Jun 23, 2012

ဘုရားသခင်၏ လင်းယုန်ခရစ်ယာန်များ

ထာဝရ ဘုရားကို မြှော်လင့်သော သူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင်ကို အသစ် ပြုပြင် ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီး သွားသောအခါ မမောရကြ။ (ဟေရှာယ ၄၀း၃၁)


ကျမ်းစာထဲတွင် ယုံကြည်သူ ခရစ်ယာန်များကို ဘုရားသခင်က ပုံစံပြကာ တူညီစေချင်သော အရာအများအပြား ရှိပါသည်။ ဥပမာ စပျစ်ပင်နှင့် ချိတ်ဆက်လျက်ရှိသော စပျစ်ခက်၊ မြစ်နားတွင်ရှိသော သစ်ပင်၊ တောင်ကုန်းပေါ် မှအလင်းရောင်၊ သိုး၊ ဆား၊ ပြေးပွဲတွင် ၀င်သော အပြေးသမား၊ နပန်းသမား၊ စစ်သား နှင့် ယခု ကျမ်းပိုဒ်တွင် ဖော်ပြခဲ့သော လင်းယုန်ငှက်တို့ ဖြစ်သည်။
ယခု ဤနေရာတွင် ဖော်ပြလိုသည်မှာ ကျွန်တော်တို့၏ ရှင်းလင်း ပြတ်သားသော ပန်းတိုင်မှာ ဘုရားသခင်၏ လင်းယုန် ခရစ်ယာန်များ ဖြစ်လာရန်ပင် ဖြစ်ပါသည်။

အချက် (၁)
ဘုရားသခင်သည် အခြားငှက်များကို ရွေးချယ်ပြီး ဥပမာပေး ပြောဆိုခြင်းမရှိဘဲ ကျွန်တော်တို့ကို လင်ယုန်ငှက် နှင့် နိုင်းယှဉ် ပုံပြသောကြောင့် ကျွန်တော်တို့သည် အလွန်ဝမ်းသာစရာပင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို အမှန် တကယ်ပင် လင်းယုန်ငှက်ကဲ့သို့ ဖြစ်စေချင်သည်။ အခြားငှက်များကဲ့သို့ မဖြစ်ချင်ရခြင်း အကြောင်းကို အနည်းငယ် ပုံပြပြောဆိုပါရစေ။ ဥပမာ ကြက် တစ်ကောင် အကြောင်းကို တွေးကြည့်ပါ။ ထိုကြက်သည် လယ်ယာတောတွင်သာ အချိန်ကုန်နေရပြီး၊ မြေကြီးကိုသာ တစ်ချိန်လုံး ယက်နေပြီး အစာရှာခြင်း အလုပ်ကိုသာ တစ်ချိန်လုံး လုပ်နေသည်။ ကျွန်တော်တို့ကို ကြက်နှင့်တူရန် ပုံဥပမာပြပြီး မပြောဆိုခဲ့သောကြောင့် ဘုရားသခင်ကို အလွန် ကျေးဇူးတင်ပါသည်။

ကြက်များသည် အုပ်စုဖွဲ့ကာနေထိုင်ကြသည်။ ကြက်တစ်ကောင်သည် အခြားကြက်အုပ်တစ်အုပ်ကို မြင်လိုက်ပါက အလျင်အမြန် ပြေးသွားကာ ထိုကြက်အုပ် နောက်လိုက် အဖြစ် ဆက်လက်နေထိုင်ပါသည်။ သူတို့သည် ဘယ်သွားနေသလဲ၊ ဘာလုပ်နေသလဲ။ သူသည် ဘာကြောင့် ထိုကြက်အုပ်တွင် ပေါင်းသင်း နေထိုင်နေပါသလဲ… အစရှိသည်တို့ကို တွေးတောနေဆင်ခြင်လေ့မရှိပါ။

ကြက်များသည် များသောအားဖြင့် ကတော် ကတော်ဖြင့် စကားများမည်။ တစ်ကောင်နှင့် တစ်ကောင် ခွတ်မည်။ ကြက်တစ်ကောင်က ကောင်းသောအစာ တခုခုကို ရသွားလျှင် သူရမည်အထင်နှင့် သူလည်း မြေကြီးကို ဆက်လက်ယက်လိမ့်မည်။ သူတို့ ကျင်လည်ရသော နေရာသည် အင်ဆက်ပိုးများနှင့် ပိုးကောင် အသေးအမွှား လေးများအကြားတွင်သာ အသက်ရှင်ဘို့ စိတ်ကူးသည်။ ကြီးမားသော အရာများ အတွက် မစဉ်းစားကြချေ။

သူတို့သည် ကောင်းကင်တွင် ပျံသန်းရန်လည်း စိတ်မ၀င် စားကြချေ။ သူတို့သည် အမြဲတမ်း ကြက်ခြံထဲမှာ သို့မဟုတ် လယ်ကွင်းပြင် ထဲတွင်သာ အသက်ရှင်နေကြသည်။ သူတို့၏ မျက်လုံးများသည် အမြဲတမ်း မြေကြီးတွင်သာ ရှိနေကြပြီး ဖုန်မှုန့်များတွင် တစ်စုံတစ်ရာ ရရှိရန် မြေကြီးကိုသာ ယက်နေကြသည်။ သူတို့သည် ကောင်းကင်တွင် ဘယ်သောအခါမျှ မရှိနိုင်သည့် မြေကြီးပေါ်မှ သတ္တ၀ါ တစ်ကောင်မျှသာဖြစ်သည်။

အထက်ပါ ကြက်တစ်ကောင်၏ အဖြစ်အပျက်နှင့် အခြေအနေကို သင်မြင်ရပြီဆိုပါက ကျွန်တော်တို့သည် ကြက်တစ်ကောင်နှင့် မည်သို့မျှ နှိုင်းယှဉ်၍မရနိုင်သော လင်ယုန်ငှက် တစ်ကောင်၏ နေထိုင် အသက်ရှင်မှုဘ၀ ကို သိမြင် နားလည် နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ကြက်တစ်ကောင်သည် နယ်နမိတ် အကန့်အသတ် ဖြင့် နေထိုင်ရပြီး ငြီးငွေ့စရာကောင်းသော အသက်တာဖြင့် နေထိုင်ရပါသည်။ သို့သော်ငြားလည်း လင်းယုန်ငှက် တစ်ကောင်၏ ဘ၀အသက်ရှင်မှုကို လေ့လာကြည့်ပါ။ လင်းယုန်ဟူသော စကားလုံးကို ကြားလိုက်ရုံဖြင့် ကောင်းကင်ယံအမြင့်ဆုံးအာကာသတွင် အတောင်ပန်ကိုဖြန့်လျက် လေဟုန်စီးကာ ၀ဲပြန်လျက်ရှိသော သတ္တ၀ါ တစ်ကောင်ကို ချက်ခြင်း မြင်လိုက်ပေလိမ့်မည်။ ထိုသတ္တ၀ါ၏ ကြီးကျယ် ခန်းနားမှုကိုလည်း ဆက်လက် လေ့လာကြည့်ပါ။ လင်းယုန်ငှက်သည် ကောင်းကင်အာကာသနှင့် သူ၏ ပိုင်နက် နယ်ပယ်တွင် ဘုရင်တစ်ပါးဖြစ် ပေသည်။ စူးရှသော မျက်လုံးအစုံဖြင့် သူ၏သားကောင်ကို မြင်နိုင်လျက် အမြင့်ဆုံး အရှိန်ဖြင့် မြေပြင်သို့ ထိုးသုတ်နိုင်စွမ်းနှင့် ချွန်မြအားရှိလှသော သူ၏လက်သည်းအစုံမှာလည်း အံ့မခန်းစရာ အစွမ်းတစ်ပါးသာ ဖြစ်သည် မဟုတ်ပါလော။ သူ၏အစာကိုလည်း မိမိအသိုက်ရှိနေရာ မည်သည့် နေရာသို့ မဆို အခက်အခဲမရှိ လွယ်ကူစွာပင် သယ်ယူနိုင်သည် မဟုတ်ပါလော။

လင်းယုန်ငှက်တွင် ရှိသော ထူးခြားချက်များကြောင့် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ အတွင်းတွင် နိုင်ငံများ၊ လူမျိုးစုများ၊ အင်ပါယာ၏ အရှင်သခင်များက ထိုငှက်ကို ငှက်တို့၏ ဘုရင်အဖြစ် အသိအမှတ်ပြု သတ်မှတ် ပြဌာန်း ခဲ့ကြသည်။ ထို့ကြောင့် ၄င်းတို့၏ အလံများ၊ ဒင်္ဂါးများ၊ တံဆိတ်တုံးများတွင် ဂုဏ်ယူစွာဖြင့် အမှတ် အသားပြု ဖော်ပြခဲ့ကြသည်။ ဘုရားသခင်သည် နှုတ်ခပတ်တော်မြတ်ထဲတွင် လေထဲတွင် ရှိသော ငှက်များ စွာရှိသော်လည်း သူရွေးချယ်သော သူတို့ကို မူကား လင်းယုန်ငှက် အဖြစ် ကိုယ်စားပြု ဖော်ပြ ပြောဆိုခဲ့သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို ၀ိညာဉ်ရေးရာ လင်းယုန်ငှက်များ ဖြစ်စေချင်ပါသည်။

သင်၏ ၀ိညာဉ်ရေး နိုးကြားမှုဖြစ်စေရန် လင်းယုန်ငှက်၏ အချို့သော သဘောသဘာဝ အချက်အလက်များကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့သည် လင်းယုန်ငှက်တစ်ကောင်၏ အသက်ရှင်မှုကို လေ့လာဆန်းစစ်ကြမည်။ အဘ ဘုရားသခင် လင်းယုန်ငှက်ကြီး၏ လင်ယုန်ငှက်များ ဖြစ်လာကြရန် ကျွန်တော်တို့ကို ပြင်ဆင်နေပါသည်။ ပီပြင်သော လင်းယုန်ငှက် ကလေးများဖြစ်လာရန် ကျွန်တော်တို့ကိုယ်တိုင်လည်း ကြိုးစားအားထုပ်ဘို့ လိုအပ်ပါသည်။

အချက် (၂)

လင်းယုန်မိသားစုတစ်ခုတွင် လင်းယုန်ငှက်မကြီးသည် လင်းယုန်အထီးထက် ပိုမို ခွန်အားကြီးလေ့ရှိပါသည်။ သူတို့သည် သေသည်အထိ မခွဲမခွာ ကြင်ဖော်ကြင်ဖက်များအဖြစ်သတ်မှတ်ပေါင်းဖော်ကြပါသည်။ လင်းယုန်မောင်နှံသည် သူတို့၏ ဥကလေးများ အပေါ်တွင် အတူတကွ ထိုင်လျက်နေကြပါသည်။ အသိုက်ကို လုံခြုံမှုရှိရန် အတူတကွ စောင့်ရှောက်သည် သာမက ကလေးများကို လေ့ကျင့် ပျိုးထောင်ခြင်း၊ အစာကျွေးခြင်း တို့ကိုလည်း အတူတကွ လုပ်ဆောင်ကြပါသည်။ သူတို့၏ မိသားစု ဘ၀ကို တာဝန်ယူမှုအပြည့်ဖြင့် မိဘနှစ်ကောင်စလုံးမှ အတူတကွ လုပ်ဆောင်ကြပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို လင်းယုန်တို့ထက် လျော့နည်းကာ မျှော်လင့်ထားမည်ဟု သင်ထင်ပါသလား။ ကျွန်တော်ကတော့ ထိုသို့မထင်ပါ။

အသစ်မွေးဖွားသော လင်းယုန်ငယ်ကလေးတစ်ကောင်သည် ယုံကြည်ခြင်း ရှိလာသူ ခရစ်ယာန် အသစ်တစ်ဦး နှင့်တူညီသည်။ မွေးဖွားလာသော လင်းယုန်းငှက်သည် မျက်စိနှင့် ပါစပ် (နှုတ်သီး) တို့ကို ကျယ်ကျယ် ဖွင့် သည်။ ထိုငှက်ငယ်လေးသည် ရသလောက် အစားအစာကို မတင်းတိမ် မရောင့် ရဲနိုင်သောကြောင့် ဘခင် လင်းယုန်ကြီးမှာ အလွန် အလုပ်များ ပေလိမ့်မည်။ ထိုလင်းယုန်ငှက် ပေါက်ကလေးသည် မည်သည့်အချိန်တွင် ပါစပ်ဟရမည်ကို အလိုလိုသိနေပြီး ဖြစ်သည်။ မိခင်ဖခင်တို့သည် ကောင်းသောအရာများကို ရရှိနိုင်ရန် ဖြည့်ဆည်း ပေးနေရသည်။

ကျွန်တော်တို့၏ အဘ ဘုရားသခင်သည် မိဘဖြစ်သော လင်းယုန်ငှက်များနှင့် တူညီပါသည်။ ဘုရားသခင်သည် သူ၏ လင်းယုန် ငှက်ငယ်လေးများကို ဆာလံ ၈၁း၁၀ တွင် ပြောခဲ့သည်မှာ

ငါသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ၀ပြောစွာ ကျွေးမည်။ (ဆာလံ ၈၁း၁၀)

မှန်ပါသည်။ ကျွန်တော်တို့သည် အသက်တာ ပြောင်းလဲပြီးချိန်မှ စ၍ ဘုရားသခင် မစတော်မူသော အရာများကို မျှော်လင့်ရင်းဖြင့် ပါစပ်ကို ကျယ်ကျယ်ဖွင့်ကာ မျှော်လင့်ခဲ့ရပါသည်။ တစ်နေ့ တစ်နေ့ ဘုရားသခင်သည် ကျွန်တော် တို့၏ အသက်တာထဲသို့ မည်သည့်အရာများကို ထည့်သွင်းလာမည်လဲ ဟူ၍ ရင်ခုန်စွာ မျှော်လင့်ခဲ့ရ ပါသည်။ လင်ယုန်မိဘများကလည်း သူတို့၏ လင်းယုန်သားပေါက်လေး ကြီးပြင်လာရန် မျှော်လင့်ချက် ကြီးကြီး ဖြင့် လိုအပ်သောအရာများကို ပံ့ပိုးပေးလျက်ရှိသည်။ အဘဘုရားသခင်သည် သူ၏သားသမီးများ ကြီးထွား ရင့်ကျက် လာစေရန် မျှော်လင့်လျက် ရှိနေပြီး လိုအပ်သော အရာများကို ထောက်ပံ့ မစလျက် ရှိပါသည်။ မဿဲ ၇း၁၁ တွင်ဖော်ပြထားသည်မှာ

သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသော သူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လော။ (မဿဲ ၇း၁၁)

လင်ယုန်ငှက် "Eagle" ၏ အဓိပ္ပါယ်မှာ "နှုတ်သီးဖြင့် အစာကျွေးသောသူ" (one feeding with the beak) ဟူ၍ ကြားဘူးပါသည်။ မည်မျှ အံ့သြစရာ ကောင်းပါသနည်း။ ဘုရားသခင်သည် သူ၏ နှုတ်တော်မှ ထွက်သော နှုတ်ထွက် စကား အစစ်များဖြင့် ကျွန်တော်တို့ကို ကျွေးမွေးနေသည် မဟုတ်ပါလော။ သဘာဝ လင်းယုန် ငှက်ပေါက် ကလေးများသည် မိဘတို့၏ နှုတ်သီးမှ ရသော အစာကို လက်ခံနေရ သကဲ့သို့ ဘုရားသခင်၏ လင်းယုန် သားပေါက်လေးများ ဖြစ်သော ကျွန်တော်တို့သည် ကြီးထွား ရင့်ကျက်လာစေရန် ဘုရား သခင်၏ နှုတ်ထွက် စကားများကိုသာ အားကိုး မှီခိုနေရသည် မဟုတ်ပါလော။ မဿဲ ၄း၎ တွင်

ယေရှုကလည်း လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည်။ ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ (မဿဲ ၄း၎)

ကျွန်တော်တို့၏ ကောင်းကင်ဘုံ အဘသည် ကောင်းကင်မှ စားသောက်ဘွယ် စာရင်း (Menu) ထဲမှ အကောင်း ဆုံးသော အစားအစာများဖြင့် သူ၏ လင်းယုန်ငှက်ပေါက်လေးများ (ယုံကြည်သူများ) ကို ကျွေးမွေး ပြုစုနေ သော လင်းယုန်ငှက်ကြီးပင် ဖြစ်သည်။

ကမ္ဘာပေါ်မှ လင်းယုန်ငှက်များသည် လင်းယုန်မိဘများက ချပေးသော အစာဖြင့်သာ ကြီးထွားလာကြပါသည်။ လင်းယုန်ငှက်ပေါက် လေးများ၏ သန်မာ ထွားကြိုင်းလာမှုနှင့် ရင့်ကျက်ကြီးထွားစေရန်အတွက် အခြား အရာ များကို အစားထိုး၍ မဖြစ်နိုင်ချေ။ သူတို့နှင့် သင့်တော်သော အစားအစာ အဟာရ မရှိပါလျှင် ခွန်အားမရှိခြင်း၊ ကျန်းမာရေး ချူခြာမှုတို့ဖြင့် ကြီးပြင်းလာမည်။ နောက်ဆုံးတွင် သေဆုံးသွားပေလိမ့်မည်။

အထက်ပါ အချက်အလက်များသည် ကမ္ဘာကြီးထဲမှ ဘုရားသခင်၏ လင်းယုန်ငှက်ပေါက် ကလေးများ အကြောင်း ဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ထွက် အစာများဖြင့် အသက်ရှင် စားသောက်နေ ပါလျှင် ကြီထွားလာပြီး သန်စွမ်း ကျန်းမာသော ဘုရားသခင်၏ လင်းယုန်ငှက်များ ဖြစ်လာပေ လိမ့်မည်။ အခြားအရာများကို အားကိုးအသက်ရှင် နေပါလျှင် ချူခြာ အားနည်းကာ နောက်ဆုံးတွင် လုံးပါး ပါးကာ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေး အခြေအနေ သေဆုံးသွားပေလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ နှုတ်ခပတ်တော် ၀ိညာဉ်အဟာရကို မှီဝဲ သုံးဆောင်ရမည်။ ဟေရှာယ ၅၅း၂ တွင် မေးမြန်းထားသော မေးခွန်းမှာ

အစာမဟုတ်သော အရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သော အရာအဘို့ သင်တို့ ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ ၀ိညာဉ်သည် ချိုသောအရာတို့၌ မိမိကို မိမိ မွေ့လျော်စေလိမ့်မည်။ (ဟေရှာယ ၅၅း၂)

တခါတစ်ရံ ဘုရားသခင်၏ လင်းယုန်ငှက်ပေါက်ကလေးများ ဖြစ်သော ကျွန်ုပ်တို့သည် ခံယူ လိုက်လျောက်ရန် ခက်ခဲသော ဘုရားသခင်၏ နှုတ်ခပတ်တော်များကို လက်တွေ့ လိုက်လျောက် အသက်ရှင်ရန် ဇီဇာကြောင်ကာ ဝေ့လည်ကြောင်ပတ် လုပ်တတ်ကြသည်။ ကျွန်တော်သိသော လူအချို့သည် သမ္မာကျမ်းစာကို မိမိတို့ သဘော အလျောက် မိမိအကြိုက် အနက် အဓိပ္ပါယ်ဖွင့် ဘ၀ကို ပေါ့ပျက်စွာ အသက်ရှင်နေကြသူများ ရှိကြပါသည်။ သူတို့သည် ကိုယ်ကြိုက်နှစ်သက်သော အကောင်းဘက်ကို ဦးတည်သည့် ၀န်ခံချက်များ (Positive Confessions) နှင့် အကောင်းဘက်ကို ဦးတည်သည့် ကတိများ (Positive Promises) နှင့် ဆိုင်သည့် ကျမ်းပိုဒ်များကိုသာ စုစည်း ဆုပ်ကိုင် နေကြသည်ကို တွေ့မြင်ရပေလိမ့်မည်။ မိမိ မလိုက်လျှောက်နိုင်သော အကျဉ်းအကျပ် ရှိသည် ကျမ်းပိုဒ်များ၊ စီရင်ခြင်းနှင့် ဆိုင်သော ကျမ်းပိုဒ်များ၊ မိမိတို့ ကြိုက်နှစ်သက်သည့် သီသြလော်ဂျီ အယူအဆများကို စိန်ခေါ်မှုရှိသည့် ကျမ်းပိုဒ်များကိုမူကာ အသိအမှတ်ပြု လက်ခံလိုစိတ် မရှိကြ ချေ။ ထိုသူတို့သည် ရင့်ကျက် ကြီးထွားသော ခရစ်ယာန်များ မဖြစ်နိုင်ကြချေ။ သူတို့သည် အနှစ် (၄၀) ခန့် ခရစ် ယာန်တစ်ဦး သက်တမ်းဖြတ်သန်းခဲ့သော်လည်း အနှီးပတ်ထားရသည့် ကြေခဲသော အစာကို သုံးဆောင် နိုင်ခြင်း မရှိသေးသော အနှီးပတ်ထဲက နို့စို့သူငယ် တစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်။ ကြေခဲသော အစာသည် သူတို့အတွက် ဆို့နင့် နေပေလိမ့်မည်။

ကျွန်တော်သည် နို့စို့ ကလေးငယ်လေးများကို ချစ်ပါသည်။ အများသော ကလေးတို့သည် အလွန်ချစ်စရာ ကောင်းကြ ပါသည်။ အရွယ်အနည်းငယ် ကြီးပြင်းလာလျှင်လည်း ချစ်နေပါသေးသည်။ ယက်ကန် ယက်ကန် အခြေအနေလေးမှ လေးဘက်ထောက်ကာ ဟိုပြေး ဒီပြေး ပြုလုပ်နေသော ကလေးငယ်လေးများအထိ ကိုလည်း အလွန်ချစ်စရာ ကောင်းသည်ဟု ထင်ပါသည်။ ထိုအချိန် ထိုအသက်အရွယ်တွင် ပျော်ရွှင် ကြည်နူးမှု လေးများဖြင့် ကြည့်ရှုနိုင်ပါသေးသည်။ သို့သော် ထိုအရွယ်ထက် ကြီးပြင်းလာဘို့တော့ လိုအပ်ပါသည်။ ထိုအရွယ် ကျော်လွန်ပြီးနောက် လမ်းလျောက်တတ်ဘို့ သင်ယူရမည်။ စကားပြောတတ်ဘို့ သင်ယူရဦးမည်။ နို့ကိုသာ တစ်ချိန်လုံးတိုက်နေ၍ မဖြစ်ချေ။ ထို့ထက် ပိုမိုအဟာဖြစ် ကြီးထွားနိုင်မည့် အစားအစာများ စားသောက် ဘို့တော့ လိုအပ်ပေလိမ့်မည်။ သူသည် အမြဲတမ်း အနှီးပတ်ကလေးဖြင့် နေ၍ မသင့်တော်ချေ။ ပိုမိုကောင်းမွန်သော အ၀တ်အထည်များ ၀တ်ဘို့ လိုအပ်ပေလိမ့်မည်။ ထိုကလေးသည် ကြီးထွားမလာဘဲ အထက်ပါ အခြေအနေသို့ တိုးတက်ဖြစ်ထွန်းလာခြင်းမရှိလျှင် အလွန်ကြောက်စရာကောင်းသော အခြေအနေ တစ်ရပ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတိပြုပါ။ ထိုကလေးသည် ရင်ကျက် ကြီးထွားလာခြင်း မရှိပါလျှင် အရပ်စကားနှင့် ပြောမည်ဆိုပါက ကံဆိုး မိုးမှောင်ကြနေပြီဟူ၍ ပြောဆိုရပေတော့မည်။ ထိုအရာအတွက် အကူအညီ တစ်စုံတစ်ရာ လိုအပ်နေ ပြီဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ ကျွန်တော်တို့သည် ကလေးများကို ချစ်တတ်ပါသည်။ မည်မျှပင် ဆိုးနေကာမူ ချစ်နိုင်ပါသည်။ သို့သော် ကလေးဟူသည်မှာ အချိန်ကာလ အတိုင်းအတာ တစ်ခုသာ ဖြစ်နေသင့်ပါသည်။ ကြီးပြင်းလာဘို့တော့ လိုအပ်ပေလိမ့်မည်။

ဘုရားသခင်သည်လည်း သူချစ်သော ကလေးငယ်လေးများအတွက် အမြဲတမ်း ထာဝရ ကလေးဘ၀မှာ နေစေချင်သည်မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကြီးထွား ရင့်ကျက်လာမှုအပေါ်တွင် ကျေနပ်အား ရမှုတို့ဖြင့် ကြည့်ချင်နေပေလိမ့်မည်။

အချက် (၃)

မွေးစ လင်းယုန် ငှက်ပေါက်ကလေးများ အကြောင်းကို ပြန်လည် ကြည့်ပါရစေ။ လင်းယုန် ငှက်ပေါက် ကလေး များ မွေးဖွားလာရခြင်းသည် မည်သည့် အနေအထားမျိုးနှင့် မွေးဖွားလာ ပါသနည်း။ လင်းယုန်ငှက်တို့သည် ၄င်းတို့၏ အသိုက်ကို ကျောက်ဆောင် ကျောက်ခဲများ တည်ရှိရာ နေရာတွင် ပြုလုပ်ထား ကြောင်းသိရ ပါသည်။ အကြောင်းမှာ အခြားသော ရန်သူများ၏ ဘေးရန်များမှ လုံခြုံမှု ရှိစေရန်ဖြစ်သည်။ လင်းယုန် ငှက်ပေါက်ကလေး များသည် ၄င်းတို့၏ လှုပ်ရှားမှုများကို မိဘက အချိန်ပြည့် စောင့်ကြည့်နေပြီး တတ်နိုင်သမျှ မိဘတို့၏ အတောင် အောက်တွင် လုံခြုံစွာ ထားရှိလေသည်။ လိုအပ်ချက် ဟူသမျှကို ထောက်ပံ့ပေးလေသည်။ ထိုအခြေအနေနှင့် ပတ်သတ်ပြီး ဆာလံ ၉၁း ၃-၄ တွင် ဖော်ပြထားသည်မှာ

အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့် ၄င်း၊ သေတတ်သော အနာနှင့်၎င်း၊ သင့်ကို ကင်းလွှတ်စေတော်မူမည်။ အတောင်တော် အမွှေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည် လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ ဒိုင်းလွှား ဖြစ်လိမ့်မည်။ (ဆာလံ ၉၁း ၃-၄)

အသိုက်ထဲတွင် အသက်ရှင်ရသော လင်းယုန်ငှက်ပေါက်ကလေးတို့၏ ဘ၀သည် အလွန်အံ့သြစရာပင် ဖြစ် သည်။ ၄င်းတို့သည် ပါးစပ်ဟ တောင်းဆိုလိုက်သည့်အခါတိုင်း လိုအပ်ချက်များကို ရရှိခဲ့သည်။ သူတို့၏ အသိုက်သည် အလွန်လုံခြုံသောနေရာနှင့် အလွန်နွေးထွေးသော နေရာတစ်ခုသာဖြစ်သည်။ သူတို့သည် အမြဲ တမ်း ထာဝရ နေထိုင်နိုင်သည့် နေရာဟူ၍ တွေးတောကောင်း တွေးတောနိုင်ပါသည်။ သို့သော် အရေးကြီး သော အချက်တစ်ချက် ရှိနေခဲ့ပါသည်။ လင်းယုန်ငှက်ကလေးများသည် သူတို့ထင်သလို မဖြစ်ခဲ့ဘဲ မကြာမီမှာ ပင် ထူခြားသည့် ခံစားချက် အသစ်များ တွေ့ရှိခဲ့ပါသည်။ ထိုအရာမှာ လင်းယုန်ငှက်ဆိုသည်မှာ ပျံသန်းဘို့ မွေးဖွားလာသည် ဆိုသော ခံစားချက်ပင် ဖြစ်ပါသည်။ သူတို့သည် အမြင့်ဆုံး အာကာသ ကောင်းကင်ထက်သို့ ပျံသန်ရမည်ဆိုသည့် ခံစားချက်နှင့် ကောင်းကင်ယံ အမြင့်ဆုံးသော နေရာမှ ကောင်းကင်ရနံ့ရှိသည့် လေထုကို ရှူရှိုက်ရမည် ဆိုသည့် ခံစားချက်များ ဖြစ်သည်။ ထိုအရာများမှာ မွေးစကတည်းကပင် ရင်ထဲ အသဲထဲတွင် ပြည့် သိပ်နေသော မွေးရာပါ ခံစားချက်များပင် ဖြစ်သည်။ ထိုခံစားချက်များမှာ ၄င်းတို့၏ သဘာဝ တောင်းဆိုချက် တစ်ခု အနေဖြင့် ဖြစ်တည်လျက် ရှိနေပါသည်။ ထိုထူးခြားသော သဘာဝကို ဘုရားသခင်က ထည့်ပေးထား ခဲ့လေသည်။ လင်းယုန်ငှက်တို့သည် အထက်အရပ်တွင်သာ ပျော်ရွှင် မြူးတူတတ်သော သတ္တ၀ါ တစ်ကောင်ပင် ဖြစ်သည် မဟုတ်ပါလော။

ကျွန်တော် ဖတ်ဘူးသော အကြောင်းအရာတစ်ခုကို တင်ပြပါရစေ။ ထိုအဖြစ်အပျက်မှာ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှ ဒီထရိုဒ်မြို့ (Detroit)တွင် ရှိသော တရိစ္ဆာန်ရုံမှ အဖြစ်အပျက် တစ်ခု ဖြစ်ပါသည်။ ထိုတိရိစ္ဆာန်ရုံ လင်းယုန်ငှက် တစ်ကောင်ကို စတီး သံလှောင်အိမ် တစ်ခုတွင် ထားရိုကာ ပြသခဲ့ပါသည်။ ထိုအခြေအနေကို သင်မှန်းဆကြည့်ပါ။ ထိုလင်းယုန်ငှက် အနေဖြင့် ထိုနေရာတွင် နေချင်မည် မဟုတ် သလို ပျော်ရွှင်မည်လည်း မဟုတ်ကြောင်း သင်သိရှိနိုင်ပါသည်။ သူသည် နေထိုင်ရသော လှောင်ချိုင့်ထဲတွင် နေထိုင်လိုသည့် အာကာသ ကောင်းကင်ကြီးအကြောင်း လုံးဝ တွေးတောနေပေလိမ့်မည်။ အချိန်တွေ နေ့ရက် တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြီး သူ၏ အတောင်ပံ ကြီးများသည်လည်း ပိုမို ကြီးမား ကျယ်ပြန့်လာ လေတော့သည်။ တစ်နေ့တွင် သူ့ခွန်အားကို အသုံးပြုပြီး ထိုနေရာမှ လွတ်မြောက်ရန် ကြိုးစား အားထုပ် လေတော့သည်။ စတီး သံလှောင်အိမ်ကြီးကို တောင်ပံဖြင့် တဖြန်းဖြန်း ရိုက်ခတ်နေသည်။ သံတိုင်များကို နှုတ်သီးဖြင့် ကိုက်ဖြတ်ကြည့်သည်။ သူ၏ ဦးခေါင်း၊ နှုတ်သီးနှင့် ခန္ဓာကိုယ်တွင် သွေးအလိမ်းလိမ်း ဖြင့် ရဲရဲနီ နေတော့သည်။ သူ၏ အတောင်ပံတို့သည်လည်း ကျွတ်ကျကုန်တော့သည်။ စူးရှသောအသံဖြင့် ကျယ်လောင် စွာအော်ဟစ်နေပါသည်။ ထိုမြင်ကွင်းကို သင်၏ မျက်စိတွင် မြင်အောင် ခံစားကြည့်ပါ။ မည်မျှ ရင်နင့် ကြေကွဲ ဘွယ် အခြေအနေများကို မြင်နိုင်သည် မဟုတ်ပါလော။ ထိုမျှလောက် ကြီးမားသော ဝေဒနာကို ခံစားနေရသော် ငြားလည်း သူ၏ ခန္ဓာကိုယ် ဖြင့် စတီးသံလှောင်အိမ်မှ သံတိုင်များကို အံတုပြိုင်ကာ လွတ်မြောက်နိုင်ရန် ကြိုးစား အားထုပ်လျက် ရှိနေပါသေးသည်။ နောက်ဆုံးတွင် သူသည် အောက်သို့ ကျဆင်းသွားကာ မြေပြင်ပေါ် တွင် လဲကျသွားလေတော့သည်။ သို့သော် သူ၏ မျက်လုံးများမှာမူကား ကောင်းကင်ယံသို့သာ ကြည့်မျှော်လျက် ရှိနေသေးသည်။ သူ၏ ကြေကွဲဘွယ်အော်ဟစ်သံတို့မှာလည်း စူးရှနေဆဲပင်။ အကယ်၍ ကျွန်တော်တို့သည် သူ၏ ဘာသာစကားကို နားလည်နိုင်မည်ဆိုပါက "ငါဟာ မြေပြင်နဲ့ လုံးဝမဆိုင်ဘူး၊ ငါနဲ့ ဆိုင်တဲ့နေရာဟာ ဟိုးအမြင့်ဆုံး အာကာသ မိုးကောင်းကင်ကြီးပါဘဲ" ဟူ၍ အော်ဟစ်နေမည်မှာ သေချာပါသည်။ ထိုလင်းယုန်ငှက်၏ အနက်ရှိုင်းဆုံး နှလုံးသားထဲတွင် နိုးဆော် ဟစ်ကြွေးနေသော အသံတစ်သံပင် ဖြစ်မည် မဟုတ်ပါလား။ သူမြင်တွေ့နေရသော မိုးပြာရောင် လှပသော ကောင်းကင်ကြီးကလည်း သူ့ကို လက်ယက် ဖိတ်ခေါ်နေသယောင် ခံစားနေရရှာပေမည်။ ထိုဖိတ်ခေါ်မှုကို တုန့်ပြန်လိုသော်လည်း သူမတတ်နိုင်တော့ပြီ။ သူသည် ရွှေလင်းယုန် ဆိုသော အမည်နာမနှင့် လျော်ညီအောင် ပြုမူ လုပ်ဆောင်ချင်ပါသည်။ သူကိုယ်တိုင် သိရှိနားလည်သည်မှာ အခြေအနေက မြေပြင်ပေါ်တွင် နေထိုင်နေရသော်လည်း သူသည် လောက မြေပြင်နှင့် မဆိုင်၊ အထက်ကောင်းကင် အာကာသနှင့်သာ သက်ဆိုင်ကြောင်း အချိန်တိုင်းတွင် ကြွေးကြော် အော်ဟစ်နေ ပေတော့မည်။

ယခု ဖတ်ခဲ့ရသော အဖြစ်အပျက်ကဲ့သို့ပင် သင်သည်လည်း မြေပြင်ပေါ်တွင် ရှိနေသော လင်းယုန်ငှက် တစ်ကောင်သာ ဖြစ်ပါသည်။ ထိုလင်းယုန်ငှက်သည် ဘုရားသခင်၏ ၀ိညာဉ်ရေးရာ လင်းယုန်ငှက်တစ် ကောင်ပင် ဖြစ်ပေသည်။ ကျွန်တော်တို့သည်လည်း အမြင့်ဆုံး ကောင်းကင်ဘုံ အတွေ့အကြုံကို စိတ်ဝိညာဉ်ထဲ တွင် ခံစားဘူးပြီး ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း အတောင်ပံကြီးကို ဖြန့်ကျက်လျက်၊ သန့်ရှင်းသော ၀ိညာဉ်တော် ကောင်းကင်ယံတွင် လေဟုန်စီးကာ ၀ဲပြန်နေလိုက်မည်။ ထိုခံစားမှုသည် ကယ်တင် ခြင်းရရှိချိန် ၀ိညာဉ်ရေး အသစ်မွေးဖွားချိန်မှ စတင်ကာ မွေးရာပါကဲ့သို့သော ခံစားမှုဖြစ်သည်။ ထိုခံစားမှုကို ခံစားနိုင်ရန် ယုံကြည်သူတစ်ဦးအတွက် ၀ိညာဉ်ရေးရာ သဘာဝတရား၏ တောင်းဆိုချက်တစ်ခု အဖြစ် တည်ရှိနေပေလိမ့်မည်။ ထိုအရာကို ဘုရားသခင်က ကျွန်တော်တို့၏ နှလုံးသားထဲတွင် ထည့်ပေးထားပြီး ဖြစ်သည်။ လင်းယုန်ငှက်ပေါက်ကလေးများကဲ့သို့ပင် တခါမှ ၀ိညာဉ်ရေးရာ အတွေ့အကြုံ မရှိသော်လည်း အထက်သို့သာ မျှော်လင့်လျက် ကြိုက်နှစ်သက် ခံစားလိုစိတ်များက စိတ်နှလုံးသား၏ အနက်ရှိုင်းဆုံးတွင် ရှိနေခဲ့သည်။ ကောလောသဲ ၃း၁-၂ တွင် ဖော်ပြထားသည်မှာ

အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော်ဘက်မှာမှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။( ကောလောသဲ ၃း၁-၂)

တဖန် ဧဖက် ၂း၆ တွင်လည်း ဖော်ပြထားသည်မှာ

ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။ (ဧဖက် ၂း၆)

ယခုအချိန်တွင် သင်သည် အမှန်တကယ် ပျံသန်းလျက် ရှိနေပါသလား။ ထိုအရာသည် ဘုရားသခင်၏ ခေါ်ယူခြင်းခံရသော လင်းယုန်များ (ခရစ်ယာန်များ) အနေဖြင့် ဘုရားသခင်၏ ၀ိညာဉ်ရေးရာ လင်းယုန်ငှက်များ ဖြစ်လာရန် လုပ်ဆောင်ရမည့်အရာပင် ဖြစ်ပေသည်။ လင်းယုန်ငှက်သည်လည်းကောင်း၊ ကြက်သည် လည်း ကောင်း နှစ်မျိုးစလုံးသည် ငှက်များပင်ဖြစ်ပါသည်။ သို့သော် ကြက်သည်ကား မြေပြင်ပေါ်တွင်သာ ရှိနေမည့် ဖန်းဆင်းခံ သတ္တ၀ါ တစ်ကောင်သာဖြစ်သည်။ ထိုကြက်သည် ပျံသန်း နိုင်ကောင်း ပျံသန်းနိုင် ပါလိမ့်မည်။ သို့သော် မြေကြီးနှင့် အနီးဆုံးသော နေရာမှာပင် ဖြစ်သည်။ သို့သော် လင်းယုန်ငှက်မူကား ထိုသို့ မဟုတ်ချေ။

လယ်သမား တစ်ယောက်အကြောင်း ပုံပြင် တစ်ပုဒ်ဖြင့် ထပ်မံ သတိပေးလိုပါသည်။ လယ်သမား တစ်ယောက်သည် တစ်ရက်တွင် လမ်းလျှောက်လာစဉ် လင်းယုန်ငှက် ဥတစ်လုံးကို တွေ့ရှိခဲ့လေသည်။ ထိုလယ်သမားသည် ထိုဥကို ယူလာခဲ့ပြီး သူ၏ ကြက်ခြံထဲမှ ကြက်မတစ်ကောင်ဝပ်နေသော နေရာတွင် ထည့်ထားလိုက်လေသည်။ အချိန်တန်သောအခါ ထိုကြက်မ ၀ပ်နေသော နေရာမှ ကြက်ဥကလေးများ အကောင်ပေါက်လာခဲ့ပြီး ထည့်ထားသည့် လင်းယုန်ငှက်ဥလည်း ဥခွံကွဲအက်ကာ အကောင်ပေါက်လာလေ တော့သည်။ ပေါက်လာသည့်အချိန်မှ စကာ ကြက်များနှင့်နေသောကြောင့် ကြက်ကဲ့သို့ပင် ပြုမူလေသည်။ ကြက်တို့ကဲ့သို့ပင် တွေးတော အသက်ရှင်သည်။ ထိုလင်းယုန်ငှက်ပေါက်လေးသည် ကြက်ကလေးများကို မြင်တိုင်း အလွန်ထူးဆန်းနေလေသည်။ ကြက်ကလေးများကဲ့သို့ပင် အသံပြုကြည့်ရာ ကြက်သံမထွက်သော ကြောင့် သူ့ကိုယ်သူ အားမရ ဖြစ်နေလေသည်။ မိခင်ကြက်မကြီးက အော်ဟစ်တွန်ကျူးသည့်အခါတွင်လည်း သူ့အတွက် လုံးဝ ထူးဆန်းနေလေသည်။ ကြက်ကလေးများကဲ့သို့ မြေကြီးတွင် ယက်ပြီး အစာရှာ ကြည့်သော အခါ တွင်လည်း ထိုလင်းယုန်ငှက်ပေါက်ကလေးသည် လိုက်ပြီး လုပ်ဆောင်၍ မရဘဲ ဖြစ်နေလေသည်။ ထိုလင်းယုန်ငှက်ပေါက်ကလေးသည် ဘယ်လိုမှ နားမလည်နိုင်အောင်ဖြစ်ရသည်။ သူသည် ဘာကြောင့် ဤအသိုင်းအ၀ိုင်း နေရာတွင် အဆင်မပြေ၊ အံမ၀င် ခွင်မကျ ဖြစ်ရသည်ကို စဉ်းစားကြည့်၍မရချေ။ ဟုတ်ပါသည်။ ဤကိစ္စ အလွန်ထူးဆန်းနေချေတော့သည်။ သူသည် လင်းယုန်တစ်ကောင် ဖြစ်သော်လည်း ကြက်တစ်ကောင် အခြေအနေ မျိုးဖြင့် ကြိုးစား အသက်ရှင်ကြည့်သည်။ တစ်ရက်တွင် စပါးကျီကြီး တစ်ခု အနားတွင် အစာရှာစားနေသောအချိန်တွင် သူ၏အပေါ်တွင် ကြီးမားသော အရိပ်ကြီးတစ်ခု ကျရောက်လာ လေသည်။ ထိုအရိပ်မှာ ကောင်းကင်အမြင့်ဆုံးတွင် ပျံသန်းနေသည့် သူ၏ဖခင်ဖြစ်သော လင်းယုန်ငှက်ကြီး၏ အရိပ်ပင်ဖြစ်လေတော့သည်။ လင်းယုန်ငှက်ကြီးကလည်း သူနှင့် တူညီသည့် ထိုလင်းယုန်ငှက်ပေါက်ကလေးကို မြင်တွေ့သွားလေသည်။ ထိုအခါ အောက်သို့ တဟုန်ထိုး ဆင်းသက်လာပြီး ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်လေသည်။ လင်းယုန်ငှက်ပေါက်ကလေးကလည်း မော့ကြည့်လိုက်သည်။ ဖခင် လင်းယုန်ကြီးက လင်းယုန်ငှက်ပေါက်ကလေးကို မေးခွန်းတစ်ခု မေးမြန်လိုက်ပါသည်။ "မင်းက မြေပြင်ပေါ်မှာ ဘာလုပ်နေတာ လဲ။ မင်းဟာ ကြက်တစ်ကောင် မဟုတ်ဘူး။ မင်းဟာ လင်းယုန်ငှက်တစ်ကောင်သာဖြစ်တယ်။ လင်းယုန်ဆိုတာ စပါးကျီတွေအနားမှာ အသက်ရှင်တာမဟုတ်ဘူး။ ကောင်းကင်အမြင့်ဆုံးမှာ အသက်ရှင်တာကွ။ လာပါ။ အမြင့် ဆုံးကို တတ်ပြီး နေထိုင် သွားလာရအောင်" လို့ဆိုပြီး ပြောဆိုကာ ခေါ်ယူပါတော့တယ်။

ထိုအခြေအနေတွင် အခြား ကြက်ပေါက်ကလေးများဖြစ်သော သူ၏ သူငယ်ချင်းများက အလွန် အံ့သြကြ ပါသည်။ သူသည် စပါးကျီကြီး အနားတွင် ရှိနေသည်ကို အဘယ်ကြောင့် မပျော်ရွှင်ရပါသနည်း။ သူသည် စပါးကျီးကြီးအနားတွင် ပေါများသည့် အစားအသောက်များအကြားတွင် ပျော်ရွှင်စွာ နေထိုင်ကြည့်သည်။ မည်သို့မျှ မပျော်ရွှင်နိုင်ခဲ့ချေ။ ထိုအချိန်တွင် သမ္မာတရားက သူ့ကို တိုက်ခတ် လှုပ်ရှားသွားခဲ့ပါသည်။ ထိုအခါ သူသည် သူ၏ ဖြစ်တည်မှု အမှန်ကို ရှာဖွေ တွေ့ရှိသွားခဲ့ပါသည်။ သူသည် ကြက်ကလေးတစ် မဟုတ်ပါ။ သူသည် လင်းယုန်ငှက်တစ်ကောင်သာဖြစ်သည်။ သူ၏ အနက်ရှိုင်းဆုံးနှလုံးသားမှ နေ၍ သူ၏ ဖခင်ကို ပြန်လည် တုံ့ပြန်လိုက်သည်။ သို့သော် သူသည် အထက်ကောင်းကင်ယံတွင် တစ်ခါမျှ မပြန်သန်းဘူးသေးပါ။ မြေပြင်ပေါ်မှ မလွတ်မြောက်နိုင်သေးပါ။ မြေပြင်ကို စွန့်ခွာသွား၍ မဖြစ်နိုင်သေးပါ။

ဖခင် လင်းယုန်ငှက်ကြီးက တစ်ဖန် ထပ်မံ အော်ဟစ်လိုက်ပြန်ပါသည်။ "ခုန်ကြည့်လိုက်ပါ။ မင်းရဲ့ အတောင်ပံ တွေကို ဖြန့်ကြည့်လိုက်ပါ။ မင်းကြိုးစားပြီး ပျံသန်းကြည့်လိုက်ပါ။" လင်းယုန်ကြီး ပြောသည့်အတိုင်း ကြိုးစား ကြည့် လိုက်သည်။ ခုန်ကြည့်သည်။ တောင်ပံတွေ ဖြန့်ကြည့်သည်။ နောက်တော့ စပါးကျီ၏ အပေါ်ထိပ်ဘက်သို့ ရောက်သွားသည်။ ဖခင် လင်းယုန်ကြီးက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ "ကလေးရေ၊ အမြင့်ကနေ ခုန်ချ လိုက် ပါ။ တခါကျိုးစားကြည့်လိုက်ပါ။ ခုန်လိုက်ပါ။ မင်းရဲ့ အောက်ဘက်ကနေ မနာကျင်အောင် ငါခံထားလိုက် မယ်။ ငါ့ရဲ့ အတောင်ပံတွေနဲ့ ကာရံထားလိုက်မယ်။

လင်းယုန်ငှက်ကလေးသည် ဖခင်က သူ့ကို ပြောပြ သွန်သင်သည့်အတိုင်း လုပ်ဆောင်ကြည့်ပါသည်။ ဖခင်ကြီး ကလည်း သူပြောသလိုပင် အကူအညီပေးပါသည်။ အံ့သြဘွယ် လင်းယုန်ငှက်ပေါက်ကလေး၏ ယုံကြည်ခြင်း ဖြင့် လုပ်ဆောင်မှုသည် ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ပျံသန်းလာနိုင်သည်ကို တွေ့မြင်လာရလေသည်။ ကောင်းကင်သို့ အုပ်စိုးလိုသော နှလုံးသားများဖြင့် ၀မ်းမြောက်စွာ ပျံသန်း ၀ဲပြန်လျက် ရှိနေလေတော့သည်။

ဘုရားသခင်၏ သန့်ရှင်းသူများသည် လင်းယုန်ခရစ်ယာန်များ ဖြစ်လာရန် ခေါ်ထုပ်ခံရသူများ ဖြစ်လေသည်။ သို့သော်အများအားဖြင့် ကြက်တို့၏ သဘာဝမျိုးဖြင့် စပါးကျီကြီးနားတွင် အကန့်အသတ်ဖြင့် အသက်ရှင်ရ သော နေရာတွင် ပျော်ရွှင်နေကြလေသည်။ ယုံကြည်သူ တစ်ဦးအတွက် စပါးကျီ ဆိုသည်မှာ ကန့်သတ်သော သဘောထား၊ စိတ်နှလုံး၊ အသက်ရှင်မှု တစ်ခုခုကို ဆိုလိုပါသည်။ ဘုရားသခင် အသက်ရှင်စေလိုသော အခြေ အနေမျိုးဖြင့် အသက်မရှင်၊ မရှိသင့်သော အခြေအနေတွင် ရှိနေသော ဘ၀အခြေအနေတစ်ခုသာ ဖြစ်ပါသည်။

ဘုရာသခင်သည် ကျွန်တော်တို့ကို ထိုအခြေအနေမျိုးတွင် အသက်မရှင်စေလိုသောကြောင့် ကျွန်တော်တို့ကို ခေါ်ထုပ်လျက် ရှိနေပါသည်။ သူခေါ်ထုပ်သည့်အတိုင်း ယုံကြည်ခြင်း အတောင်ပံကို ခတ်ကာ အမြင့်ဆုံးနေရာသို့ ပျံသန်းနိုင်ရန် ပြင်ဆင်ဘို့ လိုအပ်ပါသည်။

အချက် (၄)

ရွှေလင်းတသည် အသိုက်ကို မွှေလျက်၊ သားငယ်တို့ အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက် သားငယ်တို့ကို ယူ၍ မိမိအတောင်ဖြင့် ဆောင်သကဲ့သို့၊ (တရားဟောရာ ၃၂း၁၁)

ဆက်လက်၍ မိဘဖြစ်သော လင်းယုန်ငှက်များသည် သူတို့၏ သားသမီးများကို လေ့ကျင့် ပြန်သန်းပေးသည့် စနစ်တစ်ခုကို အကျဉ်း အားဖြင့် တင်ပြလိုပါသည်။ မိခင် လင်းယုန်ငှက်မကြီးသည် သူမ၏ လင်းယုန်ငှက်ပေါက် ကလေးများ အတောင်စုံ လာတဲ့အထိ အသိုက် ထဲမှာ ကြည့်ထားပါတယ်။ အဲဒီ အကောင်ပေါက် ကလေးများ သည် လုံလောက်သော ရင့်ကျက်မှု ရပြီဆိုပါက အသိုက်ကို သူမ၏ နှုတ်သီးဖြင့် မွှေနောက် ဖျက်ဆီး လိုက်ပါတယ်။ မူလက အသိုက် အတွင်းတွင် ရှိသော လင်းယုန်ပေါက် ကလေးများကို သက်သာစေသည့် အရာများ၊ နွေးထွေးစေသည့် အရာများ အားလုံးကို လင်းယုန်ငှက်မကြီးက ဖယ်ရှားလိုက်ပါသည်။ အသိုက် ထဲတွင် သားမွေးများ၊ ယုန်သားရေများ အားလုံးကို ရှင်းလင်းလိုက်ပါသည်။ အသိုက်ကို နေထိုင်၍ အဆင် မပြေစေရန်၊ နေထိုင်မှု ခက်ခဲစေရန် အားလုံး လင်းယုန် ငှက်မကြီးက ပြုလုပ်ပေးလိုက်သည်။ အကြောင်းမှာ ထို လင်းယုန် ငှက်ပေါက် ကလေးများ အသိုက်ထဲတွင် ကြာကြာ မနေစေရန် ဖြစ်သည်။ ဆက်လက်ကာ သူမ၏ လင်းယုန် ငှက်ပေါက် ကလေးများ အတောင်ပံများ ခွန်အားရှိလာရန်၊ အခြား တိုးတက်မှု များ ရှိလာရန် အကူအညီ ပေးလိုက်သည်။ ထိုနောက် အသိုက် အနားတွင် ၀ဲပျံလျက် ရစ်သီရစ်သီ လုပ်နေသည်။ သူမ၏ အတောင်ပံ ကြီးများကို ဖြန့်ကျက်ကာ တဂီးဂီးနှင့် အသံပေးနေသည်။ လင်းယုန် ငှက်ကလေးများက သူတို့၏ မိခင်ကြီးကို အားရပါးရ ကြည့်ပြီးနောက် မိခင်ကို အတု ခိုးကာ လိုက်လုပ်ရန် ပြင်ဆင်နေကြသည်။ လင်းယုန် ငှက်ကလေးများက သူတို့သည် ထိုသို့ လိုက်လုပ်ရမည်ကို သိနေပုံရသည်။ လင်းယုန် ငှက်မကြီးသည် ပထမဦးဆုံး ပြန်သန်းနိုင်သည့် အချိန် မတိုင်မီလေးသာ သူတို့နှင့် အတူ ပျံသန်ကာ ရှိနေတတ်သည်။ ထို့နောက် အမြင့် တစ်နေရာတွင် အနားယူကာ သူမ၏ သားသမီးများကို ကြည့်ရှု စစ်ဆေးနေပေလိမ့်မည်။ လင်းယုန်ငှက် မကြီးက သိရှိသော အခြားတစ်ချက်မှာ လင်းယုန်ငှက်ကလေးများ ပထမဦးစွာ ထွက်လာသော အတောင် များသည် နုနယ်သောကြောင့် သိပ်ပြီး အဆင်မပြေ။ ပိုမို ကောင်းမွန်မှု ရှိစေရန် ထိုအတောင်များကို ဖယ်ရှား ပစ်ရမည်။ ထို့ကြောင့် သူမ၏ အတောင်ဖြင့် ကလေးငယ်များ၏ ခန္ဓာကိုယ်ကို ရိုက်သည်။ နုနယ်သော အတောင်များကို သူမ၏ နှုတ်သီးဖြင့် နုတ်ပစ်လိုက်သည်။ ကလေးငယ် နာကျင်မည်ကို သိသော်လည်း သူတို့ အတွက် ထာဝရ အကောင်းဆုံး ပျံသန်းနိုင်ရန် ထိုသို့ လုပ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ လင်းယုန်ငှက် ပေါက်ကလေးများအတွက် ပထမဦးဆုံး ပျံသန်းမှု သင်ခန်းစာ တစ်ခုပင် ဖြစ်သည်။
ဤနေရာတွင် မေးခွန်းတစ်ခု မေးမြန်ပါရစေ။ သင့်ကိုယ်သင် လင်းယုန် ငှက်ပေါက်ကလေး တစ်ကောင်ဖြစ်သည် ဟု မိမိကိုယ်ကို မိမိ ခံစားမှု ဖြစ်ခဲ့ပါလျှင် နေထိုင်ရသော မိမိနေရာ အသိုက်ကို ဖျတ်ဆီးခံရသော ခံစားမှုမျိုး သင် ခံစား ဘူးပါသလား။ အသိုက်တွင် သက်တောင့် သက်သာ နေထိုင်ခဲ့ရသော ဘ၀ ဆုံးရှုံးမှုမျိုး ခံစားဘူး ပြီလား။ ထိုသို့ ဆုံးရှုံးမှု ဖြစ်မှာကို သင်ကြောက် ရွံ့နေပါသလား။ အသက်တာ ထဲတွင် ထိုသို့သော အပြောင်းအလဲများ အတွက် ပြင်ဆင်မှု တစ်စုံတစ်ရာ ပြုလုပ်ထားပါသလား။ အသက်တာ ရင့်ကျက်ဘို့ ထိုသို့ ပြင်ဆင်နေ မှုများအတွက် အမှန်တကယ် လက်ခံနိုင်ပါသလား။ ထိုသို့ ဖြစ်လာလျှင် ဘုရားသခင်ကို မည်ကဲ့သို့ တုန့်ပြန်ပါမည်လဲ။

မိခင် လင်းယုန်ငှက်ကြီးက ထိုကဲ့သို့ ပြုမူ လုပ်ဆောင်မှု အားလုံးတို့သည် လင်းယုန် ငှက်ပေါက်ကလေး တို့ အတွက် ပြည့်စုံ ကောင်းမွန်သည့် ဘ၀ အသက်ရှင်မှု နှင့် သက်သာ ကောင်းမွန်သော အသိုက်တွင် ထာဝရ အသက်ရှင် နေထိုင်နိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင် လိုက်ခြင်း ပင်ဖြစ်သည်။ အသိုက်ထဲတွင် ကောင်းမွန်စွာ ထားခြင်းကို အချိန် အကန့် အသတ် ဖြင့်သာ လက်ခံထားပါသည်။ ဘုရားသခင်သည် သူ၏ ယုံကြည်သူ လင်းယုန် ပေါက်ကလေးများကို အသိုက် ထဲတွင် တစ်ချိန်လုံး ထိုင်နေသောသူများ မဖြစ်စေလိုပါ။ ထို ယုံကြည်သူ လင်းယုန် ငှက်ပေါက် ကလေးများသည် ပျံသန်းဘို့ လိုအပ်ပါသည်။ အမြင့်ဆုံးသော အာကာသတွင် ပျံသန်းလိုစိတ် ရှိရပါမည်။ သင်၏ အသက်တာ ထဲမှာ အားကြီးတော် မူသော သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးတော် အလင်းထဲတွင် အားရပါးရကြီး ၀ဲပျံ လှုပ်ရှားနေသော အတွေ့ အကြုံမျိုးကို ခံစားဘူးပြီလား။ သင့် အသက်တာကို ကာကွယ်ထား တဲ့ ငှက်မွေးများ (လူ့တို့ အထင်ကြီးစေ ရန် ကွယ်ကာမှု ပြုထားသော အရာများ) ဆုံးရှုံးသွားပေမဲ့ ဘုရား သခင်က တော့ သင်၏ နှလုံးသား ဗိမ္မာန်ထဲမှာ ကျိန်းဝပ်ကာ သင့်ကို ခွန်းအား များနှင့် ရစ်ပတ်နေချင်ပါသည်။ ဟိုး မိုးကောင်းကင်တွင် ရှိနေသော ဘုရားသခင်က တဟုန်ထိုး အလျှင်အမြန် ဆင်းသက် လာကာ သင့်ကို အကျိုးရှိစေမည့် ၀ိညာဉ် ရေးရာစကားတွေ ပြောချင်ပါသေးသည်။ ထိုအရာများကို သင်လုပ်သင့်သည်ဟု နားလည် နေပါလျက် လုပ်ဘို့ ငြင်းဆန်နေဦးမှာလား။ ဟိုးမိုးကောင်းကင် ကို ကြည့်လိုက်စမ်းပါ။ ခွန်အားတွေ ယူလိုက်စမ်းပါ။ ကောင်းကင်ဘုံတွင် ရှိသော သင်၏ အဘ ဘုရားသခင်က သင့်ကို အမြင့်ဆုံး မိုးကောင်းကင် ပေါ်မှာ သင်ပျံသန်းနိုင်ရန် ကူညီချင်နေပါသည်။ ထိုသို့ ဖြစ်နိုင်ရန် သင်ခန္ဓာပေါ်က သင်ကြိုက်သော အရာလေး တွေ (နုနယ်သော ငှက်မွေးကလေးတွေ) ဖယ်ရှားပစ်လိုက်ပါဦးမည်။ သူသည် သင့်ကို အမြင့်ဆုံး နေရာသို့ သူ၏ အတောင်များနှင့် ဆောင်ယူကာ တက်ပါလိမ့်ဦးမည်။ သူသည် သင့်ကို အတောင်ပံတွေ ခတ်ဘို့ ပျံသန်းဘို့ သင် ၏ အသိုက်နား ပတ်ဝန်းကျင်တွင် အော်ဟစ်ကာ သင့်ကို အသံတွေ ပေးနေပါဦးမည်။ ထို့နောက် ယုံကြည်ခြင်း တောင်ပံ များနှင့် လှုပ်ရှား ပျံသန်းနိုင်ရန် သင်ကြားပေးနေဦးမည်။

လင်းယုန်ငှက် အကြောင်းကို ဆက်လက် ပြောပါရစေဦး။

မိခင် လင်းယုန်ငှက်ကြီးသည် လင်းယုန်ငှက်ပေါက်ကလေး၏ ငှက်မွေးများ ဆုံးရှုံး လွင့်မြော နေသည်ကို မြင်နေ ရပါသည်။ သို့သော်လည်း သူမ၏ အတောင်ပံကြီးကို ဖြန့်ထုပ်ကာ လင်းယုန် ငှက်ပေါက်ကလေးများကို အပြင် သို့ထွက်လာရန် အော်ဟစ်နေပါသည်။ လင်းယုန် ငှက်ပေါက် ကလေးများက သိနေပါသည်။ သူတို့သည် နောက် ထပ် တဆင့်မြင့်သော အလုပ်ကို လုပ်ဆောင်ရမည်ကို နားလည်နေပါသည်။ ထိုအဆင့်တွင် သူတို့၏ မိခင်တွင် ရှိသော စူရှ ထက်မြက်သော လက်သည်းကြီးများနှင့် ခွန်အားရှိ တုတ်ခိုင်သော မိခင်၏ စွမ်းအားများကိုလည်း ယုံကြည်စိတ်ချပြီး ဖြစ်လေသည်။ မိခင်တွင် ရှိသော အရာရာကို ချီဆောင်နိုင်သော နှုတ်သီးကိုလည်း သိရှိ မြင် တွေ့ပြီး ဖြစ်သည်။ မိခင်ကြီး၏ အော်ဟစ်နေသော အသံမှာလည်း အမိန့်ပေးနေသယောင် နားလည် ခံစားမိပါ သည်။ မိခင် လင်းယုန် ငှက်ကြီးသည် လင်းယုန် ငှက်ပေါက်ကလေးကို သေချာစွာ လုံခြုံစိတ်ချ မှု ရှိစေရန် ပြုလုပ်ပြီး သူမ၏ အတောင်ပေါ်တွင် တင်ကာ အသိုက် ပတ်ဝန်းကျင်တွင် ၀ဲပျံကာ အော်ဟစ်နေတော့သည်။ သူမသည် အမြင့်သို့ တတ်လိုက်သည်။ ကျောပေါ်တွင်ရှိသော လင်းယုန် ငှက်ပေါက် ကလေးက မိခင်ကို ဆုပ်ကိုင်ကာ ရင်တဖိုဖိုဖြင့် လိုက်ပါသွားမည်ကို မြင်ကြည့်လိုက်ပါ။

လင်းယုန်ငှက်ပေါက်ကလေးသည် ထိုအတွေ့အကြုံမျိုးကို ယခင်က တခါမျှ မခံစားခဲ့ဘူးချေ။ သူ ယခင်က မမြင်ဘူးခဲ့သော မြင်ကွင်းများကိုလည်း မြင်တွေ့နေရသည်။ စိတ်လှုပ်ရှားစရာ အပြည့်ပင် မဟုတ်ပါလော။ သို့သော် ထိုအချိန်လေးသည် သူ့ဘ၀ တစ်လျှောက်လုံတွင် ခေတ္တ ခဏမျှသာ ဖြစ်သည်။ ရုတ်တရက် မိခင် လင်းယုန်ငှက် ကြီက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူမ၏ အတောင်ပေါ်မှ လင်းယုန် ငှက်ပေါက် ကလေး ကို ပြုတ်ကျသွားအောင် ခါချလိုက်သည်။ ဟုတ်ပါသည်။ လင်းယုန် ငှက်ပေါက်ကလေးမှာ မိုးကောင်းကင်မှ ပြုတ်ကျလာပါသည်။ ရာနှင့်ချီသော အမြင့်ပေ တစ်နေရာမှ မြေပြင်သို့ ကျဆင်းလာပါသည်။ ထိုအချိန်သည် ထို လင်းယုန် ငှက်ပေါက်ကလေး၏ ပထမဦးဆုံး ပျံသန်းမှု အတွေ့အကြုံ တစ်ခု ဖြစ်လာပါသည်။

ထိုသို့ ပထမဦးဆုံး လှုပ်ခါ ဖြုတ်ချလိုက်ပြီနောက် "ဟုတ်ပြီ၊ မင်းကောင်းကောင်း ပြန်သန်းနိုင်ပြီ။ မင်းပတ်ဝန်း ကျင်ကို ကြည့်ပါ။ မင်းအဝေးကို ထွက်သွားနိုင်ပါပြီ။" ဟုမပြောပါ။ ထိုကဲ့သို့ လုပ်မည်လည်း မဟုတ်ပါ။ လင်းယုန် ငှက်မကြီးသည် လင်းယုန် ငှက်ပေါက် ကလေးကို ၀န်းရံကာ ၀ိုင်းပတ် ပျံသန်းလျက် ရှိပါသည်။ လင်းယုန် ငှက်ပေါက်ကလေးသည် ပထဦးဆုံး အကြိမ် ပျံသန်းမှု အဖြစ် ယက်ကန် ယက်ကန်နှင့် လှုပ်ရှားနေမှုကို လင်းယုန် ငှက်မကြီးက သေချာစွာ ဂရုစိုက်ကာ ကြည့်ရှုနေပါသည်။ ထိုလင်းယုန် ငှက်ပေါက် ကလေးမှာ ကောင်းစွာ မပြန်သန်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ရှိသော အတောင်များကို မိခင်က ဖြတ်ဆီးထား သောကြောင့် ဖြစ်သည်။ လင်းယုန် ငှက်ပေါက်ကလေးမှာ ဒေါသ ချောင်းချောင်း ထွက်ကာ သူ၏ အတောင်ကို တဖျတ်ဖျတ် ခတ်နေပါလိမ့်မည်။ သူသည် လေထဲတွင် ဂျွမ်းထိုးမှောက်ခုံ ဖြစ်နေပါသည်။ ထိုလင်းယုန် ငှက်ပေါက်ကလေးသည် လေထဲတွင် ရပ်တည်နိုင်ရန် အဆင်ပြေရန် အောက်သို့ ပြုတ်ကျလျှင် အကျမနာစေရန် အမျိုးမျိုး လုပ်ဆောင် နေပါလိမ့်မည်။ သို့သော်လည်း မြေပြင်နှင့် နီးသထက် နီးလာ နေပါသည်။ မိခင် လင်းယုန်ကြီးက အန္တရာယ် ရှိလောက်သော မြေပြင်နှင့် နီးကပ် လာသော အခြေအနေတွင် သူမသည် သူမ၏ သားသမီး ရှိရာ လင်းယုန်ငှက်ပေါက် ကလေးထံသို့ အလျင်အမြန် ထိုးဆင်း ပျံသန်းလာကာ မြေပြင်သို့ မကျမှီ သူမ၏ အတောင်ပံဖြင့် ဖြန့်ကျက် ခံယူလိုက်သည်။ ထိုနောက် အမြင့်ဆုံး အထက် ကောင်းကင်သို့ တဖန် ပျံတတ်ကာ နောက်တဖန် ထိုသို့ ထပ်မံ ပြုလုပ် လိုက်လေ သည်။ နောက် တစ်ရက် တွင်လည်း အလားတူ ထပ်မံ ပြုလုပ် ပြန်လေသည်။ အကြိမ်ပေါင်း များစွာ ရက်ပေါင်းများစွာ ထိုသို့ လုပ်ပြီးသောအခါ ထို လင်းယုန် ငှက်ပေါက် ကလေး၏ အတောင်ပံတို့မှာ အတော်ပင် သန်စွမ်း ခိုင်မာလာခဲ့လေသည်။ လေထဲတွင် ပျံဝဲနေခြင်း အတွေ့ အကြုံကိုလည်း ကောင်းစွာ ရရှိနေပြီး ဖြစ်သည်။ မိခင် ကဲ့သို့ပင် ကြီးစွာသော အသံဖြင့် အော်ဟစ်ရင်း ကောင်းကင် အမြင့်တွင် နေထိုင်ရသော ဘ၀ အနှစ်သာရကို ကျေနပ် အားရနေပေလိမ့်မည်။ နောက်ဆုံးတွင် မိခင်ကဲ့သို့ ကောင်းကင်ထဲတွင် ပျံသန်း ၀ဲပျံနိုင်သော အခြေအနေသို့ ရောက်ရှိလာကာ ၀မ်းမြောက် အသက်တာ ထဲတွင် ကောင်းကင်အထက်တွင် နေထိုင်ရခြင်း အရသာကို နောက်လာ နောက်သားများအား ဆက်လက် လက်ဆင့်ကမ်းရန် တွေးတောကာ ပျော်ရွှင် နေပေ လိမ့်မည်။

အချက် (၅)
ကျွန်တော် တင်ပြလိုသော ၀ိညာဉ်ရေးရာ သမ္မာတရားမှာ မိခင် လင်းယုန် ငှက်မကြီး၏ မိမိ၏ သားသမီးများ အပေါ်တွင် ပျံသန်းမှု သင်္ခန်းစာ များအကြောင်းပင် ဖြစ်ပါသည်။ ၀ိညာဉ်ရေးရာ သမ္မာတရား တစ်ခုကို မြင်ရသည်မှာ မိခင် လင်းယုန် မကြီးသည် သူမ၏ အတောင်ပံ အစုံကို ဖြန့်ကာ သူမ၏ လင်း ယုန် ငှက်ပေါက် ကလေးများကို တဆင့် တတ်လာရန် အော်ဟစ် နေသည်မှာ အမိန့်ပေး နေသည်ဟု ကျွန်ုပ် တင်ပြခဲ့သည် မဟုတ်ပါလော။ လင်းယုန် ငှက်မကြီ၏ အတောင်ပံ အစုံ (နှစ်ခု) သည် ဓမ္မသစ် နှင့် ဓမ္မဟောင်း ကျမ်းစာ ဖြစ်သော နှုတ်ခပတ်တော်ကို ရည်ညွှန်း ဖော် ပြနေပြီး ထိုအတောင်ပံတွင် ရှိသော ငှက်မွှေးတို့မှာ တစ်ဦးချင်းနှင့် ဆိုင်သော ဘုရားသခင်၏ ဂတိတော်များ ဖြစ်ပါသည်။ ဖခင် လင်းယုန် ကြီးမှာ သူ၏ စကားများကို ကျွန်တော်တို့ တွင် သင်ကြားပေးလျက် ကျွန်တော်တို့၏ ရှေ့တွင် ထားကာ ကျွန်တော်တို့ကို နောက်တဆင့် တိုးတက် မြင့်မား လာစေရန် သင်ကြားပေး လျက်ရှိပါသည်။ သူ၏ ဂတိတော် ငှက်မွှေးတောင် များဖြင့် ကျွန်တော်တို့ကို ညင်သာ စွာ ပွတ်သပ်လျက် ကျွန်တော်တို့ကို ထိတွေ့စေပါသည်။

bald_eagle.jpgအလားတူပင် လင်းယုန် ငှက်ပေါက် ကလေးများ၏ အတွေ့ အကြုံမှာ မျှော်လင့်မထားသော လှုပ်ခါမှုကို ခံစား ခဲ့ရပြီး မိခင်၊ ဘခင်တို့၏ ကျောပေါ်မှ ပြုတ်ကျသကဲ့သို့ ခံစားခဲ့ရသည် မဟုတ်ပါလော။ ဘုရားသခင်၏ ယုံကြည် သူ လင်းယုန် ငှက်ပေါက် ကလေးများမှာလည်း သူတို့၏ ယုံကြည်ခြင်းကို စမ်းသပ်သော လှုပ်ခါမှုများကို ခံစားခဲ့ ရသည်။ ထိုသို့ လှုပ်ရှားမှုခံစားခဲ့ရပြီး ပြုတ်ကျသွားသောအခါ ဘုရားသခင်၏ ကျမ်းတော်မြတ်များတွင် ရှိသော ငှက်မွှေးတောင် ဂတိတော်များဖြင့် ပြန်လည် ရစ်ပတ် သိမ်းဆည်း ခံရပြန်သည်။ အသက်တာ၏ ကျဆင်း ဆုံး ရှုံး မှုများအတွက် လုံဝ လုံးဝ စိတ်မပျက်ပါနှင့်။ ထိုသို့ ကျဆင်းမှုအတွက် လုံဝ လုံးဝ အားမငယ်ပါနဲ့။ ဒါကြောင့် ကျတာ ဟိုဟာကြောင့် ကျဆင်းရသည်ဟု မည်သူ့ကို မှလည်း အပြစ်မတင်ပါနှင့်။ သင်သည် မိခင်၊ ဘခင် လင်းယုန် ကြီးက သွန်သင်နေသော ကောင်းကင် ပျံသန်းမှု သင်တန်းမှ ရရှိသော အတွေ့အကြုံ အဖြစ် သိမှတ် ထားပါ။

မိခင် ဘခင် လင်းယုန် ငှက်ကြီးများက သင့်ကို လုံးလုံး ပြုတ်ကျမသွားစေရန် စောင့်ကြည့်လျက် ရှိပါသည်။ သင်သည် ဘုရားသခင်၏ ယုံကြည်မှု စမ်းသပ် သင်တန်းကာလအတွင်း ပြုတ်ကျသွားခဲ့လျှင် ဘခင် လင်းယုန် ငှက်ကြီးက သေချာစွာ စောင့်ကြည့်ကာ ကူညီ ကယ်တင်ပေးရန် အဆင်သင့် ရှိပါသည်။ သင့်ကို ကယ်တင်မည်။ အမြင့်ဆုံးသော အာကာသသို့ တစ်ဖန် ပြန်လည် ပို့ဆောင်ဦးမည်။ နောက်တစ်ဖန် ယုံကြည်ခြင်း စမ်းသပ်သည့် လှုပ်ခါမှုများ တစ်ဖန်ထပ်မံ ခံစားရဦမည်။ အကြိမ်ကြိမ် ခံစားဘူးပြီးသောအခါ ဘခင် လင်းယုန်ကြီးကို ကယ်တင် မစမည်ကို မျှော်လင့်တတ်လာမည်။ ယုံကြည်လာမည်။ ဘခင် လင်းယုန်ကြီး အပေါ်ထားရှိသည် ယုံကြည်ခြင်း မြင့်မားလာပြီ ဆိုပါက ထိုသို့ ပြုတ်ကျခြင်းသည် ပြသနာ အခက်အခဲတစ်ခု မဟုတ် ဆိုသည်ကို နားလည် လာ မည်။ ကယ်တင်မည့် ဘခင်ကြီးကို ယုံကြည် မျှော်လင့် အားကိုသော နှလုံးသားများဖြင့် ဘခင်ကြီးကိုသာ စေ့စေ့ ကြည့်ပြီး လေထဲတွင် အလိုက်သင့် ပျံဝဲ တတ်လာမည်။ ထိုသို့ ပျံဝဲတတ်လာပြီ ဆိုပါက ကောင်းကင် အမြင့်ဆုံး ဌာနသို့ ကိုယ်တိုင် တတ်ရောက်နိုင်ဘို့ ကိုယ်တိုင် ကျိုးစားအားထုပ်ရင်း ၀မ်းမြောက်ပိတိဖြစ်ခြင်းကို ခံစားရမည် ဖြစ်ကြောင်း ဝေငှ တိုက်တွန်းလိုက်ပါသည်။
အမြင့်ဆုံး အာကာသ ကောင်းကင်ယံတွင် ပျံဝဲ ပျော်ရွှင်နိုင်သော ဘုရားသခင်၏ ရွှေလင်းယုန် ခရစ်ယာန်များ ဖြစ်ကြပါစေ။


ဦးမင်းလွင်
ကိုးမိုင် ခရစ်ယာန်အသင်းတော်