Jun 22, 2012

"ကိုယ်တော်နှင့် နီးစေပါ" ဓမ္မသီချင်း၏ ရာဇ၀င်

ကိုယ်တော်နှင့် နီးစေပါ
Nearer,My God,toThee
သီချင်းစာသား -စာရာ၊ အက်ဖ်၊ အာဒမ်စ် ၁၈၀၅-၁၈၄၈
တေးရေး -လိုဝဲလ်မာစွန် ၁၇၉၂-၁၈၇၂
ကျမ်းညွှန်း ကမ္ဘာဦးကျမ်း၊ ၂၈း၁၀-၂၂

“ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ်၊၄း၈)။

“ကိုယ်တော်နှင့် နီးစေပါ”သီချင်းကို ဓမ္မသီချင်း ပညာကို လေ့လာသော ကျောင်းသားများ အနေနှင့် အမျိုးသမီး ဓမ္မသီချင်း ရေးသားသူများ ထဲတွင် အကောင်းဆုံးသော ဓမ္မသီချင်း ဖြစ်သည်ဟု ယူဆကြသည်။ စာရာ ဖလားဝါး အာဒမ်စ်သည် ၁၈၀၅ခု ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဟာလို၌ မွေးဖွားသည်။ သူမသည် အသက်(၄၃)နှစ်တွင် ကွယ်လွန်သည်။ ဤတိုတောင်းသော ဘဝတွင် စာရာသည် မွှေးကြိုင်သော အသက်တာ၌ အသက်ရှင်သည်။ သူသည် လန်ဒန်မြို့ရှိ မဂ်ဘက်၏ ပြဇာတ်၌ တစ်ချိန်ပါဝင် လှုပ်ရှားခဲ့သည်။ သူမ၏ စိတ်အားထက်သန်ခြင်းအတွက် သူမ၏ ကျန်းမာရေးသည် အစဉ်အမြဲ ညံ့ဖျင်းသော်လည်း သူမ၏ စာပေဆိုင်ရာ အောက်မြင်မှုများကြောင့် လူသိများသော သူဖြစ်သည်။ ၁၈၃၄တွင် သူမသည် တီထွင်သူနှင့် မြို့ပြအင်ဂျင်နီယာ တစ်ယောက်ဖြစ်သူ John Brydes Adams နှင့် လက်ထပ်ပြီး စာရာ မကွယ်လွန်မီ ဆယ့်သုံးနှစ်တိုင်တိုင် ဤထူးခြားသော စုံတွဲတို့သည် လန်ဒန်၌ပင် နေထိုင်ကြသည်။ စာရာ၏ အစွမ်း၊ ချောမောလှပခြင်း၊စွဲမက်စရာကောင်းခြင်း၊ ချီးမွမ်းတတ်သော အကျင့်တို့ကြောင့် သူမကို တွေ့သောလူတိုင်းက သူမအပေါ် စိတ်ဝင်စားကြသည်။
စာရာ၏ ညီမ၊ ဧလိဇာသည်လည်း အစွမ်းရှိသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။ အောင်မြင်သော ဂီတပညာရှင် အနေနှင့် စာရာ၏ သီချင်း စာသား များစွာတို့ကို သံစဉ်ရေးပေးသည်။ တစ်နေ့သော အခါ၌ သူတို့၏ ယူနီတီးရီးယန်း သင်းအုပ် သိက္ခာတော်ရဆရာ ဒပ်ဗလျူအမ် ဂျွန်ဆင်ဖောက်စ်သည် အသင်းတော်အတွက် သူစုဆောင်းနေသည့် ဓမ္မသီချင်း စာအုပ် ပြင်ဆင်ရာ၌ ကူညီမည်၊ မကူညီ မည်ကို ဤညီအစ်မနှစ်ယောက်အား မေးကြည့်သည်။ ဤညီအစ်မနှစ်ယောက်တို့သည် မကြာမီ ဤစီမံကိန်း၌ အလုပ်များလာကြကာ ဆက်ကပ်လာကြသည်။ သူတို့သည် စုစုပေါင်း သီချင်းစာသား ဆယ့်သုံးပုဒ်နှင့် သံစဉ်သစ် (၆၂)ပုဒ်ကို ပေးလှူကြသည်။

ဤသီချင်းအတွက် နောက်သီချင်းစာသားမှာ-ယာကုပ်သည် အစ်ကို ဧသောထံမှ ထွက်ပြေးသောအခါ သဲကန္တာရထဲ၌ မြင်မက်သော အိပ်မက်ကို အခြေပြုသည်။ သူ၏ အိပ်မက်မှ နိုးလာသောအခါ ကောင်းကင်တမန်များ ဆင်းတက်ကြသည်ကို မြင်ရာ ထိုနေရာကို “ဗေသလ” (ဘုရားသခင်၏အိမ်)ဟု ယာကုပ်မှည့်လိုက်သည်။ တစ်နေ့သောအခါ၌ ညီအစ်မနှစ်ယောက်တို့သည် မကြာမီ ပုံနှိပ်ထုတ်ဝေမည့် ဓမ္မသီချင်း စာအုပ်သစ်ကို အပြီးသတ်ရန် သူတို့၏ သင်းအုပ်ဆရာနှင့်အတူ အလုပ်များကြသည်။ သင်းအုပ် ဆရာသည် ကမ္ဘာဦးကျမ်း၊ ၂၈း၁၀-၂၂၌ မှတ်တမ်းတင် ထားသည့်အတိုင်း ယာကုပ်နှင့် ဧသောအကြောင်းနှင့် ပတ်သက်၍ သူပြင်ဆင်နေသည့် တရားဟောချက်ကို အဆုံးသတ်ရန် ဓမ္မသီချင်းတစ်ပုဒ်ကို သူရှာနေကြောင်း ပြောဆိုသည်။ ညီမဧလိဇာက “စာရာ-ကျွန်မတို့ သီချင်းစာအုပ်၌ ထည့်ဖို့ သီချင်းအသစ်တစ်ပုဒ် အတွက် အကောင်းဆုံး အကြံတစ်ခုရပါပြီ။ ယာကုပ်၏ အိပ်မက်အကြောင်းကို သင်၏ ဓမ္မသီချင်းထဲ၌ အဘယ်ကြောင့် မရေးပါသနည်း”ဟူ၍ စိတ်အားထက်သန်စွာဖြင့် ကြားဖြတ် ဝင်ရောက် မေးမြန်းသည်။

“သိပ်ကောင်းတယ်” ဟူ၍ ဝမ်းသာသော သင်းအုပ်ဆရာက ပြန်ဖြေသည်။ ထိုနေ့နောက်ပိုင်း ကမ္ဘာဦးကျမ်းကို လေ့လာရာ၌ အချိန်များစွာ အသုံးချပြီးနောက်၊ ဓမ္မဟောင်း၏ ဇာတ်ဆန်ဆန် လှုပ်ရှားမှုကို ခံစားပြီးသောအခါ စာရာသည် စတင်ရေးတော့သည်။ သူမသည် ကျမ်းစာထဲရှိ အကြောင်းအရာ တစ်ခုလုံးကို ဤအပိုဒ်ငါးပိုဒ်၌ လင်္ကာကဗျာစပ်ဆိုကာ ယနေ့ထိတိုင် အသုံးပြုရသည်။ ထိုစာသားတစ်ခုလုံးတွင် ခရစ်တော်နှင့် သူ၏အလုပ်ကို ကိုးကားခြင်းမရှိကြောင်း တစ်ခါတစ်ရံ ဝေဖန်ခြင်းကို ခံရသည်။ စာရာအဒမ် အသက်ရှင်စဉ်အတွင်းတွင် ယူနီတရီယန် အသင်းတော်သို့ ပုံမှန်တက်ရောက်ခဲ့ပါသည်။ သူမ၏ စာသား၌ ဧဝံဂေလိစိတ်ဓာတ် ပြင်းပြမှု မရှိကြောင်းကို ဤအဖွဲ့အစည်းသည် အကြောင်းအကျိုး ဖော်၍ ရှင်းပြမည်မှာ ဧကန်အမှန်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဤဓမ္မ သီချင်းသည် ပုံနှိပ် ထုတ်ဝေသော သီချင်းစာအုပ် အားလုံးနီးပါး၌ တွေ့ရပြီး တစ်ကမ္ဘာလုံးရှိ ယုံကြည်သူများ၏ စိတ်နှလုံးကို ဘုရားသခင် ဘက်သို့ ဆွဲယူနိုင်သည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ သူမ၏ ဘဝနိဂုံးမတိုင်မီ တိုတောင်းသော အချိန်ကာလ၌ စာရာအဒမ်သည် ပြောင်းလဲသော အတွေ့အကြုံ တစ်ခုရှိပြီး လန်ဒန်၌ရှိသော နှစ်ခြင်း ယုံကြည်သူများနှင့် ပေါင်းဖော် လာကြသည်မှာ နောက်ဆုံး သူ၏ အရေးအသား တချို့အားဖြင့် ထင်ရှားသည်။

“ကိုယ်တော်နှင့်နီးစေပါ” သီချင်းသည် ၁၈၄၁၌ ထုတ်ဝေသော ဓမ္မသီချင်း စာအုပ် အသစ်၌ ပါဝင်သော ဓမ္မသီချင်း တစ်ပုဒ် ဖြစ်သည်။ ၄င်းကို Hymns and Anthems အဖြစ် လူသိများပြီး ၄င်းကို အထူးသဖြင့် လန်ဒန်ရှိ Foxs’ Unifarianအသင်းတော် အတွက် ဖြစ်သည်။ ထိုသီချင်းကို ၁၈၄၄ခုနှစ်၌ အမေရိကတွင် မိတ်ဆက် သီချင်းဆိုကြသည်။ သို့သော် ယခုသံစဉ်နှင့် မတွဲမီ ၁၂နှစ် လုံးလုံး လူကြိုက် နည်းခဲ့ပါသည်။ ဤသံစဉ်ကို လိုဝဲလ်မာစွန်က စပ်ဆိုထားခြင်းဖြစ်သည်။ မာစွန်ကို အမေရိကန် အသင်းတော်နှင့် ဂီတပညာ၏ ဖခင်အဖြစ် သိမှတ်ကြသည်။ လိုဝဲလ်မာစွန်ရေးသော အခြားဓမ္မသီချင်းတို့တွင် “ဆီးနှင်းဖုံးလွှမ်း မြောက်ပြည်မှ” “ကိုယ်တော်ခံရာ ကားတိုင်ကိုသာ”၊ “လောကဝမ်းမြောက်”၊ “ယုံကြည်ခြင်းပထ္ထနာ”နှင့် “O Day of Rest and Gladness” စသည်တို့ပါဝင်သည်။

ဤဓမ္မသီချင်း အသုံးပြုခြင်းနှင့် စိတ်ဝင်စားစရာကောင်းသည့် အဖြစ်အပျက်များစွာတို့ ဒွန်တွဲနေသည်။ ၁၈၇၁ခုနှစ်တွင် ထင်ရှားကျော်ကြားသော သီအိုလိုဂျီ ပညာရှင်သုံးပါးဖြစ်ကြသည့် ပါမောက္ခဟစ်ခ်ျကော့၊ စမစ်နှင့် ပါ့(Park)တို့သည် ပါလက်စတိုင်းအတွင်း၌ ခရီးသွားနေကြစဉ် ဤသီချင်းဆိုသံကို ကြားကြသည်။ သူတို့နားသို့ ရောက်သောအခါ မိန်းမောဖွယ်ရာ ဆီးရီးယန်း ကျောင်းသားငါးဆယ်တို့သည် သစ်ပင်များ၏အောက်၌ ဝိုင်း၍မတ်တတ်ရပ်ကြကာ Nearer My God, to Thee ကို အရဗ္ဗိစကားနှင့် သီဆိုနေကြသည်ကို တွေ့ကြသည်။ ပရော်ဖက်ဆာဟစ်ခ်ျကော့က နောက်ပိုင်း၌ ပြောသည်မှာ “ထှိုဆီးရီးယန်းလူငယ်များ သီဆိုသည့် ခရစ်ယာန် ဓမ္မသီချင်းသည် သူ့အားမျက်ရည်ကျစေပြီး ယခင်က သူကြားဖူးသည့် သီချင်းဆိုခြင်းများထက် ပို၍ သူ့စိတ်ကို ထိခိုက်စေသည်” ဟုဆိုသည်။

၁၈၈၉ မေ(၂၁)ရက်၏ Johns Town မြို့ ရေလွှမ်းမိုးသည့်အချိန်အတွင်းတွင် ရထားတစ်စီးသည် ဝဲထသောရေထဲ၌ အမြန်ပြေးလာသည်။ ကားတစ်စီးမှာ မှောက်သွားသည်။ ၄င်းအထဲတွင်မူကား အရှေ့ဖျားဒေသသို့ သွားမည့် သာသနာပြု ဆရာမဖြစ်ဟန်တူသော အမျိုးသမီး တစ်ယောက်မှာ လွတ်လပ်ရန် မျှော်လင့်ချက်မရှိဘဲ ပိတ်မိနေသည်။ အမျိုးသမီးငယ်တစ်ယောက်သည် ထိုဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းကို ကြည့်ပြီး ကြောက်ရွံ့သောလူထုကြီးကို တိတ်ဆိတ်စွာ စကားပြောနေသည်။ ထို့နောက် သူမသည် ဆုတောင်းပြီး နောက်ဆုံးတွင် “ကိုယ်တော်နှင့်နီးစေပါ”ဓမ္မသီချင်းကို သီဆိုရာ ဝမ်းနည်းပြီး ကိုယ်ချင်းစာသည့် လူထုက သူမနှင့်အတူ ပူးပေါင်းပြီး သီဆိုလာကြသည်။ သူမ သီဆိုနေသော အချိန်တွင် သူမချစ်ပြီး အမှုတော်ကို ဆောင်ရွက်ရန် ဆန္ဒရှိသည့် ဘုရားသခင် ရှိရာသို့ နေရာချခြင်း ခံရသည်။

ဤဓမ္မသီချင်းသည် ကမ္ဘာ့ ခေါင်းဆောင်ကြီးများ ကြိုက်နှစ်သက်သော သီချင်းတစ်ပုဒ် ဖြစ်လာသည်။ မာတုရ သမ္မတ ဝီလျံမဂ်ကင်းလီး ကြိုက်နှစ်သက်သော သီချင်းဖြစ်ပြီး သူ၏ နောက်ဆုံးအသက် ကုန်ခါနီးတွင်ပင် ဤသီချင်းစာသားများ တီးတိုးရွတ်သည်ကို ကြားသည်ဟု အဆိုရှိ၏။ ဤသီချင်းကို သူ၏ အသုဘ၌ သီဆိုကာ ၁၉၀၁ခု တစ်နိုင်ငံလုံး၏၌ ပြုလုပ်သော အောက်မေ့ဖွယ် အစည်းအဝေး၌လည်း သီဆိုရသည်။ ကံကြမ္မာဆိုးသော တိုင်တန်းနစ် သင်္ဘောကြီး နစ်မြုပ်ရာ၌ ထင်ရှားသော အဖြစ်အပျက် တစ်ခုလည်းရှိသည်။ ၄င်းသည် ၁၉၁၂ခုနှစ်တွင် ရေခဲသော အတ္တလန္တိတ် သမုဒ္ဒရာအထဲသို့ ထိုးကျသွားပြီး လူအယောက် ၁၅၀၀ကို နောက်ဘဝသို့ ပို့စဉ် သင်္ဘော၏ သံစုံတူရိယာအဖွဲ့သည် ဤဓမ္မသီချင်းကို တီးခတ်သီဆိုကြသည်။

သီချင်းရေးသူသည် Unitarian နှင့် ဆက်သွယ်ပေါင်းစပ်သော်လည်း ဤဓမ္မသီချင်းသည် နေရာတကာ၌ရှိသော သူ၏ လူများစွာတို့ကို ဝိညာဉ်ရေးရာ နှစ်သိမ့်မှုနှင့် ကောင်းချီး မင်္ဂလာကို ရရှိစေရန် ဘုရားသခင် အသုံးပြုသော သီချင်းဖြစ်သည်ဟု အဆုံးသတ်ရမည်ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သိရန်နှင့် သူ၏ နီးကပ်မှုနှင့် အောင်မြင်ခြင်းကို ခံစားရန် တောင့်တခြင်းကို ၄င်းက ဖော်ပြ ထားသည်။