် သမ္မာကျမ်း အနက်ဖွင့်ကျမ်း ရေးသားသူ သောမတ်စ်စကွတ် (Thomas Scott) တို့ ပါဝင်ပါသည်။ နယူးတန်သည် ဘာသာရေး အလုပ်များကို ဆောင်ရွက် နေရင်း ကျွန်ဈေးကွက် ဖျက်သိမ်းရေး လုပ်ဆောင်ချက်များကို နိုင်ငံရေး သမားများ လုပ်ဆောင်လာ ကြစေရန် မိမိ၏ တရား ဟောပြောရာ နေရာများသို့ မိတ်ဆွေဖွဲ့ကာ ဖိတ်ကြားလေ့ရှိသည်။ သူ၏ ကျိုးစား လုပ်ဆောင်မှုဟူ၍ ပြောဆိုနိုင်သည့် ကျွန်ဈေးကွက် ဖျက်သိမ်းမှုကို နယူးတန် သေဆုံးသည့် (၁၈၀၇) ခုနှစ်တွင် ဗြိတိသျှ ပါလီမန်က ကြော်ငြာခဲ့သည်။
၁၇၉၀ ခုနှစ်တွင် နှစ်ပေါင်းလေးဆယ် ပေါင်းသင်းခဲ့ပြီး အနားတွင် အမြဲ ခွန်အားပေးခဲ့သော ဇနီး မေရီ သည် ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့သည်။ နောက်ထပ် (၁၇) ကြာသောအခါ နယူတန် ကိုယ်တိုင်လည်း မှတ်ညဏ်နည်း၊ မျက်စိမမြင်နိုင်ဘဲ ကျန်းမာရေး ချို့တဲ့လာခဲ့သည်။ လူများက အနားယူရန် အကြံပေးသော်လည်း အမှုတော်မြတ်မှ အနားမယူခဲ့ချေ။ မသေခင် သူပြောလေ့ ရှိသော စကားတစ်ခွန်းမှာ "ကျွန်ုပ်သည် မှတ်ညဏ်မရှိသလောက် ဖြစ်နေပါပြီး၊ သို့သော်လည်း ကျွန်ုပ်သည် အပြစ်ကြီးသော သူတစ်ယောက် ဖြစ်ကြောင်းကို လည်းကောင်း၊ ခရစ်တော်သည် ကြီးမြတ်သော ကယ်တင်ရှင် ဖြစ်သည်ကို လည်းကောင်း၊ ထိုအရာနှစ်ခုကို တော့ ကျွန်တော် မှတ်မိနေပါသေးသည်။ ဟူ၍ ကြေငြာ ပြောဆိုခဲ့လေသည်။
နယူတန်၏ ဘ၀ကို ထင်သာ မြင်သာ ရှိစေရန် ဖော်ကျူးထားသည်မှာ "အံ့သြဘွယ် ကျေးဇူးတော်" (Amazing Grace) သီချင်း ဖြစ်ပါသည်။ ဘုရားသခင်ထံ အသနား ခံထားခြင်း ဖြစ်သော ဤသီချင်းတွင် မူလက အပိုဒ် (၆) ပိုဒ် ရှိခဲ့ပြီး ရာဇ၀င်ချုပ် ပထမစောင် ၁၇း၁၆-၁၇ ကို အခြေပြုထားသည်။ နောက်ပိုင်းတွင် ဖော်ပြသော သီချင်းများမှာ အပိုဒ် (၃)ပိုဒ် ချန်လှပ်ထားကြောင်း တွေ့ရပါသည်။
"အံ့သြဘွယ် ကျေးဇူးတော်" သီချင်း၏ သံစဉ်မှာ အမေရိကန်တို့၏ တေးသံသာ ဖြစ်ပြီး Loving Lambs ဟူ၍ လူသိများကြသည်။ ဤသီချင်းကို James P. Carrell နှင့် David S. Clayton တို့ ပြုစုပြီး ၁၈၃၁ ခုနှစ်တွင် ထုပ်ဝေသည့် The Virginia Harmony ဟူသောဓမ္မသီချင်းစာအုပ်ထဲတွင် စတင်တွေ့ရှိရပါသည်။